[1] ထို့နောက် ယေရှုသည် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံရန် ဝိညာဉ်တော်အားဖြင့် တောကန္တာရသို့ပင့်ဆောင်ခြင်းကိုခံတော်မူ၏။
[2] နေ့ပေါင်းလေးဆယ်နှင့် ညပေါင်းလေးဆယ် အစာရှောင်ပြီးနောက် ဆာလောင်တော်မူ၏။
[3] ထိုအခါ ဖြားယောင်းသွေးဆောင်သောသူသည် ချဉ်းကပ်လာ၍ “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
[4] ကိုယ်တော်ကလည်း“ ‘ လူ သည် မုန့် အားဖြင့် သာ အသက်ရှင် သည် မ ဟုတ် ။ ဘုရားသခင် ၏ နှုတ် တော် ထွက် စကား ရှိသမျှ အားဖြင့် အသက်ရှင် ၏ ’ ဟူ၍ ကျမ်းစာ ၌ ရေး ထား သည် ” ဟု မိန့်တော်မူ၏။
[5] ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို သန့်ရှင်းသောမြို့တော်သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ ရပ်စေပြီးလျှင်
[6] “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် အောက်သို့ခုန်ချပါ။ အကြောင်းမှာ ‘ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန် တို့ ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့်ချီပင့်ကြလိမ့်မည်’ ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။
[7] ယေရှုကလည်း“ ‘ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို အကဲ မ စမ်း ရ ’ ဟူ၍ လည်း ကျမ်းစာ ၌ ရေး ထား သည် ” ဟု မိန့်တော်မူ၏။
[8] တစ်ဖန် မာရ်နတ်သည် ကိုယ်တော်ကို အလွန်မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွား၍ လောကီနိုင်ငံအားလုံးနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကိုညွှန်ပြကာ
[9] “သင်သည် ပျပ်ဝပ်လျက် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးတို့ကို သင့်အား ငါပေးမည်”ဟု လျှောက်လေ၏။
[10] ယေရှုကလည်း“ အချင်း စာတန် ၊ ထွက်သွား လော့ ။ ‘ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို ရှိခိုး ၍ ထို အရှင် တစ်ပါးတည်း ကို သာ ဝတ်ပြု ရ မည် ’ ဟူ၍ ကျမ်းစာ ၌ ရေး ထား သည် ” ဟု မိန့်တော်မူ၏။
[11] ထိုအခါ မာရ်နတ်သည် ကိုယ်တော်ထံမှ ထွက်ခွာသွား၍ ကောင်းကင်တမန်များသည် ချဉ်းကပ်လာလျက် ကိုယ်တော်ကိုပြုစုကြ၏။
[12] ယောဟန်အကျဉ်းချခံရကြောင်းကို ယေရှုသည်ကြားလျှင် ဂါလိလဲနယ်သို့ ကြွတော်မူ၏။
[13] ထို့နောက် နာဇရက်မြို့ကိုစွန့်ခွာ၍ ပင်လယ်ကမ်းနား၌ရှိသော ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။ ထိုမြို့သည် ဇာဗုလုန်နယ်နှင့်နဿလိနယ်ဆိုင်ရာအရပ်ဒေသ၌ရှိ၏။
[14] ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
[15] မိန့်တော်မူချက်မှာ “ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ ပင်လယ်လမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ လူမျိုးခြားတို့၏ဂါလိလဲနယ်၊
[16] အမှောင်ထဲ၌နေထိုင်သောသူတို့သည် ကြီးမားသောအလင်းကိုမြင်ရကြ၍ သေခြင်းအရိပ်လွှမ်းမိုးသောပြည်၌ နေထိုင်သောသူတို့ထံသို့ အလင်းပေါ်ထွက်လာပြီ” ဟူ၍ဖြစ်၏။
[17] ထိုအချိန်မှစ၍ ယေရှုသည်“ ကောင်းကင် နိုင်ငံ တော် ပေါ်ထွန်း လုနီး ပြီ ဖြစ်၍ နောင်တရ ကြ လော့ ” ဟု စတင်ဟောပြောတော်မူ၏။
[18] ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
[19] ကိုယ်တော်က“ ငါ့ နောက် သို့ လိုက် ကြ လော့ ။ သင် တို့ အား လူ ကို ဖမ်း သော တံငါသည် ဖြစ် စေ မည် ” ဟု သူတို့အား မိန့်တော်မူလျှင်
[20] သူတို့သည် ချက်ချင်းပင် ပိုက်ကွန်များကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
[21] တစ်ဖန် ထိုနေရာမှ ဆက်၍ကြွတော်မူရာ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်တို့သည် သူတို့၏ဖခင်ဇေဗေဒဲနှင့်အတူ လှေထဲ၌ မိမိတို့၏ပိုက်ကွန်များဖာထေးနေကြသည်ကိုမြင်၍ သူတို့ကိုခေါ်တော်မူ၏။
[22] သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် သူတို့၏ဖခင်ကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
[23] ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်း များ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
[24] ထိုအခါ ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားသဖြင့် လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဝေဒနာခံစားနေရသူများ၊ နတ်ဆိုးပူးသူများ၊ ဝက်ရူးပြန်ရောဂါစွဲသောသူများနှင့် လေဖြတ်သောသူများ စသည့်နာမကျန်းဖြစ်သူအပေါင်းတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် သူတို့ကို ကျန်းမာစေတော်မူ၏။
[25] သို့ဖြစ်၍ ဂါလိလဲနယ်၊ ဒေကာပေါလိနယ်၊ ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့မှ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြ၏။