[1] ထိုအချိန်တွင် နယ်စားဟေရုဒ်သည် ယေရှု၏သတင်းတော်ကိုကြား၍
[2] သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။
[3] အကြောင်းမူကား ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲ၌ချထားခဲ့၏။
[4] အဘယ်ကြောင့်ဆိုသော် ယောဟန်က “သင်သည် ထိုအမျိုးသမီးကို သိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ဟေရုဒ်အား ပြောခဲ့သောကြောင့်ဖြစ်၏။
[5] ဟေရုဒ်သည် ယောဟန်ကိုသတ်လိုသော်လည်း လူထုကိုကြောက်လေ၏။ အကြောင်းမူကား သူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် မှတ်ယူကြ၏။
[6] သို့သော် ဟေရုဒ်၏မွေးနေ့ရောက်လာသောအခါ ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြလျက် ဟေရုဒ်ကို နှစ်သက်စေ၏။
[7] ထို့ကြောင့် ဟေရုဒ်သည် သင်တောင်းသမျှကိုပေးမည်ဟု သူ့အား ကတိသစ္စာပြုလေ၏။
[8] ထိုအခါ မိန်းကလေးသည် မိခင်၏တိုက်တွန်းချက်အရ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်းပေါ်တင်၍ ကျွန်မအားပေးပါ”ဟု တောင်းဆိုလေ၏။
[9] မင်းကြီးသည် စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ မိမိနှင့်အတူစားသောက်ပွဲ၌ထိုင် နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ ပေးလိုက်ရန် အမိန့်ပေးကာ
[10] လူကိုစေလွှတ်ပြီး ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်စေ၏။
[11] ထို့နောက် ယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေသော် သူသည် မိမိ၏မိခင်ထံသို့ ယူဆောင်သွားလေ၏။
[12] ထိုအခါ ယောဟန်၏တပည့်တို့သည်လာ၍ အလောင်းကိုယူဆောင်သွားပြီးလျှင် သူ့ကိုသင်္ဂြိုဟ်ကြလေ၏။ ထို့နောက် ယေရှုထံလာ၍ ကြားလျှောက်ကြ၏။
[13] ယေရှုသည် ထိုသတင်းကိုကြားသောအခါ ထိုအရပ်မှ လူသူကင်းဝေးရာအရပ်သို့ လှေဖြင့် တစ်ကိုယ်တည်းကြွတော်မူ၏။ သို့သော် လူထုပရိသတ်များသည် ကြားသိလျှင် မြို့ရွာများမှထွက်၍ နောက်တော်သို့ ကုန်းကြောင်းဖြင့်လိုက်ကြ၏။
[14] ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
[15] ညနေချမ်းအချိန်ရောက်သောအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်း လွန်နေပါပြီ။ လူထုပရိသတ်တို့သည် ကျေးရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
[16] သို့သော် ယေရှုက“ သူ တို့ သွား ရန် မ လို ။ သင် တို့ ကိုယ်တိုင် သူ တို့ အား စား စရာ ပေး ကြ လော့ ” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
[17] တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့တွင် ဤနေရာ၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတစ်ပါး မည်သည့်အရာမျှမရှိပါ”ဟု ကိုယ်တော်အားလျှောက်ကြ၏။
[18] ကိုယ်တော်ကလည်း“ ၎င်း တို့ ကို ငါ့ ထံ ဤ နေရာ သို့ ယူ ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။
[19] ထို့နောက် လူထုပရိသတ်တို့ကို မြက်ခင်းပေါ်ထိုင်ကြရန် အမိန့်ပေးတော်မူ၍ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူလျက် မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။
[20] လူအပေါင်းတို့သည် စား၍ဝကြ၏။ ထို့နောက် ကြွင်းကျန်သောမုန့်အကျိုးအပဲ့များကိုကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
[21] စားသောသူတို့မှာ အမျိုးသမီးများနှင့်ကလေးသူငယ်များမပါဘဲ ယောက်ျားငါးထောင်ခန့်ရှိ၏။
[22] ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းသို့ မိမိရှေ့မှကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
[23] လူထုပရိသတ်များကို ပြန်လွှတ်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့ တစ်ကိုယ်တည်းတက်တော်မူ၏။ ညနေချမ်းအချိန်ရောက်သောအခါ ထိုနေရာ၌ ကိုယ်တော်တစ်ပါးတည်းရှိတော်မူ၏။
[24] ထိုစဉ် လှေသည် ကမ်းမှအတော် ဝေးကွာနေပြီး လေဆန်ဖြစ်သောကြောင့် လှိုင်းများ၏ရိုက်ခတ်ခြင်းကိုခံနေရ၏။
[25] မိုးသောက်ယံအချိန် ၌ ကိုယ်တော်သည် ပင်လယ်ပေါ်တွင် လမ်းလျှောက်လျက် သူတို့ထံသို့ ကြွတော်မူ၏။
[26] တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တုန်လှုပ်ချောက်ချား၍ “တစ္ဆေ”ဟု အလန့်တကြားအော်ဟစ်ကြ၏။
[27] သို့သော် ယေရှုက“ မစိုးရိမ် ကြ နှင့် ။ ငါ ပင် ဖြစ် ၏ ။ မ ကြောက် ကြ နှင့် ” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
[28] ထိုအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်ဖြစ်သည်မှန်လျှင် ကိုယ်တော်ထံသို့ ရေပေါ်မှာလျှောက်လာရမည့်အကြောင်း အကျွန်ုပ်ကို အမိန့်ပေးတော်မူပါ”ဟု လျှောက်လေ၏။
[29] ကိုယ်တော်ကလည်း“ လာ ခဲ့ လော့ ” ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
[30] သို့သော် ပြင်းထန်သောလေကိုမြင်လျှင် ကြောက်၍ ရေနစ်စပြုသည်နှင့် “သခင်ဘုရား၊ အကျွန်ုပ်ကိုကယ်တော်မူပါ”ဟု အော်ဟစ်လေ၏။
[31] ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ ယုံကြည် ခြင်း အားနည်း သော သူ ၊ အဘယ်ကြောင့် သံသယ ဖြစ် သနည်း ” ဟု မိန့်တော်မူ၏။
[32] ထို့နောက် သူတို့သည် လှေပေါ်သို့တက်ကြရာ လေသည် ငြိမ်သွားလေ၏။
[33] ထိုအခါ လှေပေါ်၌ရှိသောသူတို့သည် ကိုယ်တော်ကိုရှိခိုးလျက် “ကိုယ်တော်သည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်ပါ၏”ဟု လျှောက်ကြ၏။
[34] ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်ကြ၏။
[35] ထိုအရပ်၌ရှိသောလူတို့သည် ကိုယ်တော်ကိုမှတ်မိကြသဖြင့် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ လူကိုစေလွှတ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာပြီးလျှင်
[36] သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။