Skip to content
Opens in a new window
Listen to this chapter • 9:32

[1] ထို့နောက် ယေရှု​သည် ဂါလိလဲ​နယ်​တွင် လှည့်လည်​တော်မူ​၏။ အကြောင်းမှာ ဂျူး​လူမျိုး ​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ရှာကြံ​နေ​ကြ​သောကြောင့် ယုဒ​နယ်​၌​လှည့်လည်​ရန် အလို​တော်​မ​ရှိ။

[2] သို့ရာတွင် ဂျူး​လူမျိုး​တို့​၏​ပွဲတော်​တည်းဟူသော ယာယီ​တဲစု​ပွဲတော် ​နီးကပ်​လာ​သောအခါ

[3] ညီ​တော်​တို့​က ကိုယ်တော်​အား “သင်​ပြု​နေ​သော​အမှုအရာ​များ​ကို သင်​၏​တပည့်​တို့​သည်​လည်း မြင်​ရ​ရန် ဤ​အရပ်​မှ ထွက်ခွာ​၍ ယုဒ​နယ်​သို့ သွား​ပါ​လော့။

[4] မိမိကိုယ်ကို​ထင်ပေါ်​ကျော်စော​စေ​လို​၍ တစ်စုံတစ်ခု​ကို လျှို့ဝှက်​စွာ​ပြု​သော​သူ​မ​ရှိ။ သင်​သည် ဤ​အမှုအရာ​များ​ကို​ပြု​သည်​ဆို​လျှင် ဤ​လောက​၌ သင့်ကိုယ်သင်​ထင်ရှား​စေ​ပါ”​ဟု ဆို​ကြ​၏။

[5] ထိုသို့​ဆို​ကြ​ခြင်း​မှာ ညီ​တော်​တို့​ပင် ကိုယ်တော်​ကို​မ​ယုံကြည်​ကြ​သောကြောင့်​ဖြစ်​၏။

[6] ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား“ ငါ့ အချိန် မ ရောက် သေး ။ သင် တို့ အချိန် ကား အမြဲ အဆင်သင့် ဖြစ် ၏ ။

[7] လောကီသား တို့ သည် သင် တို့ ကို မ မုန်း နိုင် ။ ငါ့ ကို မူကား မုန်း ကြ ၏ ။ အဘယ်ကြောင့် ဆိုသော် ငါ သည် သူ တို့ ပြု သော အမှု များ မကောင်း ကြောင်း ကို ထောက်ပြ သောကြောင့် ဖြစ် ၏ ။

[8] ပွဲတော် သို့ သင် တို့ တက် သွား ကြ လော့ ။ ငါ့ အချိန် မ ပြည့်စုံ သေး သဖြင့် ဤ ပွဲတော် သို့ ငါ မ သွား ” ​ဟု

[9] မိန့်​တော်မူ​ပြီးလျှင် ဂါလိလဲ​နယ်​တွင် နေရစ်​တော်မူ​၏။

[10] သို့ရာတွင် ပွဲတော်​သို့ ညီ​တော်​တို့​သွား​ကြ​ပြီးနောက် ကိုယ်တော်​သည်​လည်း မထင်မရှား လျှို့ဝှက်​စွာ​ကြွ​တော်မူ​၏။

[11] ထို​ပွဲတော်​တွင် ဂျူး​လူမျိုး ​တို့​သည် ကိုယ်တော်​ကို​လိုက်ရှာ​လျက် “ထို​သူ​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေးမြန်း​ကြ​၏။

[12] လူထု​ပရိသတ်​တို့​ထဲတွင် ကိုယ်တော်​နှင့်​ပတ်သက်၍ အမျိုးမျိုး​တီးတိုး​ပြောဆို​နေ​ကြ​၏။ လူ​အချို့​တို့​က “သူ​သည် သူတော်ကောင်း​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ အခြား​သော​သူ​တို့​က​မူ “မ​ဟုတ်​ပါ။ သူ​သည် လူထု​ပရိသတ်​ကို​လှည့်ဖြား​နေ​သည်”​ဟု ဆို​ကြ​၏။

[13] သို့ရာတွင် ဂျူး​လူမျိုး ​တို့​ကို​ကြောက်​ကြ​သောကြောင့် မည်သူမျှ ကိုယ်တော်​အကြောင်း​ကို ပွင့်လင်း​စွာ​မ​ပြောဆို​ကြ​ချေ။

[14] ပွဲတော်​ကာလ ထက်ဝက်​မျှ​လွန်​သောအခါ ယေရှု​သည် ဗိမာန်​တော်​သို့​တက်​သွား​၍ သွန်သင်​တော်မူ​၏။

[15] ထိုအခါ ဂျူး​လူမျိုး ​တို့​သည်​အံ့ဩ​လျက် “ဤ​သူ​သည် သင်ယူ​ခြင်း​မ​ရှိ​ဘဲ ကျမ်း​များ​ကို မည်သို့​တတ်​သနည်း”​ဟု ဆို​ကြ​၏။

[16] ယေရှု​က​လည်း“ ငါ ၏ သွန်သင် ချက် သည် ငါ ကိုယ်တိုင် ၏ သွန်သင်ချက် မ ဟုတ် ဘဲ ငါ့ ကို စေလွှတ် တော်မူ သော အရှင် ၏ သွန်သင်ချက် ဖြစ် ၏ ။

[17] မည်သူမဆို ထို အရှင် ၏ အလို တော် ကို ဆောင်ရွက် လို သော ဆန္ဒ ရှိ လျှင် ဤ သွန်သင် ချက် သည် ဘုရားသခင် ထံမှ လာ သလော ၊ သို့မဟုတ် ငါ သည် ကိုယ့် ဆန္ဒ အလျောက် ဟောပြော နေ သလော ဆို သည် ကို သိ လိမ့်မည် ။

[18] မိမိ ဆန္ဒ အလျောက် ဟောပြော သော သူ သည် မိမိ ၏ ဘုန်း အသရေ ကို ရှာ တတ် ၏ ။ မိမိ ကို စေလွှတ် သော အရှင် ၏ ဘုန်း အသရေ ကို ရှာ သော သူ မူကား ဖြောင့်မှန် သော သူ ဖြစ် ပြီး ထို သူ ၌ မတရားမှု မ ရှိ ။

[19] မောရှေ သည် သင် တို့ အား ပညတ် တရား ကို ပေး ခဲ့ သည် မ ဟုတ် လော ။ သို့သော် သင် တို့ တွင် ထို ပညတ် တရား ကို လိုက်နာ ကျင့်သုံး သော သူ တစ်စုံ တစ်ယောက် မျှ မ ရှိ ။ သင် တို့ သည် အဘယ်ကြောင့် ငါ့ ကို သတ် ရန် ရှာကြံ နေ ကြ သနည်း ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[20] လူထု​ပရိသတ်​က “သင့်​ကို​နတ်ဆိုး​ပူး​နေ​၏။ သင့်​ကို​သတ်​ရန် မည်သူ​ရှာကြံ​နေ​သနည်း”​ဟု ဆို​ကြ​၏။

[21] ယေရှု​က​လည်း“ အမှု တစ် ခု ကို ငါ ပြု သောအခါ သင် တို့ အားလုံး သည် အံ့ဩ ကြ ၏ ။

[22] မောရှေ သည် အရေဖျား လှီး ခြင်း ဓလေ့ ကို သင် တို့ အား ပေး ခဲ့ ​သောကြောင့် သင် တို့ သည် ဥပုသ်နေ့ ၌ ပင် လူ ကို အရေဖျား လှီး ခြင်း ပေး ကြ ၏ ။ ( အမှန်မှာ ဤ ဓလေ့ သည် မောရှေ ထံမှ မ ဟုတ် ဘဲ ဘိုးဘေး များ ထံမှ လာ ၏ ။ )

[23] လူ သည် မောရှေ ၏ ပညတ် တရား ကို မ ချိုးဖောက် ရန် ဥပုသ်နေ့ တွင် အရေဖျား လှီး ခြင်း ကို ခံ သည် ဆိုလျှင် ငါ သည် ဥပုသ်နေ့ ၌ လူ တစ်ကိုယ်လုံး ကို အကောင်း ပကတိ ဖြစ် စေ သည့် အတွက် ငါ့ ကို စိတ်ဆိုး ရ သလော ။

[24] အပြင်ပန်း အားဖြင့် လူ ကို မ စီရင် ဘဲ တရားမျှတ စွာ စီရင် ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[25] ထိုအခါ ဂျေရုဆလင်​မြို့သား​အချို့​တို့​က “ဤ​သူ​သည် သူ​တို့​သတ်​ရန် ရှာကြံ​နေ​သော​သူ​မ​ဟုတ်​လော။

[26] ကြည့်​ပါ။ သူ​သည် ထင်ရှား​စွာ​ဟောပြော​နေ​ပါ​လျက် သူ​တို့​သည် မည်သည့်​အရာ​ကို​မျှ မ​ပြော​ကြ​ပါ​တကား။ ဤ​သူ​ခရစ်တော်​ဖြစ်​ကြောင်း​ကို အကြီးအကဲ​တို့​သည် အမှန်ပင်​သိ​ကြ​ပြီ​လော။

[27] သို့ရာတွင် ဤ​သူ​သည် အဘယ်က​လာ​သည်​ကို ငါ​တို့​သိ​ကြ​၏။ ခရစ်တော်​ကြွလာ​တော်မူ​သောအခါ​၌​မူကား အဘယ်က​လာ​သည်​ကို မည်သူမျှ​မ​သိ​နိုင်​ရာ”​ဟု ဆို​ကြ​၏။

[28] ထို့ကြောင့် ယေရှု​သည် ဗိမာန်​တော်​၌ သွန်သင်​တော်မူ​စဉ်“ သင် တို့ သည် ငါ့ ကို သိ ၍ ငါ အဘယ်က လာ သည် ကို လည်း သိ ကြ ၏ ။ သို့ရာတွင် ငါ သည် ကိုယ့် ဆန္ဒ အလျောက် လာ သည် မ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူ သော အရှင် သည် ဖြောင့်မှန် သော အရှင် ဖြစ် တော်မူ ၏ ။ သင် တို့ သည် ထို အရှင် ကို မ သိ ကြ ။

[29] ငါ မူကား သိ ၏ ။ အကြောင်းမူကား ငါ သည် ထို အရှင် ထံမှ လာ ၍ ထို အရှင် သည် ငါ့ ကို စေလွှတ် တော်မူ ၏ ” ​ဟု ကြွေးကြော်​တော်မူ​၏။

[30] ထိုအခါ လူ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန်​ကြိုးစား​ကြ​သော်လည်း ကိုယ်တော်​၏​အချိန်​မ​ရောက်​သေး​သောကြောင့် မည်သူမျှ​ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။

[31] သို့ရာတွင် လူထု​ပရိသတ်​ထဲမှ​အများစု​သည် ကိုယ်တော်​ကို​ယုံကြည်​လျက် “ခရစ်တော်​ကြွလာ​သောအခါ​တွင် ဤ​သူ​ပြု​သည်​ထက် ပို၍​များ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​ပါ​မည်​လော”​ဟု ဆို​ကြ​၏။

[32] လူထု​ပရိသတ်​သည် ယေရှု​နှင့်​ပတ်သက်၍ ထိုသို့​တီးတိုး​ပြောဆို​နေ​ကြ​သည်​ကို ဖာရိရှဲ​တို့​ကြား​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​ရန် အစောင့်​တပ်သား​များ​ကို​စေလွှတ်​ကြ​၏။

[33] ထိုအခါ ယေရှု​က“ ငါ သည် သင် တို့ နှင့်အတူ နောက်ထပ် ခဏ နေ ပြီးလျှင် ငါ့ ကို စေလွှတ် တော်မူ သော အရှင် ထံသို့ သွား မည် ။

[34] သင် တို့ သည် ငါ့ ကို ရှာ ကြ သော်လည်း တွေ့ မည် မ ဟုတ် ။ ငါ ရှိ ရာ အရပ် သို့ လည်း သင် တို့ မ လာ နိုင် ကြ ” ​ဟု မိန့်​တော်မူ​၏။

[35] ဂျူး​လူမျိုး ​တို့​က​လည်း “ငါ​တို့​ရှာ​၍​မ​တွေ့​စေရန် ဤ​သူ​သည် မည်သည့်​အရပ်​သို့​သွား​ရန် ကြံရွယ်​နေ​သနည်း။ ဂရိ​လူမျိုး​တို့​ရှိ​ရာ​အရပ်ရပ်​တို့​၌ ကွဲလွင့်​ပျံ့နှံ့​နေ​သော​သူ​တို့​ထံသို့​သွား​၍ ဂရိ​လူမျိုး​တို့​ကို​သွန်သင်​ရန် ကြံရွယ်​နေ​သလော။

[36] ‘ သင် တို့ သည် ငါ့ ကို ရှာ ကြ သော်လည်း တွေ့ မည် မ ဟုတ် ။ ငါ ရှိ ရာ အရပ် သို့ လည်း သင် တို့ မ လာ နိုင် ကြ ’ ​ဟူ၍ သူ​ပြော​သော​စကား​၏​အဓိပ္ပာယ်​မှာ မည်သို့​နည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[37] ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“ မည်သူမဆို ရေငတ် လျှင် ငါ့ ထံသို့ လာ ၍ သောက် လော့ ။

[38] ငါ့ ကို ယုံကြည် သော သူ သည် ကျမ်းစာ က ဆို ထား သည့် အတိုင်း သူ ၏ နှလုံးသား ​အထဲမှ အသက် ရေ မြစ် များ စီး ထွက် လိမ့်မည် ” ​ဟု ကြွေးကြော်​တော်မူ​၏။

[39] ဤသည်ကား ကိုယ်တော်​ကို​ယုံကြည်​သော​သူ​တို့​ခံယူ​ရရှိ​မည့် ဝိညာဉ်​တော်​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​ခြင်း​ဖြစ်​၏။ အကြောင်းမူကား ယေရှု​သည် ဘုန်း​တော်​ထင်ရှား​ခြင်း​မ​ရှိ​သေး​သဖြင့် ဝိညာဉ်​တော်​ကို​ပေး​တော်​မ​မူ​သေး။

[40] လူထု​ပရိသတ်​ထဲမှ အချို့​တို့​သည် ဤ​တရား​စကား​တို့​ကို​ကြား​သောအခါ “ဤ​သူ​သည် အမှန်ပင် ထို​ပရောဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

[41] အချို့​တို့​က​လည်း “ဤ​သူ​သည် ခရစ်တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့ရာတွင် အချို့​တို့​က “ခရစ်တော်​သည် ဂါလိလဲ​နယ်​မှ​ပေါ်ထွန်း​ပါ​မည်​လော။

[42] ခရစ်တော်​သည် ဒါဝိဒ်​၏​အမျိုးအနွယ်​မှ​လည်းကောင်း၊ ဒါဝိဒ်​နေ​ခဲ့​ရာ​ဗက်လင်​ရွာ​မှ​လည်းကောင်း ပေါ်ထွန်း​မည် ​ဟူ၍ ကျမ်းစာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

[43] ဤသို့ဖြင့် လူထု​ပရိသတ်​ထဲတွင် ကိုယ်တော်​ကြောင့် ကွဲပြား​ခြင်း​ရှိ​ကြ​၏။

[44] သူ​တို့​ထဲမှ အချို့​တို့​သည် ကိုယ်တော်​ကို​ဖမ်းဆီး​လို​ကြ​သော်လည်း မည်သူ​မျှ ကိုယ်တော်​ကို​မ​ဖမ်းဆီး​ကြ​ချေ။

[45] ထို့နောက် အစောင့်​တပ်သား​များ​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​ထံသို့ ပြန်လာ​ကြ​ရာ ထို​အကြီးအကဲ​တို့​က “အဘယ်ကြောင့် သူ့​ကို​မ​ခေါ်ဆောင်​လာ​ကြ​သနည်း”​ဟု မေးမြန်း​ကြ​၏။

[46] အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။

[47] ဖာရိရှဲ​တို့​က​လည်း “သင်​တို့​ပင်လျှင် လှည့်ဖြား​ခံရ​ကြ​ပြီ​လော။

[48] အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။

[49] သို့သော် ပညတ်​တရား​ကို​မ​သိ​သော ဤ​လူထု​ပရိသတ်​သည် ကျိန်​ခြင်း​ကို​ခံရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။

[50] ထို​သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်​ပြီး ယခင်​က ​ကိုယ်တော်​ထံသို့​လာ​ခဲ့​ဖူး​သော နိကောဒင်​က

[51] “ငါ​တို့​၏​ပညတ်​တရား​သည် လူ​တစ်​ဦး​ကို သူ့​ထံမှ ဦးစွာ​ကြားနာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အမှုအရာ​ကို​လည်း​မ​သိ​ဘဲ စီရင်​ပါ​မည်​လော”​ဟု ဆို​လျှင်

[52] သူ​တို့​က “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ဖြစ်​သလော။ ဂါလိလဲ​နယ်​မှ ပရောဖက် မ​ပေါ်ထွန်း​ကြောင်း​ကို စူးစမ်း​လေ့လာ​၍ သိမှတ်​လော့”​ဟု ဆို​ကြ​၏။

[53] [ထို့နောက် သူ​တို့​သည် မိမိ​တို့​အိမ်​သို့ အသီးသီး​ပြန်​သွား​ကြ​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters