[1] ယေရှုသည် ဤတရားစကားအားလုံးတို့ကို မိန့်တော်မူပြီးသောအခါ တပည့်တော်တို့အား
[2] “ ပသခါ ပွဲတော် ကျရောက် ရန် နှစ် ရက် သာ လို တော့ သည် ကို သင် တို့ သိ ကြ ၏ ။ ထိုအခါ လူ့သား ကို လက်ဝါးကပ်တိုင် ပေါ်၌ တင် ရန် အပ်နှံ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[3] ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများ နှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
[4] ယေရှုကို ပရိယာယ်အားဖြင့်ဖမ်းဆီး၍ သတ်ဖြတ်ရန် တိုင်ပင်ကြ၏။
[5] သို့သော် သူတို့က “လူထုကြားထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်မည်ကို စိုးရိမ်ရသည်ဖြစ်၍ ပွဲတော်အတွင်း မဖမ်းကြနှင့်”ဟု ပြောဆိုကြ၏။
[6] ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်၌ ယေရှုရှိတော်မူစဉ်
[7] အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင် နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။
[8] တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။
[9] ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။
[10] ယေရှုသည် သိတော်မူ၍“ ဤ အမျိုးသမီး ကို အဘယ်ကြောင့် နှောင့်ယှက် ကြ သနည်း ။ အမှန်စင်စစ် သူ သည် ငါ့ အတွက် ကောင်း သော အမှု ကို ပြု လေ ပြီ ။
[11] အကြောင်းမူကား ဆင်းရဲသား တို့ သည် သင် တို့ နှင့်အတူ အစဉ် ရှိ ကြ ၏ ။ ငါ မူကား သင် တို့ နှင့်အတူ အစဉ် ရှိ သည် မ ဟုတ် ။
[12] ဤ အမျိုးသမီး သည် ဆီမွှေး ကို ငါ့ ကိုယ် ပေါ်၌ သွန်းလောင်း ခဲ့ ခြင်း မှာ ငါ့ ကို သင်္ဂြိုဟ် ရန် ပြင်ဆင် ခြင်း ဖြစ် ၏ ။
[13] သင် တို့ အား ငါ အမှန် ဆို မည် ။ ကမ္ဘာ တစ်ဝန်းလုံး တွင် ကောင်းမြတ် သော သတင်း ကို ဟောပြော သည့် နေရာ တိုင်း ၌ ဤ အမျိုးသမီး ပြု ခဲ့ သော အမှုအရာ ကို လည်း သူ ၏ အမှတ်တရ အဖြစ် ပြောကြား ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[14] ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
[15] “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
[16] ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
[17] တဆေးမဲ့မုန့်ပွဲတော် ၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
[18] ကိုယ်တော်ကလည်း“ မြို့ ထဲသို့ သွား ၍ တစ် ယောက် သော သူ အား ‘ ငါ ၏ အချိန် နီး ပြီ ။ ပသခါ ပွဲတော် ကို သင့် ထံ၌ ငါ ၏ တပည့် များ နှင့်အတူ ကျင်းပ မည် ’ ဟူ၍ ဆရာ က မှာ လိုက် သည် ဟု ထို သူ အား ပြော ကြ လော့ ” ဟူ၍ မိန့်တော်မူ၏။
[19] ထို့ကြောင့် တပည့်တော်တို့သည် မိမိတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီး ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
[20] ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။
[21] သူတို့သည်စားလျက်နေကြစဉ် ကိုယ်တော်က“ သင် တို့ အား ငါ အမှန် ဆို သည် ကား သင် တို့ အထဲမှ တစ် ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[22] ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။
[23] ကိုယ်တော်ကလည်း“ ငါ နှင့်အတူ တစ် ပန်းကန် ထဲတွင် လက် နှိုက် သော သူ သည် ငါ့ ကို အပ်နှံ လိမ့်မည် ။
[24] လူ့သား သည် မိမိ နှင့် ပတ်သက်၍ ရေး ထား သည့် အတိုင်း သွား ရ မည် မှန် ၏ ။ သို့သော် လူ့သား ကို အပ်နှံ သော သူ သည် အမင်္ဂလာရှိ ၏ ။ ထို သူ သည် မ မွေးဖွား လာ ခဲ့ လျှင် သူ့ အတွက် သာ၍ ကောင်း ပေ လိမ့်မည် ” ဟု မိန့်တော်မူ၏။
[25] ထိုအခါ ကိုယ်တော်ကိုအပ်နှံတော့မည့်ယုဒက “ရဗ္ဗိ ၊ အကျွန်ုပ်လော”ဟု မေးလျှောက်သော် ကိုယ်တော်က“ သင် ပြော သည့် အတိုင်း ပေတည်း ” ဟု မိန့်တော်မူ၏။
[26] ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက်“ ယူ ၍ စား ကြ လော့ ။ ဤ မုန့် ကား ငါ ၏ ကိုယ်ခန္ဓာ ဖြစ် ၏ ” ဟု မိန့်တော်မူ၏။
[27] ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အားပေးလျက်“ သင် တို့ အားလုံး ဤ ခွက် ကို သောက် ကြ လော့ ။
[28] ဤသည်ကား အပြစ် များ ခွင့်လွှတ် ခြင်း ကျေးဇူး အတွက် လူ များစွာ အဖို့ သွန်းလောင်း သည့် ပဋိညာဉ် နှင့်ဆိုင်သော ငါ ၏ သွေး ဖြစ် ၏ ။
[29] သင် တို့ အား ငါ ဆို သည် ကား ငါ့ ခမည်းတော် ၏ နိုင်ငံ တော် ၌ သင် တို့ နှင့်အတူ အသစ် ပြန် သောက် မည့် ထို နေ့ရက် တိုင်အောင် ယခု မှစ၍ စပျစ် သီး မှ ဖြစ် သော ဤ အရည် ကို ငါ လုံးဝ သောက် မည် မ ဟုတ် ” ဟု မိန့်တော်မူ၏။
[30] ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
[31] ထိုအခါ ယေရှုက“ ‘ ငါ သည် သိုးထိန်း ကို ခုတ် သတ် သဖြင့် သိုး အုပ် သည် ကွဲလွင့် သွား ရ လိမ့်မည် ’ ဟု ကျမ်းစာ ၌ ရေး ထား သည် ဖြစ်၍ ဤ ည ၌ သင် တို့ အားလုံး သည် ငါ့ ကြောင့် စိတ်ပျက် ကြ လိမ့်မည် ။
[32] သို့သော် ငါ သည် ထမြောက် ပြီးနောက် ဂါလိလဲ နယ် သို့ သင် တို့ ထက် အလျင် ဦးစွာ သွား နှင့် မည် ” ဟု မိန့်တော်မူ၏။
[33] ထိုအခါ ပေတရုက “ကိုယ်တော်ကြောင့် အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စိတ်ပျက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
[34] ယေရှုကလည်း“ သင့် အား ငါ အမှန် ဆို သည် ကား ဤ ည တွင် ပင် ကြက် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ဟု မိန့်တော်မူ၏။
[35] ပေတရုက “အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူသေရလျှင်ပင် ကိုယ်တော်ကို လုံးဝမငြင်းပယ်ပါ”ဟု လျှောက်လေ၏။ တပည့်တော်အားလုံးတို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
[36] ထို့နောက် ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ ငါ သည် ထို နေရာ သို့ သွား ၍ ဆုတောင်း စဉ် တွင် ဤ နေရာ ၌ ထိုင် နေ ကြ လော့ ” ဟု မိန့်တော်မူပြီးလျှင်
[37] ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့်
[38] “ ငါ ၏ စိတ် ဝိညာဉ် သည် သေ လုမတတ် အလွန် ဝမ်းနည်း ခြင်း ရှိ ၏ ။ ဤ နေရာ ၌ နေ ၍ ငါ နှင့်အတူ သတိ နှင့် စောင့် နေ ကြ လော့ ” ဟု မိန့်တော်မူ၏။
[39] ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“ အကျွန်ုပ် ၏ အဖ ၊ ဖြစ်နိုင် လျှင် ဤ ခွက် ကို အကျွန်ုပ် ထံမှ လွန် သွား စေ တော်မူ ပါ ။ သို့သော် အကျွန်ုပ် ၏ အလို အတိုင်း မ ဟုတ် ဘဲ ကိုယ်တော် ၏ အလို တော် အတိုင်း ဖြစ် စေ တော်မူ ပါ ” ဟု ဆုတောင်းတော်မူ၏။
[40] ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“ သင် တို့ သည် တစ် နာရီ မျှ ငါ နှင့်အတူ သတိ နှင့် မ စောင့် နိုင် ကြ သလော ။
[41] ဖြားယောင်း သွေးဆောင် ရာ ထဲသို့ မ ကျရောက် စေရန် သတိ နှင့် စောင့် နေ လျက် ဆုတောင်း ကြ လော့ ။ စိတ် ဝိညာဉ် သည် ထက်သန် သော်လည်း ကိုယ်ကာယ မူကား အားနည်း ၏ ” ဟု မိန့်တော်မူ၏။
[42] တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“ အကျွန်ုပ် ၏ အဖ ၊ ဤ ခွက် ကို အကျွန်ုပ် မ သောက် ဘဲ လွန် သွား ရန် မ ဖြစ်နိုင် ပါက ကိုယ်တော် ၏ အလို တော် အတိုင်း ဖြစ် စေ တော်မူ ပါ ” ဟု ဆုတောင်းတော်မူ၏။
[43] ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင်
[44] သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။
[45] ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ ယခု တိုင်အောင် အိပ်ပျော် လျက် အနားယူ နေ ကြ သလော ။ ကြည့်ရှု လော့ ။ အချိန် ရောက်လာ ပြီ ။ လူ့သား သည် အပြစ်သား တို့ ၏ လက် သို့ အပ်နှံ ခြင်း ခံရ တော့မည် ။
[46] ထ ကြ ။ သွား ကြ စို့ ။ ငါ့ ကို အပ်နှံ မည့် သူ ရောက်လာ ပြီ ” ဟု မိန့်တော်မူ၏။
[47] ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
[48] ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူပင်ဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။
[49] ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
[50] ယေရှုကလည်း“ အဆွေ ၊ သင် လာ သည့် အကြောင်း ကိစ္စ ကို ဆောင်ရွက် လော့ ” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
[51] ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
[52] ယေရှုကလည်း ထိုသူအား“ သင် ၏ ဓား ကို သူ့ နေရာ ၌ ပြန်ထား လော့ ။ အကြောင်းမူကား ဓား ကိုင် သော သူ အားလုံး တို့ သည် ဓား ဖြင့် ပျက်စီး ရ လိမ့်မည် ။
[53] ယခု ပင် တစ်ဆယ့်နှစ် တပ် ထက် များပြား သော ကောင်းကင်တမန် ကို ငါ့ ထံသို့ စေလွှတ် တော်မူ မည့် အကြောင်း ခမည်းတော် ထံသို့ ငါ မ တောင်း နိုင် ဟု သင် ထင် သလော ။
[54] သို့ဖြစ်လျှင် ဤ သို့ ဖြစ် ရ မည် ဟု ဆို ထား သော ကျမ်းချက် များ သည် မည်သို့ ပြည့်စုံ ခြင်း သို့ ရောက် နိုင် မည်နည်း ”ဟု မိန့်တော်မူ၏။
[55] ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား“ သင် တို့ သည် ဓားပြ ကို ဖမ်း သကဲ့သို့ တုတ် ၊ ဓား များ ကိုင်ဆောင် လျက် ငါ့ ကို ဖမ်းဆီး ရန် လာ ကြ သလော ။ ငါ သည် နေ့တိုင်း ဗိမာန် တော် ၌ ထိုင် လျက် သွန်သင် နေ ခဲ့ သော်လည်း သင် တို့ သည် ငါ့ ကို မ ဖမ်းဆီး ကြ ။
[56] သို့သော် ဤ အမှုအရာ အားလုံး ဖြစ်ပျက် ရ ခြင်း မှာ ပရောဖက် ကျမ်း များ ပြည့်စုံ ခြင်း သို့ ရောက် မည့် အကြောင်း တည်း ” ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
[57] ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
[58] ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။
[59] ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။
[60] မမှန်သောသက်သေထွက်ဆိုသောသူ များစွာလာကြသော်လည်း မည်သည့်အထောက်အထားမျှမတွေ့ရကြ။ နောက်ဆုံးတွင် လူနှစ်ဦး သည် လာ၍
[61] “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။
[62] ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ကိုယ်တော်အားမေးလေ၏။
[63] သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
[64] ယေရှုက“ သင် ပြော သည့် အတိုင်း ပေတည်း ။ ထို့ပြင် သင် တို့ အား ငါ ဆို မည် ။ နောင်တွင် လူ့သား သည် တန်ခိုး နှင့် ပြည့်စုံ တော်မူ သော အရှင် ၏ လက်ယာ ဘက် ၌ ထိုင် ၍ ကောင်းကင် မိုးတိမ် များ စီး လျက် ကြွလာ သည် ကို သင် တို့ မြင် ရ ကြ လိမ့်မည် ” ဟု ပြန်၍မိန့်တော်မူ၏။
[65] ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။
[66] သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။
[67] ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
[68] “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
[69] ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
[70] သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။
[71] ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
[72] ပေတရုကလည်း “ထိုလူကိုငါမသိ”ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။
[73] ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။
[74] ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
[75] ထိုအခါ ပေတရုသည်“ ကြက် မ တွန် မီ သင် သည် ငါ့ ကို သုံး ကြိမ် တိုင်တိုင် ငြင်းပယ် လိမ့်မည် ” ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။