Skip to content
Opens in a new window
Listen to this chapter • 8:47

[1] ထို​နေ့ရက်​များ​၌ ဩဂုတ္တု​ဆီဇာ​သည် လက်အောက်ခံ​နိုင်ငံ​အားလုံး​တွင် သန်းခေါင်စာရင်း​ကောက်​ယူ​ရန် အမိန့်​ထုတ်ပြန်​လေ​၏။

[2] ဤသည်ကား ကုရေနိ​မင်း​သည် ဆီးရီးယား​ပြည်​၏​ဘုရင်ခံ​ဖြစ်​စဉ်တွင် ပထမ​အကြိမ်​သန်းခေါင်စာရင်း​ကောက်​ယူ​ခြင်း​ဖြစ်​၏။

[3] ထိုအခါ လူ​အပေါင်း​တို့​သည် သန်းခေါင်စာရင်း​ဝင်​ရန် မိမိ​တို့​ဇာတိ​မြို့​သို့ အသီးသီး​သွား​ကြ​၏။

[4] ယောသပ်​သည်​လည်း ဒါဝိဒ်​အမျိုး၊ ဒါဝိဒ်​၏​အဆက်အနွယ်​ဖြစ်​သောကြောင့် မိမိ​နှင့်​စေ့စပ်​ထား​သူ​ဖြစ်​သည့် ကိုယ်ဝန်​အရင့်အမာ​ရှိ​သော​မာရိ​နှင့်အတူ သန်းခေါင်စာရင်း​ဝင်​ရန် ဂါလိလဲ​နယ်၊ နာဇရက်​မြို့​မှ ဗက်လင်​မြို့​ဟု​ခေါ်​သော ယုဒ​နယ်​ရှိ ဒါဝိဒ်​မြို့​သို့​သွား​လေ​၏။

[6] ထို​မြို့​၌​သူ​တို့​ရှိ​နေ​ကြ​စဉ် မာရိ​သည် သားဖွား​ရန်​နေ့​လ​စေ့​သဖြင့်

[7] သား​ဦး​ကို​ဖွားမြင်​လေ​၏။ ဧည့်ရိပ်သာ​တွင် သူ​တို့​အတွက်​နေရာ​မ​ရှိ​သောကြောင့် သူငယ်​ကို​အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌​သိပ်​ထား​လေ​၏။

[8] ထို​အရပ်​ဒေသ​တွင် သိုးထိန်း​များ​ရှိ​ကြ​၍ သူ​တို့​သည်​ကွင်းပြင်​၌​နေ​လျက် မိမိ​တို့​၏​သိုးအုပ်​ကို ည​အခါ​စောင့်​နေ​ကြ​၏။

[9] ထိုအခါ ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် သူ​တို့​ရှေ့၌​ပေါ်လာ​၍ ထာဝရ​ဘုရား​၏​ဘုန်း​အသရေ​တော်​သည် သူ​တို့​ပတ်လည်​တွင်​ထွန်းလင်း​သဖြင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​တုန်လှုပ်​ကြ​၏။

[10] သို့သော် ကောင်းကင်တမန်​က “ကြောက်ရွံ့​ခြင်း​မ​ရှိ​ကြ​နှင့်။ အကြောင်းမူကား လူ​အပေါင်း​တို့​အတွက် အလွန်​ဝမ်းမြောက်​စရာ​ဖြစ်​မည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ငါ​ပြောကြား​မည်။

[11] ယနေ့​တွင် ဒါဝိဒ်​၏​မြို့​၌ သခင်​ခရစ်တော်​တည်းဟူသော​ကယ်တင်ရှင်​သည် သင်​တို့​အတွက် ဖွားမြင်​တော်မူ​ပြီ။

[12] သင်​တို့​သိ​နိုင်​သည့် အမှတ်​လက္ခဏာ​ဟူမူကား အနှီး​နှင့်​ပတ်ရစ်​ပြီး နွားစားခွက်​၌ သိပ်​ထား​သော​ကလေးငယ်​ကို သင်​တို့​တွေ့​ကြ​လိမ့်မည်”​ဟု သူ​တို့​အား မြွက်ဆို​လေ​၏။

[13] ထို​ခဏချင်း​တွင် ထို​ကောင်းကင်တမန်​နှင့်အတူ များစွာ​သော​ကောင်းကင်​ဗိုလ်ခြေ​သည်​ပေါ်လာ​၍ ဘုရားသခင်​ကို​ချီးမွမ်း​ကာ

[14] “အမြင့်ဆုံး​သော​အရပ်​၌ ဘုရားသခင်​သည် ဘုန်း​ကြီး​တော်မူ​စေ​သတည်း။ မြေကြီး​ပေါ်၌​လည်း နှစ်သက်​တော်မူ​သော​သူ​တို့​အပေါ် ငြိမ်သက်​ခြင်း​ရှိ​စေ​သတည်း”​ဟု မြွက်ဆို​ကြ​၏။

[15] ကောင်းကင်တမန်​တို့​သည် သူ​တို့​ထံမှ ကောင်းကင်​သို့​ပြန်​တက်သွား​ကြ​သောအခါ သိုးထိန်း​တို့​က “ငါ​တို့​သည်​ဗက်လင်​မြို့​သို့​သွား​၍ ငါ​တို့​အား ထာဝရ​ဘုရား​ဖော်ပြ​တော်မူ​သော​အရာ​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[16] ထို့နောက် သူ​တို့​သည် အလျင်အမြန်​သွား​၍ မာရိ​နှင့် ယောသပ်​ကို​လည်းကောင်း၊ နွားစားခွက်​၌​သိပ်​ထား​သော​ကလေးငယ်​ကို​လည်းကောင်း တွေ့​ကြ​၏။

[17] သူ​တို့​ကို​တွေ့မြင်​ကြ​ပြီးနောက် သိုးထိန်း​တို့​သည် ထို​သူငယ်​နှင့်​ပတ်သက်၍ မိမိ​တို့​အား​မြွက်ဆို​တော်မူ​သော​အရာ​ကို အနှံ့အပြား​ပြောကြား​ကြ​၏။

[18] ကြား​ရ​သော​သူ​အပေါင်း​တို့​သည်​လည်း မိမိ​တို့​အား သိုးထိန်း​တို့​ပြောဆို​သော​အကြောင်းအရာ​များ​ကြောင့် အံ့ဩ​ကြ​၏။

[19] မာရိ​မူကား ဤ​အခြင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​၍ စဉ်းစား​ဆင်ခြင်​လျက်​နေ​၏။

[20] သိုးထိန်း​တို့​သည် မိမိ​တို့​အား​မြွက်ဆို​ထား​သည့်​အတိုင်း မြင်​ရ​ကြား​ရ​သဖြင့် ထို​အမှုအရာ​အားလုံး​တို့​အတွက် ဘုရားသခင်​၏​ဘုန်း​တော်၊ ဂုဏ်​တော်​ကို ချီးမွမ်း​လျက် ပြန်​သွား​ကြ​၏။

[21] ရှစ်​ရက်​ပြည့်​၍ သူငယ်​အား အရေဖျား​လှီး​ခြင်း​ပေး​သောအခါ ဝမ်း​၌​သန္ဓေ​မ​တည်​မီ ကောင်းကင်တမန်​မှည့်​ခေါ်​ထား​သည့်​အတိုင်း သူ့​ကို ယေရှု​အမည်​ဖြင့်​မှည့်​ခေါ်​ကြ​၏။

[22] ထို့နောက် မောရှေ​၏​ပညတ်​တရား​ကျမ်း​အတိုင်း မိမိ​တို့​အတွက် စင်ကြယ်​ခြင်း​ဝတ်​ကို​ပြု​ရ​မည့်​နေ့ရက်​များ​စေ့​သောအခါ မိဘ​တို့​သည် သူငယ်​ကို ထာဝရ​ဘုရား​ထံ​ဆက်ကပ်​ရန် ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ကြ​၏။

[23] ဤသည်ကား ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​တွင် “သားဦး​ယောက်ျား​အပေါင်း​တို့​ကို ထာဝရ​ဘုရား​အတွက် သန့်ရှင်း​စေ​လျက် ဆက်ကပ်​ထား​ရ​မည်” ​ဟု ရေး​ထား​သည်​နှင့်အညီ​ဖြစ်​၏။

[24] ထို့ပြင် “ချိုးငှက်​တစ်စုံ​၊ သို့မဟုတ် ခို​ငယ်​နှစ်​ကောင်​ကို ပူဇော်​ရ​မည်” ​ဟု ထာဝရ​ဘုရား​၏​ပညတ်​တရား​ကျမ်း​၌ ဖော်ပြ​ထား​သည့်​အတိုင်း ယဇ်ပူဇော်​ကြ​ရန်​အတွက်​ဖြစ်​၏။

[25] ထိုအခါ​၌ ဂျေရုဆလင်​မြို့​တွင် ရှိမောင်​အမည်​ရှိ​သော​လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ဘုရား​တရား​ကြည်ညို​၍ ဖြောင့်မတ်​သော​သူ​ဖြစ်​ပြီး အစ္စရေး​လူမျိုး​ခံစား​ရ​မည့်​နှစ်သိမ့်​မှု​ကို စောင့်မျှော်​နေ​သူ​ဖြစ်​၏။ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ့​အပေါ်၌​တည်​သည်​ဖြစ်၍

[26] ထာဝရ​ဘုရား​၏​ခရစ်တော်​ကို​မ​မြင်​ရ​မီ သေ​ခြင်း​နှင့်​မ​ကြုံ​ရ​ဟူသော​ဗျာဒိတ်​တော်​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​ရရှိ​ထား​၏။

[27] သူ​သည် ဝိညာဉ်​တော်​အားဖြင့် ဗိမာန်​တော်​သို့​သွား​ရာ မိဘ​တို့​သည် သူငယ်​အတွက် ပညတ်​တရား​၏​ထုံးတမ်းစဉ်လာ​အတိုင်း​ပြု​ရန် သူငယ်​ယေရှု​ကို​ခေါ်ဆောင်​လာ​ကြ​၏။

[28] ထိုအခါ ရှိမောင်​သည် သူငယ်​ကို​ပွေ့ချီ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ

[29] “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အား ငြိမ်းချမ်း​စွာ​သွား​ရ​သော​အခွင့်​ကို ယခု ကိုယ်တော်​ပေး​တော်မူ​ပြီ​ဖြစ်​၏။

[30] အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ” ​ဟု ဆို​လေ​၏။

[33] သူငယ်​၏​မိခင်​နှင့်​ဖခင်​တို့​သည် သူငယ်​နှင့်​ပတ်သက်၍ ဤသို့​ပြောဆို​သည်​ကို အံ့သြ​ကြ​၏။

[34] ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။

[35] ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ဆင်ခြင်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။

[36] ထို​နေရာ​၌ အာရှာ​အနွယ်​မှ ဖနွေလ​၏​သမီး အန္န​အမည်​ရှိ​သော အသက်​ကြီးရင့်​သည့် ပရောဖက်မ​တစ်​ဦး​ရှိ​၏။ သူ​သည် ပျိုရွယ်​သော​အချိန်​မှစ၍ ခင်ပွန်း​နှင့်အတူ ခုနစ်​နှစ်​နေထိုင်​ပြီးလျှင်

[37] မုဆိုးမ​ဖြစ်​လျက် အသက်​ရှစ်ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိမာန်​တော်​မှ​မ​ခွာ​ဘဲ ဆုတောင်း​ခြင်း​နှင့် အစာရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မပြတ် ဘုရား​ဝတ်​ကို​ပြု​လျက်​နေ​၏။

[38] သူ​သည်​လည်း ထို​တစ်ချိန်တည်း​မှာပင်​ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ ဂျေရုဆလင်​မြို့​ရွေးနုတ်​ကယ်တင်​ခြင်း​ခံရ​မည်​ကို စောင့်မျှော်​နေ​သော​သူ​အပေါင်း​တို့​အား ထို​သူငယ်​၏​အကြောင်း​ကို​ပြောကြား​လေ​၏။

[39] မိဘ​တို့​သည် ထာဝရ​ဘုရား​၏​ပညတ်​တရား​နှင့်အညီ အကုန်အစင်​ပြု​ပြီး​သောအခါ မိမိ​တို့​နေရပ်​မြို့​ဖြစ်​သော ဂါလိလဲ​နယ်​ရှိ နာဇရက်​မြို့​သို့​ပြန်​သွား​ကြ​၏။

[40] သူငယ်​သည်​လည်း​ကြီးထွား​၍ ကြံ့ခိုင်​သန်စွမ်း​လာ​ကာ ဉာဏ်ပညာ​နှင့်​ပြည့်စုံ​၏။ ဘုရားသခင်​၏​ကျေးဇူး​တော်​သည်​လည်း သူ့​အပေါ်၌​တည်​လေ​၏။

[41] ယေရှု​၏​မိဘ​တို့​သည် ပသခါ​ပွဲတော် ​တွင် နှစ်​တိုင်း ဂျေရုဆလင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။

[42] ယေရှု​အသက်​တစ်ဆယ့်နှစ်​နှစ်​ရှိ​သောအခါ​၌​လည်း သူ​တို့​သည်​ပွဲတော်​၏​ဓလေ့​ထုံးစံ​အတိုင်း တက်​သွား​ကြ​၏။

[43] ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ

[44] ခရီးသွားဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်မှတ်​လျက် တစ်နေ့တာ​ခရီး​ပြု​ကြ​၏။ ထို့နောက် အဆွေအမျိုး​အသိအကျွမ်း​တို့​ကြား​တွင် လိုက်ရှာ​သော်လည်း

[45] မ​တွေ့​သဖြင့် သူ့​ကို​လိုက်ရှာ​ရင်း ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ကြ​၏။

[46] သုံး​ရက်​ကြာ​သောအခါ ယေရှု​သည် ဗိမာန်​တော်​၌ ဆရာ​များ​ကြား​တွင်​ထိုင်​၍ သူ​တို့​ကို​နားထောင်​လျက် မေးမြန်း​လျက်​နေ​သည်​ကို မိဘ​တို့​တွေ့​ကြ​၏။

[47] ယေရှု​၏​စကား​ကို​ကြား​ရ​သော​သူ​အပေါင်း​တို့​သည် သူ​၏​ဉာဏ်စွမ်း​နှင့် ဖြေကြား​ချက်​များ​ကို အံ့ဩ​ငေးမော​နေ​ကြ​၏။

[48] မိဘ​တို့​သည် သူ့​ကို​တွေ့​သောအခါ အံ့အားသင့်​၍ မယ်တော်​က “ငါ့​သား၊ အဘယ်ကြောင့် ငါ​တို့​အား ဤသို့​ပြု​ရ​သနည်း။ သင့်​ဖခင်​နှင့်​ငါ​သည် သင့်​ကို​စိုးရိမ်တကြီး​ရှာ​ခဲ့​ရ​၏”​ဟု ဆို​လေ​၏။

[49] ယေရှု​က​လည်း“ အဘယ်ကြောင့် အကျွန်ုပ် ကို ရှာ ကြ သနည်း ။ အကျွန်ုပ် သည် အကျွန်ုပ် ခမည်းတော် ၏ အိမ် ၌ နေ ရ မည် ကို မ သိ ကြ သလော ” ​ဟု သူ​တို့​အား​ပြန်ပြော​လေ​၏။

[50] သို့သော် မိဘ​တို့​သည် မိမိ​တို့​အား ယေရှု​ပြော​သော​စကား​ကို နား​မ​လည်​ကြ​ချေ။

[51] ထို့နောက် ယေရှု​သည် မိဘ​တို့​နှင့်အတူ​ပြန်သွား​၍ နာဇရက်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​နာခံ​လျက်​နေ​တော်မူ​၏။ မယ်တော်​မူကား ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို မိမိ​စိတ်နှလုံး​ထဲ၌​မှတ်ကျုံး​ထား​လေ​၏။

[52] ယေရှု​သည် ကာယ​၊ ဉာဏ​ကြီးထွား​တိုးပွား​လျက် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့၌ မျက်နှာရ​တော်မူ​၏။

ရှင်လုကာခရစ်ဝင် — Chapters