[1] အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။
[2] နှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။
[3] ခပ်သိမ်းသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် ဖြစ်လာ၏။ ဖြစ်လာသောအရာတို့တွင် တစ်စုံတစ်ခုမျှ နှုတ်ကပတ်တော်နှင့်ကင်းလွတ်၍ ဖြစ်လာခြင်းမရှိ။
[4] နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏။
[5] ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်း၍ မှောင်မိုက်သည် သူ့ကိုမလွှမ်းမိုး နိုင်။
[6] ဘုရားသခင်ထံမှစေလွှတ်ခြင်းခံရသော ယောဟန်အမည်ရှိသူတစ်ဦးပေါ်ထွန်းလာ၏။
[7] လူအပေါင်းတို့သည် သူ့အားဖြင့် ယုံကြည်လာမည့်အကြောင်း သူသည် အလင်း၏အကြောင်းကိုသက်သေခံရန် သက်သေအဖြစ်လာ၏။
[8] သူသည်အလင်းမဟုတ်။ အလင်း၏အကြောင်းကိုသက်သေခံရန်သာလာ၏။
[9] စစ်မှန်သောအလင်းသည် ဤလောကသို့ကြွလာ၍ လူအပေါင်းတို့အား အလင်းကိုပေးသောအရှင်ဖြစ်၏။
[10] ကိုယ်တော်သည် ဤလောက၌ရှိနှင့်တော်မူ၍ ဤလောကသည် ကိုယ်တော်အားဖြင့်ဖြစ်လာသော်လည်း ဤလောကသည် ကိုယ်တော်ကိုမသိ။
[11] ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
[12] သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
[13] ထိုသားသမီးတို့သည် မျိုးရိုးဇာတိ အားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။
[14] နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
[15] ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည် ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။
[16] အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
[17] အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
[18] ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရား သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
[19] ဂျူးလူမျိုး တို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
[20] ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ဝန်ခံ၍ “ငါသည် ခရစ်တော်မဟုတ်”ဟု အတိအလင်းပြောလေ၏။
[21] ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယ လော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက် လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
[22] ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။
[23] ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏” ဟု ဆို၏။
[24] ထိုသူတို့သည် ဖာရိရှဲတို့ထဲမှစေလွှတ်ခြင်းခံရသောသူများဖြစ်ကြ၏။
[25] တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံ ပေးသနည်း”ဟု မေးမြန်းကြ၏။
[26] ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
[27] ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်” ဟု ပြန်ပြော၏။
[28] ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိ ရွာတွင်ဖြစ်ပျက်ခဲ့၏။
[29] နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
[30] ‘ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သောအရှင် သည် ငါ့နောက်တွင်ကြွလာမည်’ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်၏အကြောင်းပင်ဖြစ်သည်။
[31] ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။
[32] တစ်ဖန် ယောဟန်သည် သက်သေခံသည်ကား “ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို ငါမြင်ရပြီ။
[33] ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း
[34] ငါမြင်ရသဖြင့် ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ငါသက်သေခံသည်”ဟု ဆိုလေ၏။
[35] နောက်တစ်နေ့၌ ယောဟန်သည် တစ်ဖန် မိမိ၏တပည့်နှစ်ဦးတို့နှင့်အတူ ရပ်နေစဉ်
[36] ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
[37] ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။
[38] ယေရှုသည်လှည့်၍ ထိုသူတို့လိုက်လာကြသည်ကိုမြင်လျှင်“ မည်သည့် အရာ ကို အလိုရှိ ကြ သနည်း ” ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ရဗ္ဗိ၊ ကိုယ်တော်အဘယ်မှာနေတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏အဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
[39] ယေရှုက“ လာ ကြ လော့ ။ သင် တို့ သိမြင် ရ လိမ့်မည် ” ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်လိုက်သွား၍ နေတော်မူရာအရပ်ကိုတွေ့မြင်ကြပြီး ထိုနေ့၌ ကိုယ်တော်နှင့်အတူနေခဲ့ကြ၏။ ထိုအချိန်ကား ညနေလေးနာရီ ခန့်ဖြစ်၏။
[40] ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သွားသောသူနှစ်ဦးထဲမှတစ်ဦးသည် ရှိမုန်ပေတရု၏ညီအန္ဒြေဖြစ်၏။
[41] အန္ဒြေသည် မိမိအစ်ကိုရှိမုန်ကို ဦးစွာတွေ့၍ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ”ဟု ဆိုလျက်
[42] သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူ ဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍“ သင် သည် ယောဟန် ၏ သား ရှိမုန် ဖြစ် ၏ ။ သင် သည် ကေဖ ဟု ခေါ်ဝေါ် ခြင်း ခံရ လိမ့်မည် ” ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက် ဟူ၍ဖြစ်၏။)
[43] နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင်“ ငါ့ နောက် သို့ လိုက် လော့ ” ဟု မိန့်တော်မူ၏။
[44] ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။
[45] ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
[46] နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
[47] ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ ကြည့် လော့ ။ စစ်မှန် သော အစ္စရေး အမျိုးသား ပေတည်း ။ သူ ၌ စဉ်းလဲ ခြင်း မ ရှိ ” ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
[48] နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက“ ဖိလိပ္ပု သည် သင့် ကို မ ခေါ် မီ သင် သည် သဖန်းပင် အောက်၌ ရှိ နေ သည် ကို ငါ မြင် ၏ ” ဟု ပြန်၍မိန့်တော်မူ၏။
[49] နာသနေလက “ရဗ္ဗိ ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။
[50] ယေရှုကလည်း“ သဖန်းပင် အောက်၌ သင့် ကို ငါ မြင် သည် ဟု ဆို သောကြောင့် သင် ယုံကြည် သလော ။ ဤ ထက် ကြီးမြတ် သော အရာ များ ကို သင် မြင် ရ လိမ့်မည် ” ဟု ပြန်၍မိန့်တော်မူပြီးလျှင်
[51] “ သင် တို့ အား ငါ အမှန်အကန် ဆို မည် ။ ကောင်းကင် သည် ပွင့် လျက် ဘုရားသခင် ၏ ကောင်းကင်တမန် တို့ သည် လူ့သား ၏ အပေါ်တွင် တက် လျက် ဆင်း လျက် နေ ကြ သည် ကို သင် တို့ မြင် ရ ကြ လိမ့်မည် ” ဟု မိန့်တော်မူ၏။