Skip to content
Opens in a new window
Listen to this chapter • 9:52

[1] ထို့နောက် တရား​လွှတ်တော်​၌​စုဝေး​သော​သူ​အပေါင်း​တို့​သည် ထ​၍ ကိုယ်တော်​ကို ပိလတ်​မင်း​ရှေ့သို့​ခေါ်ဆောင်​သွား​ပြီးလျှင်

[2] “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​အား အခွန်​တော်​မ​ဆက်သ​ရန်​တားမြစ်​ကာ မိမိကိုယ်ကို ခရစ်တော်​တည်းဟူသော​ဘုရင်​တစ်​ပါး​ဖြစ်​ကြောင်း​ပြောဆို​၍ အကျွန်ုပ်​တို့​၏​ပြည်သူ​လူထု​ကို ဖောက်ပြန်​လမ်းလွဲ​စေ​ကြောင်း အကျွန်ုပ်​တို့​တွေ့ရှိ​ရ​ပါ​သည်”​ဟု ကိုယ်တော်​ကို​စွပ်စွဲ​ပြောဆို​ကြ​၏။

[3] ပိလတ်​မင်း​က​လည်း “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု ကိုယ်တော်​အား မေး​လျှင် ကိုယ်တော်​က“ သင် ပြော သည့် အတိုင်း ပေတည်း ” ​ဟု ပြန်ဖြေ​တော်မူ​၏။

[4] ထိုအခါ ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ပရိသတ်​များ​အား “ဤ​သူ​၌ အပြစ်​တစ်စုံတစ်ခု​ကို​မျှ ငါ​မ​တွေ့” ​ဟု ဆို​၏။

[5] သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။

[6] ပိလတ်​မင်း​သည် ထို​စကား​ကို​ကြား​လျှင် ဤ​သူ​သည် ဂါလိလဲ​နယ်သား​ဖြစ်​သလော​ဟု​မေးမြန်း​ပြီးမှ

[7] ဟေရုဒ်​အုပ်စိုး​သည့်​နယ်​မှ​ဖြစ်​ကြောင်း သိ​သောအခါ ကိုယ်တော်​ကို ဟေရုဒ်​ထံသို့​ပို့​လိုက်​၏။ ထို​အချိန်​တွင် ဟေရုဒ်​သည်​လည်း ဂျေရုဆလင်​မြို့​၌​ရောက်ရှိ​နေ​၏။

[8] ဟေရုဒ်​သည် ယေရှု​ကို​မြင်​လျှင် အလွန်​ဝမ်းမြောက်​လေ​၏။ အကြောင်းမူကား သူ​သည် ကိုယ်တော်​အကြောင်း​ကို​ကြားသိ​ထား​၍ ကိုယ်တော်​ကို​တွေ့မြင်​လို​သည်​မှာ အချိန်​ကြာမြင့်​ပြီ​ဖြစ်​ပြီး​ကိုယ်တော်​ပြု​သည့် နိမိတ်​လက္ခဏာ​တစ်စုံတစ်ခု​ကို​မြင်​ရ​ရန်​မျှော်လင့်​နေ​၏။

[9] သို့ဖြစ်၍ သူ​သည် ကိုယ်တော်​ကို​မေးခွန်း​များစွာ​မေး​လေ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အရာ​ကို​မျှ ဖြေကြား​တော်​မ​မူ​ခဲ့​ချေ။

[10] ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​သည် ထ​၍ ကိုယ်တော်​ကို​ပြင်းထန်​စွာ​စွပ်စွဲ​ကြ​၏။

[11] ဟေရုဒ်​သည်​လည်း မိမိ​စစ်သား​များ​နှင့်အတူ ကိုယ်တော်​ကို​မထီမဲ့မြင်​ပြု​လျက် ပြောင်လှောင်​ကာ တင့်တယ်​သော​ဝတ်လုံ​ကို​ဝတ်​စေ​ပြီးလျှင် ပိလတ်​မင်း​ထံသို့ ပြန်​ပို့​လေ​၏။

[12] ဟေရုဒ်​နှင့်​ပိလတ်​မင်း​တို့​သည် ယခင်​က တစ်ဦး​နှင့်​တစ်ဦး​ရန်ဘက်​ဖြစ်​ခဲ့​သော်လည်း ထို​နေ့​တွင် မိတ်ဆွေ​ဖြစ်လာ​ကြ​၏။

[13] ပိလတ်​မင်း​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ အုပ်ချုပ်သူ​များ​နှင့် လူ​များ​ကို စုဝေး​စေ​၍

[14] “သင်​တို့​သည် လူထု​ကို​မှားယွင်း​စေရန်​လှုံ့ဆော်​သူ​အဖြစ် ဤ​သူ​ကို ငါ့​ထံသို့​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် ကြည့်​လော့။ ငါ​သည် သင်​တို့​ရှေ့​မှာ​ပင် သူ့​ကို​စစ်ဆေး​ခဲ့​သော်လည်း ဤ​သူ​အပေါ် သင်​တို့​စွပ်စွဲ​သည့်​အပြစ်​တစ်စုံတစ်ခု​မျှ​မ​တွေ့။

[15] ဟေရုဒ်​သည်​လည်း အပြစ်​မ​တွေ့​သဖြင့် သူ့​ကို ငါ​တို့​ထံသို့ ပြန်​ပို့​လိုက်​၏။ သူ​သည် သေ​ထိုက်​သော​အပြစ်​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ချေ။

[16] ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု ဆို​၏။

[17] [ထိုသို့​ဆို​ခြင်း​မှာ ပိလတ်​မင်း​သည် ပွဲတော်​တွင် လူ​တစ်​ဦး​ကို လွှတ်​ပေး​ရ​သောကြောင့်​ဖြစ်​၏။]

[18] သို့သော် သူ​တို့​က “ထို​သူ​ကို​သုတ်သင်​လိုက်​ပါ။ အကျွန်ုပ်​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​ပါ”​ဟု တစ်ပြိုင်တည်း​အော်ဟစ်​ကြ​၏။

[19] ဗာရဗ္ဗ​သည် မြို့​ထဲတွင်​ဖြစ်​ခဲ့​သည့် ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​ကြောင့် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ဖြစ်​၏။

[20] ပိလတ်​မင်း​သည် ယေရှု​ကို​လွှတ်​လို​၍ လူ​တို့​အား နောက်တစ်ဖန်​မိန့်ကြား​လေ​၏။

[21] သို့သော် သူ​တို့​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ။ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။

[22] ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ ဤ​သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း။ ငါ​သည် သူ​၌ သေ​ထိုက်​သော​အပြစ်​ကို​မ​တွေ့။ ထို့ကြောင့် သူ့​ကို​ဆုံးမ​ပြီး လွှတ်​လိုက်​မည်”​ဟု တတိယ​အကြိမ် သူ​တို့​အား ဆို​လေ​၏။

[23] သို့သော် လူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကျယ်လောင်​သော​အသံ​ဖြင့် မရမက​တောင်းဆို​ကြ​သဖြင့် သူ​တို့​၏ ​အသံ​များ​သည် အနိုင်ရ​သွား​လေ​၏။

[24] ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​၏​တောင်းဆို​ချက်​အတိုင်း​လုပ်​ပေး​ရန် စီရင်​ဆုံးဖြတ်​၍

[25] ဆူပူ​အုံကြွ​မှု​နှင့် လူသတ်မှု​တို့​အတွက် ထောင်​ထဲ၌ ထည့်​ထား​ခြင်း​ခံရ​သူ​ကို သူ​တို့​တောင်းဆို​သည့်​အတိုင်း လွှတ်​ပေး​ပြီး ယေရှု​ကို​မူ သူ​တို့​ဆန္ဒ​အတိုင်း​ပြု​ရန် အပ်နှံ​လိုက်​လေ​၏။

[26] သူ​တို့​သည် ကိုယ်တော်​ကို ခေါ်ဆောင်​သွား​ကြ​စဉ် တောရွာ​မှ​လာ​သော ကုရေနေ​မြို့သား​ရှိမုန်​ကို​ဖမ်းဆီး​၍ သူ့​အပေါ်၌ လက်ဝါးကပ်တိုင်​ကို​တင်​လျက်​ထမ်း​စေ​ကာ ယေရှု​၏​နောက်​မှ လိုက်​စေ​ကြ​၏။

[27] လူ​အမြောက်အမြား​နှင့်တကွ ကိုယ်တော်​အတွက် ရင်ဘတ်​စည်တီး​လျက်​မြည်တမ်း​နေ​ကြ​သော အမျိုးသမီး​တို့​သည် ကိုယ်တော်​၏​နောက်​မှ​လိုက်​သွား​ကြ​၏။

[28] ယေရှု​သည် ထို​အမျိုးသမီး​တို့​ဘက်​သို့​လှည့်​၍“ ဂျေရုဆလင် မြို့ ၏ သမီး တို့ ၊ ငါ့ အတွက် မ ငိုကြွေး ကြ နှင့် ။ သင် တို့ နှင့် သင် တို့ ၏ သားသမီး များ အတွက် သာ ငိုကြွေး ကြ လော့ ။

[29] အကြောင်းမူကား မြုံ သော မိန်းမ ၊ သန္ဓေ မ လွယ် ဖူး သော ဝမ်း နှင့် သူငယ် မ စို့ ဖူး သော သားမြတ် တို့ သည် မင်္ဂလာရှိ ၏ ဟု ဆို ကြ မည့် နေ့ရက် များ ရောက်လာ လိမ့်မည် ။

[30] ထိုအခါ လူ တို့ သည် တောင် များ အား ‘ ငါ တို့ အပေါ်သို့ ပြိုကျ ကြ ပါ ’ ဟူ၍ လည်းကောင်း ၊ တောင်ကုန်း များ အား ‘ ငါ တို့ ကို ဖုံးအုပ် ကြ ပါ ’ ဟူ၍ လည်းကောင်း ဆို ကြ လိမ့်မည် ။

[31] အကြောင်းမူကား သူ တို့ သည် စိမ်းစို သော အပင် ကို ဤသို့ ပြု ကြ လျှင် ခြောက်သွေ့ သော အပင် ၌ မည်သို့ ဖြစ် လိမ့်မည် နည်း ” ​ဟု မိန့်​တော်မူ​၏။

[32] သူ​တို့​သည် ရာဇဝတ်သား​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ​သတ်​ရန် ခေါ်ဆောင်​သွား​ကြ​၏။

[33] ဦးခေါင်းခွံ ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။

[34] ထိုအခါ ယေရှု​က“ အို အဖ ၊ သူ တို့ သည် မိမိ တို့ ပြု နေ သော အမှု ကို မ သိ ကြ သည် ဖြစ်၍ သူ တို့ ကို ခွင့်လွှတ် တော်မူ ပါ ” ​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။

[35] လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။

[36] စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ

[37] “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပါ”​ဟု ဆို​ကြ​၏။

[38] ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ ​ကို​တပ်​ထား​၏။

[39] ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။

[40] သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။

[41] ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။

[42] ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

[43] ကိုယ်တော် ​က​လည်း“ သင့် အား ငါ အမှန် ဆို မည် ။ သင် သည် ယနေ့ ပင် ငါ နှင့်အတူ ပရဒိသု ဘုံ ၌ ရှိ မည် ” ​ဟု သူ့​အား မိန့်​တော်မူ​၏။

[44] ထို​အချိန်​ကား မွန်းတည့်​ချိန်​ခန့်​ဖြစ်​၏။ ထိုမှ​မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။

[45] နေ​၏​အလင်း​ကွယ်ပျောက်​သွား​ပြီး ဗိမာန်​တော်​ကန့်လန့်ကာ​သည် အလယ်​မှ​ကွဲ​သွား​လေ​၏။

[46] ထိုအခါ ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လျက်“ အို အဖ ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို ကိုယ်တော် ၏ လက် သို့ အပ်နှံ ပါ ၏ ” ​ဟု မြွက်ဆို​တော်မူ​၏။ ထိုသို့​မြွက်ဆို​ပြီးနောက် အသက်​ချုပ်ငြိမ်း​တော်မူ​၏။

[47] ဤ​အဖြစ်အပျက်​များ​ကို တွေ့မြင်​သော​တပ်မှူး​သည် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​လျက် “ဤ​သူ​သည် အမှန်ပင်​ဖြောင့်မတ်​သော​သူ​ဖြစ်​၏”​ဟု ဆို​လေ​၏။

[48] ထို​အမှုအရာ​ကို​ကြည့်ရှု​ရန် စုဝေး​လာ​ကြ​သော​လူထု​ပရိသတ်​အပေါင်း​တို့​သည်​လည်း ဤ​အဖြစ်အပျက်​များ​ကို​မြင်​၍ ရင်ဘတ်စည်တီး​လျက်​ပြန်​သွား​ကြ​၏။

[49] ကိုယ်တော်​ကို​သိကျွမ်း​သော​သူ​အပေါင်း​တို့​မှစ၍ ဂါလိလဲ​နယ်​မှ ကိုယ်တော်​၏​နောက်​သို့​လိုက်​လာ​ကြ​သော အမျိုးသမီး​တို့​သည် အဝေး​မှ​ရပ်​လျက် ဤ​အခြင်းအရာ​များ​ကို​ကြည့်​နေ​ကြ​၏။

[50] ထို​အချိန်အခါ​၌ ဖြောင့်မတ်​၍​သူတော်ကောင်း​ဖြစ်​သည့် ယောသပ်​အမည်​ရှိ​သော လွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ရှိ​၏။

[51] သူ​သည် လွှတ်တော်​၏​ဆုံးဖြတ်​ချက်​နှင့် လုပ်ဆောင်​ချက်​တို့​ကို သဘော​မ​တူ​ခဲ့​ပေ။ ယောသပ်​သည် ယုဒ​ပြည်၊ အရိမသဲ​မြို့သား​ဖြစ်​ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​၏။

[52] သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​ပြီးလျှင်

[53] အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ မည်သူ့​ကို​မျှ​မ​သင်္ဂြိုဟ်​ရ​သေး​သော ကျောက်​သင်္ချိုင်း​ဂူ​ထဲတွင် သွင်းထား​၏။

[54] ထို​နေ့​ကား ပြင်ဆင်​ရာ​နေ့​ဖြစ်​၍ ဥပုသ်နေ့​သို့​ကူး​ရန် နီးကပ်​လာ​ပြီ​ဖြစ်​၏။

[55] ဂါလိလဲ​နယ်​မှ ကိုယ်တော်​နှင့်အတူ​ပါ​လာ​သော အမျိုးသမီး​များ​သည်​လည်း နောက်မှ​လိုက်လာ​ကြ​၍ သင်္ချိုင်း​တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​အလောင်း​တော်​ကို မည်သို့​ထား​ကြ​သည်​ကို​လည်းကောင်း တွေ့မြင်​ကြ​၏။

[56] ထို့နောက် သူ​တို့​သည်​ပြန်​သွား​၍ ဆီမွှေး​နှင့်​အမွှေးနံ့သာ​တို့​ကို ပြင်ဆင်​ကြ​၏။ ဥပုသ်နေ့​၌​ကား ပညတ်​တော်​အတိုင်း အနားယူ​ကြ​၏။

ရှင်လုကာခရစ်ဝင် — Chapters