Skip to content
Opens in a new window
Listen to this chapter • 3:36

[1] ထို​နေ့ရက်​ကာလ​၌ ဗတ္တိဇံ​ဆရာ​ယောဟန်​သည်​ပေါ်ထွန်း​လာ ​၍

[2] “ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။

[3] ပရောဖက်​ဟေရှာယ​က “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့” ​ဟု ဆို​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။

[4] ယောဟန်​သည် ကုလားအုပ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။

[5] ထိုအခါ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​တစ်​နယ်​လုံး​နှင့် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​၌​ရှိ​သော​သူ​တို့​သည် ယောဟန်​ထံသို့​သွား​၍

[6] မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ ​ခံ​ကြ​၏။

[7] သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။

[8] သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။

[9] ‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။

[10] ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။

[11] ငါ​သည် သင်​တို့​ကို နောင်တ​အတွက် ရေ​၌ ​ဗတ္တိဇံ​ပေး​၏။ သို့သော် ငါ့​ထက် ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။

[12] လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်” ​ဟု ဆို​လေ​၏။

[13] ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။

[14] သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​က​သာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။

[15] ယေရှု​က​လည်း“ ယခု အခါ တွင် အခွင့် ပေး လော့ ။ အကြောင်းမူကား ငါ တို့ သည် ဖြောင့်မတ် ခြင်း အလုံးစုံ ကို ဤသို့ ပြည့်စုံ စေ သင့် ၏ ” ​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။

[16] ယေရှု​သည် ဗတ္တိဇံ​ခံ​ပြီးနောက် ရေ​ထဲမှ​ထွက်​လာ​သည်နှင့် ကောင်းကင်​သည်​ပွင့်​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​ကာ မိမိ​အပေါ်သို့ ကြွလာ​တော်မူ​သည်​ကို မြင်​တော်မူ​၏။

[17] ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။

ရှင်မသ္သဲခရစ်ဝင် — Chapters