[1] ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဂျော်ဒန်မြစ်မှ ပြန်ကြွတော်မူ၏။ ထို့နောက် ဝိညာဉ်တော်၏ပင့်ဆောင်ခြင်းကိုခံတော်မူ၍
[2] တောကန္တာရ၌ ရက်ပေါင်းလေးဆယ်နေလျက် မာရ်နတ်၏ဖြားယောင်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ ထိုကာလအတွင်း၌ မည်သည့်အစာကိုမျှ မသုံးဆောင်ဘဲနေတော်မူသဖြင့် ထိုနေ့ရက်များကုန်လွန်သောအခါ ဆာလောင်တော်မူ၏။
[3] ထိုအခါ မာရ်နတ်က “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို မုန့်ဖြစ်စေရန် အမိန့်ရှိပါ”ဟု လျှောက်လေ၏။
[4] ယေရှုကလည်း“ ‘ လူ သည် မုန့် အားဖြင့် သာ အသက်ရှင် သည် မ ဟုတ် ’ ဟူ၍ ကျမ်းစာ ၌ ရေး ထား သည် ” ဟု မိန့်တော်မူ၏။
[5] ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကိုပင့်ဆောင်သွား၍ တစ်ခဏချင်းတွင် ကမ္ဘာ့နိုင်ငံအားလုံးတို့ကို ကိုယ်တော်အားညွှန်ပြကာ
[6] “ဤအခွင့်အာဏာရှိသမျှနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်တို့ကို သင့်အား ငါပေးမည်။ အကြောင်းမူကား ဤအရာကို ငါ့ထံ အပ်နှင်းထားပြီးဖြစ်၍ ၎င်းကို ငါပေးလိုသောသူအား ငါပေး၏။
[7] သို့ဖြစ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာအားလုံးသည် သင့်ဥစ္စာဖြစ်လိမ့်မည်”ဟု လျှောက်လေ၏။
[8] ယေရှုကလည်း“ ‘ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို ရှိခိုး ၍ ထို အရှင် တစ်ပါးတည်း ကို သာ ဝတ်ပြု ရ မည် ’ ဟူ၍ ကျမ်းစာ ၌ ရေး ထား သည် ” ဟု မိန့်တော်မူ၏။
[9] ထို့နောက် မာရ်နတ်သည် ကိုယ်တော်ကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွား၍ ဗိမာန်တော်ထိပ်ဖျား၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤနေရာမှ အောက်သို့ခုန်ချပါ။
[10] အကြောင်းမှာ ‘သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန် တို့ ကို သင့်အဖို့မိန့်မှာတော်မူမည်ဖြစ်၍
[11] သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေရန် သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ကြလိမ့်မည်’ ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု လျှောက်လေ၏။
[12] ယေရှုကလည်း“ ‘ သင် ၏ ဘုရားသခင် ထာဝရ ဘုရား ကို အကဲ မ စမ်း ရ ’ ဟူ၍ မိန့် တော်မူ ထား သည် ” ဟု ပြန်၍မိန့်တော်မူ၏။
[13] မာရ်နတ်သည် ဖြားယောင်းသွေးဆောင်ခြင်းအားလုံးတို့ကိုပြုပြီးနောက် အခါအခွင့်ရောက်သည်အထိ ကိုယ်တော်ထံမှ ဆုတ်ခွာသွားလေ၏။
[14] ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝလျက် ဂါလိလဲနယ်သို့ပြန်ကြွတော်မူသောအခါ ကိုယ်တော်နှင့်ပတ်သက်သောသတင်းသည် ထိုဒေသဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
[15] ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်း များတွင် သွန်သင်တော်မူရာ လူအပေါင်းတို့သည် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
[16] ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းရာနာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့တွင် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ကျမ်းစာကိုဖတ်ကြားရန် ထတော်မူလျှင်
[17] ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ
[18] “ ထာဝရ ဘုရား ၏ ဝိညာဉ် တော် သည် ငါ့ အပေါ် တည် တော်မူ ၏ ။ အကြောင်းမူကား ဆင်းရဲသား တို့ အား ကောင်းမြတ် သော သတင်း ကို ဟောပြော စေရန် ကိုယ်တော် သည် ငါ့ ကို ဘိသိက် ပေး တော်မူ ၍ ဖမ်းဆီး ချုပ်နှောင် ခြင်း ခံရ သော သူ တို့ အား လွတ်မြောက် ခြင်း အကြောင်း နှင့် မျက်မမြင် တို့ အား မျက်စိ ပြန် မြင် ခြင်း အကြောင်း ကို ဟောပြော စေရန် လည်းကောင်း ၊ ညှဉ်းဆဲ ခံရ သော သူ တို့ ကို လွတ်မြောက် ရာ သို့ ပို့ဆောင် ရန် လည်းကောင်း ၊
[19] ထာဝရ ဘုရား ၏ မင်္ဂလာ နှစ် ကို ဟောပြော စေရန် လည်းကောင်း ကိုယ်တော် သည် ငါ့ ကို စေလွှတ် တော်မူ ပြီ ” ဟူ၍ ဖြစ်၏။
[20] ထို့နောက် ကိုယ်တော်သည် ထိုကျမ်းစာလိပ်ကို လိပ်၍ အစောင့်တာဝန်ခံအားပြန်ပေးပြီး ထိုင်တော်မူလျှင် ဝတ်ပြုစည်းဝေးကျောင်းတွင်ရှိသောသူအားလုံးတို့သည် ကိုယ်တော်ကိုစေ့စေ့ကြည့်ကြ၏။
[21] ထိုအခါ ကိုယ်တော်က“ ဤ ကျမ်းချက် သည် ယနေ့ ၌ ပင် သင် တို့ ကြား ရ သည့် အတိုင်း ပြည့်စုံ လေ ပြီ ” ဟု မိန့်တော်မူ၏။
[22] လူအပေါင်းတို့သည် ကိုယ်တော်ကိုချီးကျူးကြပြီး ကိုယ်တော်၏တင့်တယ်သော နှုတ်ထွက်စကားတို့ကို အံ့သြလျက် “ဤသူသည် ယောသပ်၏သားမဟုတ်လော” ဟု ဆိုကြ၏။
[23] ကိုယ်တော်ကလည်း“ အသင် ဆေးဆရာ ၊ သင့် ရောဂါ ကို သင် ပျောက်ကင်း စေ လော့ ဟူသော ဆိုရိုး စကား အတိုင်း ‘ ကပေရနောင် မြို့ တွင် သင် ပြု ခဲ့ သည် ဟု ငါ တို့ ကြား ရ သည့် အမှု များ ကို သင် ၏ နေရင်း မြို့ ဖြစ် သော ဤ အရပ် ၌ လည်း ပြု ပါ ’ ဟု သင် တို့ သည် ငါ့ အား မုချ ပြော ကြ လိမ့်မည် ” ဟု မိန့်တော်မူပြီးနောက်
[24] “ သင် တို့ အား ငါ အမှန် ဆို သည် ကား မည်သည့် ပရောဖက် မျှ မိမိ ၏ နေရင်း မြို့ ၌ မျက်နှာ မ ရ တတ် ။
[25] ငါ သည် သင် တို့ အား ဟုတ်မှန်ရာ ကို ပြော မည် ။ ပရောဖက် ဧလိယ ၏ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုးခေါင် ၍ တစ်ပြည်လုံး တွင် ကြီးစွာ သော ငတ်မွတ် ခေါင်းပါး ခြင်း ဘေး ကျရောက် စဉ် က အစ္စရေး လူမျိုး ထဲတွင် မုဆိုးမ များစွာ ရှိ ခဲ့ ကြ ၏ ။
[26] သို့သော် ထို သူ တို့ ထဲက မည်သူ့ ထံသို့ မျှ ဧလိယ ကို စေလွှတ် တော် မ မူ ဘဲ ဆီဒုန် ပြည် ၊ ဇရတ္တ မြို့ ရှိ မုဆိုးမ တစ် ဦး ထံသို့ သာ စေလွှတ် တော်မူ ၏ ။
[27] ပရောဖက် ဧလိရှဲ လက်ထက် ၌ လည်း အစ္စရေး လူမျိုး ထဲတွင် အနာကြီး ရောဂါသည် များစွာ ရှိ ခဲ့ ကြ ၏ ။ သို့သော် ထို သူ တို့ ထဲက မည်သူ မျှ စင်ကြယ် ခြင်း သို့ မ ရောက် ဘဲ ဆီးရီးယား ပြည်သား နေမန် တစ်ဦးတည်း သာ စင်ကြယ် ခြင်း သို့ ရောက် ၏ ” ဟု မိန့်တော်မူ၏။
[28] ဝတ်ပြုစည်းဝေးကျောင်းထဲ၌ရှိသောသူအားလုံးတို့သည် ထိုစကားကိုကြားသောအခါ ပြင်းစွာဒေါသထွက်သဖြင့်
[29] ထ၍ ကိုယ်တော်ကို မြို့ပြင်သို့နှင်ထုတ်ပြီးလျှင် ကိုယ်တော်ကို တောင်ကမ်းပါးမှတွန်းချရန် ထိုမြို့တည်ရာတောင်၏ထိပ်စွန်းအထိ ခေါ်ဆောင်သွားကြ၏။
[30] သို့ရာတွင် ကိုယ်တော်သည် သူတို့အလယ်မှဖြတ်လျှောက်၍ ကြွသွားတော်မူ၏။
[31] ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်၊ ကပေရနောင်မြို့သို့ဆင်းသွား၍ ဥပုသ်နေ့၌ လူတို့ကိုသွန်သင်တော်မူ၏။
[32] ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
[33] ထိုဝတ်ပြုစည်းဝေးကျောင်းတွင် နတ်ဆိုးတည်းဟူသောညစ်ညူးသောနတ်ပူးနေသူတစ်ဦးရှိ၏။ ထိုသူသည် ကျယ်လောင်သောအသံဖြင့်
[34] “အို နာဇရက်မြို့သားယေရှု၊ ကိုယ်တော်နှင့်အကျွန်ုပ်တို့ မည်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးရန်ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ပါသည်”ဟု အော်ဟစ်လေ၏။
[35] ယေရှုကလည်း ထိုနတ်ကိုဆုံးမလျက်“ တိတ်ဆိတ် ၍ သူ့ အထဲမှ ထွက်သွား လော့ ” ဟု မိန့်တော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချ၍ အနာတရမဖြစ်စေဘဲ သူ့အထဲမှ ထွက်သွားလေ၏။
[36] လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
[37] ထိုအခါ ကိုယ်တော်၏သတင်းသည် ပတ်ဝန်းကျင်ရှိ ဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
[38] ကိုယ်တော်သည် ဝတ်ပြုစည်းဝေးကျောင်းမှထွက်ခွာပြီးလျှင် ရှိမုန်၏အိမ်သို့ကြွတော်မူ၏။ ရှိမုန်၏ယောက္ခမသည် ပြင်းထန်စွာဖျားနာလျက် ဝေဒနာခံစားနေရသဖြင့် လူတို့သည် သူ့အတွက် ကိုယ်တော်ကိုတောင်းလျှောက်ကြ၏။
[39] ကိုယ်တော်သည်လည်း ထိုအမျိုးသမီး၏အနီး၌ရပ်လျက် အဖျားအနာကိုဆုံးမတော်မူလျှင် သူသည် အဖျားပျောက်သဖြင့် ချက်ချင်းထ၍ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
[40] နေဝင်ချိန်ရောက်သောအခါ လူတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ နာမကျန်းဖြစ်သူရှိသမျှတို့ကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုလူနာအသီးသီးတို့အပေါ်သို့ လက်တော်ကိုတင်၍ သူတို့ကိုကျန်းမာစေတော်မူ၏။
[41] နတ်ဆိုးတို့ကလည်း “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏”ဟု အော်ဟစ်လျက် လူများစွာတို့အထဲမှ ထွက်သွားကြ၏။ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း ထိုနတ်ဆိုးတို့သိကြသောကြောင့် ကိုယ်တော်သည် သူတို့ကိုဆုံးမ၍ သူတို့အား စကားပြောခွင့်ပေးတော်မမူ။
[42] မိုးလင်းသောအခါ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့ ထွက်ခွာသွားတော်မူ၏။ သို့ရာတွင် လူထုပရိသတ်တို့သည် ကိုယ်တော်ကိုကြိုးစားရှာဖွေကြပြီးလျှင် အထံတော်သို့လာ၍ မိမိတို့ထံမှ ထွက်ခွာမသွားရန် ကိုယ်တော်ကိုတားဆီးကြ၏။
[43] သို့သော် ကိုယ်တော်က“ ငါ သည် အခြား သော မြို့ရွာ တို့ ၌ လည်း ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ဆိုင်သည့် ကောင်းမြတ် သော သတင်း ကို ဟောပြော ရ မည် ။ အကြောင်းမူကား ငါ သည် ဤ အတွက် စေလွှတ် ခြင်း ခံရ ၏ ” ဟု မိန့်တော်မူပြီးလျှင်
[44] ယုဒနယ် ရှိ ဝတ်ပြုစည်းဝေးကျောင်းများ၌ ဟောပြောလျက်နေတော်မူ၏။