Skip to content
Opens in a new window
Listen to this chapter • 11:13

[1] ထိုအခါ​၌ မာရိ​နှင့်​သူ​၏​အစ်မ​မာသ​တို့​နေထိုင်​ရာ ဗေသနိ​ရွာ​မှ လာဇရု​ဆို​သူ​တစ်​ဦး​သည် နာမကျန်း​ဖြစ်​နေ​၏။

[2] ထို​မာရိ​သည် သခင်​ဘုရား​ကို​ဆီမွှေး​နှင့်​လိမ်း​၍ ခြေ​တော်​ကို မိမိ​ဆံပင်​ဖြင့်​သုတ်​သော​သူ​ဖြစ်​ပြီး နာမကျန်း​ဖြစ်​နေ​သော​လာဇရု​သည် သူ​၏​မောင်​ဖြစ်​၏။

[3] ထို့ကြောင့် ထို​ညီအစ်မ​တို့​သည် ကိုယ်တော်​ထံသို့ လူ​ကို​စေလွှတ်​၍ “သခင်​ဘုရား၊ ကိုယ်တော်​ချစ်ခင်​တော်မူ​သော​သူ​သည် နာမကျန်း​ဖြစ်​နေ​ပါ​သည်”​ဟု လျှောက်ထား​ကြ​၏။

[4] ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင်“ ဤ နာမကျန်း ဖြစ် ခြင်း သည် သေ ခြင်း သို့ ရောက် စေရန် အတွက် မ ဟုတ် ဘဲ ဘုရားသခင် ၏ ဘုန်း တော် အတွက် ဖြစ် ပြီး ဘုရားသခင် ၏ သား တော် သည် ထို အခြင်းအရာ အားဖြင့် ဘုန်း တော် ထင်ရှား ခြင်း ရှိ စေရန် အတွက် ဖြစ် ၏ ” ​ဟု မိန့်​တော်မူ​၏။

[5] ယေရှု​သည် မာသ၊ သူ​၏​ညီမ​နှင့် လာဇရု​တို့​ကို ချစ်​တော်မူ​၏။

[6] သို့ဖြစ်၍ လာဇရု​နာမကျန်း​ဖြစ်​သည်​ကို ကြား​တော်မူ​သောအခါ မိမိ​နေ​သော​အရပ်​၌ နှစ်​ရက် ထပ်၍​နေ​တော်မူ​၏။

[7] ထို့နောက် တပည့်​တော်​တို့​အား“ ယုဒ နယ် သို့ နောက်တစ်ဖန် သွား ကြ စို့ ” ​ဟု မိန့်​တော်မူ​၏။

[8] တပည့်​တော်​တို့​က “ရဗ္ဗိ ၊ ဂျူး​လူမျိုး​တို့​သည် မကြာသေးမီ​က​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပေါက်​သတ်​ရန် ရှာကြံ​နေ​ကြ​ပါလျက်နှင့် ထို​အရပ်​သို့ နောက်တစ်ဖန်​ကြွ​တော်မူ​မည်​လော”​ဟု လျှောက်​ကြ​၏။

[9] ယေရှု​က​လည်း“ နေ့ အချိန် သည် တစ်ဆယ့်နှစ် နာရီ ရှိ သည် မ ဟုတ် လော ။ မည်သူမဆို နေ့ အချိန် ၌ သွားလာ လျှင် ဤ လောက ၏ အလင်း ကို မြင် ရ သောကြောင့် ခလုတ် မ တိုက် မိ တတ် ။

[10] သို့သော် ည အချိန် ၌ သွားလာ လျှင် သူ ၌ အလင်း မ ရှိ သောကြောင့် ခလုတ်တိုက် မိ တတ် ၏ ” ​ဟု ပြန်​၍​မိန့်​တော်မူ​၏။

[11] ထိုသို့​မိန့်​တော်မူ​ပြီးနောက်“ ငါ တို့ ၏ မိတ်ဆွေ လာဇရု သည် အိပ်ပျော် လေ ပြီ ။ သို့ရာတွင် သူ့ ကို နှိုး ရန် ငါ သွား မည် ” ​ဟု မိန့်​တော်မူ​၏။

[12] ထိုအခါ တပည့်​တော်​တို့​က “သခင်​ဘုရား၊ သူ​အိပ်ပျော်​ပြီ​ဆိုလျှင် သက်သာ​ပါ​လိမ့်မည်”​ဟု လျှောက်​ကြ​၏။

[13] ယေရှု​သည် လာဇရု​၏​သေဆုံး​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သော်လည်း အနားယူ​အိပ်စက်​ခြင်း​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​သည်​ဟု တပည့်​တော်​တို့​ထင်မှတ်​ကြ​၏။

[14] ထို့ကြောင့် ယေရှု​သည် သူ​တို့​အား အတိအလင်း​ပြောဆို​၍“ လာဇရု သေ ပြီ ။

[15] သို့သော် သင် တို့ ယုံကြည် ကြ ရန် ထို အရပ် ၌ ငါ မ ရှိ ခဲ့ သည် ကို သင် တို့ အတွက် ငါ ဝမ်းမြောက် ၏ ။ မည်သို့ပင်ဖြစ်စေ သူ့ ထံသို့ သွား ကြ စို့ ” ​ဟု မိန့်​တော်မူ​၏။

[16] ထိုအခါ ဒိဒုမု ​ဟု​ခေါ်​သည့်​သောမ​က “ကိုယ်တော်​နှင့်အတူ​အသေခံ​ရန် ငါ​တို့​လည်း လိုက်သွား​ကြ​စို့”​ဟု အခြား​တပည့်​တော်​တို့​အား​ပြောဆို​၏။

[17] ယေရှု​ရောက်​တော်မူ​သောအခါ လာဇရု​ကို ဂူသွင်း​သင်္ဂြိုဟ်​ပြီး လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​ကြောင်း​ကို တွေ့ရှိ​တော်မူ​၏။

[18] ဗေသနိ​ရွာ​သည် ဂျေရုဆလင်​မြို့​အနီး နှစ်​မိုင် ​ခန့်​အကွာ​၌​ရှိ​သည်​ဖြစ်၍

[19] များစွာ​သော​ဂျူး​လူမျိုး​တို့​သည် မာသ​နှင့်​မာရိ​တို့​ကို သူ​တို့​၏​မောင်​အတွက်​နှစ်သိမ့်​ရန် သူ​တို့​ထံသို့​ရောက်​နေ​ကြ​၏။

[20] မာသ​သည် ယေရှု​ကြွလာ​တော်မူ​ကြောင်း​ကို​ကြား​သောအခါ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။ မာရိ​မူကား အိမ်​၌ ထိုင်​လျက်​နေ​၏။

[21] မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။

[22] သို့သော် ဘုရားသခင်​ထံ ကိုယ်တော်​တောင်းလျှောက်​သမျှ​သော​အရာ​တို့​ကို ကိုယ်တော်​အား ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း ယခု​လည်း ကျွန်မ​သိ​ပါ​၏”​ဟု လျှောက်​လေ​၏။

[23] ယေရှု​က​လည်း“ သင် ၏ မောင် သည် ထမြောက် မည် ” ​ဟု မိန့်​တော်မူ​လျှင်

[24] မာသ​က “နောက်ဆုံး​သော​နေ့​တည်းဟူသော ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သူ​ထမြောက်​မည်​ကို ကျွန်မ​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

[25] ယေရှု​က​လည်း“ ငါ သည် ရှင်ပြန် ထမြောက် ခြင်း ဖြစ် ၏ ။ အသက် လည်း ဖြစ် ၏ ။ ငါ့ ကို ယုံကြည် သော သူ သည် သေ ခဲ့ လျှင် ပင် အသက်ရှင် လိမ့်မည် ။

[26] အသက်ရှင် နေ လျက် ငါ့ ကို ယုံကြည် သော သူ တိုင်း ကာလ အစဉ်အဆက် မည်သည့် အခါ မျှ မ သေ ရ ။ ဤ အရာ ကို သင် ယုံကြည် သလော ” ​ဟု မိန့်​တော်မူ​၏။

[27] မာသ​က “ယုံကြည်​ပါ​၏ သခင်​ဘုရား။ ကိုယ်တော်​သည် ဤ​လောက​သို့​ကြွလာ​ရ​မည့် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို ကျွန်မ​ယုံကြည်​ပါ​၏”​ဟု လျှောက်​ထား​လေ​၏။

[28] ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။

[29] မာရိ​သည် ထို​စကား​ကို​ကြား​သောအခါ အလျင်အမြန်​ထ​၍ ကိုယ်တော်​ထံသို့​သွား​လေ​၏။

[30] ယေရှု​မူကား ရွာ​ထဲသို့​မ​ဝင်​သေး​ဘဲ သူ့​အား မာသ​ဆီးကြို​ခဲ့​သော​အရပ်​၌​ပင် ရှိ​တော်မူ​၏။

[31] အိမ်​၌ မာရိ​နှင့်အတူ​ရှိ​၍ သူ့​ကို​နှစ်သိမ့်​နေ​သော​ဂျူး​လူမျိုး​တို့​သည် မာရိ​အလျင်အမြန်​ထ​၍ ထွက်သွား​သည်​ကို​မြင်​ကြ​လျှင် ငိုကြွေး​ရန် သင်္ချိုင်း​ဂူ​သို့​သွား​သည်​ဟု ထင်မှတ်​လျက် သူ့​နောက်​သို့​လိုက်​သွား​ကြ​၏။

[32] မာရိ​သည် ယေရှု​ရှိ​တော်မူ​ရာ​အရပ်​သို့​ရောက်​၍ ကိုယ်တော်​ကို​မြင်​သောအခါ ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​လျက် “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ”​ဟု လျှောက်​လေ​၏။

[33] ယေရှု​သည် မာရိ​ငိုကြွေး​နေ​သည်​ကို​လည်းကောင်း၊ လိုက်​လာ​သော​ဂျူး​လူမျိုး​တို့​သည်​လည်း ငိုကြွေး​နေ​ကြ​သည်​ကို​လည်းကောင်း မြင်​တော်မူ​လျှင် စိတ်​တော်​ထဲတွင်​ညည်းတွား​လျက် ရင်​တွင်း​၌​မငြိမ်မသက်​ဖြစ်​ကာ

[34] “ သူ့ ကို အဘယ်မှာ သင်္ဂြိုဟ် ကြ သနည်း ” ​ဟု မေး​တော်မူ​၏။ သူ​တို့​က​လည်း “သခင်​ဘုရား၊ ကြွ​၍​ကြည့်ရှု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

[35] ယေရှု​သည် မျက်ရည်​ကျ​တော်မူ​၏။

[36] ထိုအခါ ဂျူး​လူမျိုး​တို့​က “ကြည့်​ပါ။ လာဇရု​ကို အလွန်​ချစ်ခင်​ပါ​သည်​တကား”​ဟု ဆို​ကြ​၏။

[37] သို့သော် သူ​တို့​ထဲမှ​အချို့​တို့​က “မျက်မမြင်​ကို​မျက်စိ​မြင်​စေ​ခဲ့​သော ဤ​သူ​သည် လာဇရု​ကို​လည်း​မ​သေ​စေရန် မ​တတ်နိုင်​သလော”​ဟု ဆို​ကြ​၏။

[38] ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ရင်​တွင်း​၌ ညည်းတွား​လျက် သင်္ချိုင်း​ဂူ​သို့​ကြွ​တော်မူ​၏။ ထို​သင်္ချိုင်းဂူ​သည် ကျောက်​လိုဏ်ဂူ​ဖြစ်​ပြီး အဝင်​ဝ​ကို ကျောက်တုံး​ဖြင့်​ပိတ်​ထား​၏။

[39] ယေရှု​က“ ကျောက်တုံး ကို ဖယ်ရှား ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။ သေဆုံး​သော​သူ​၏​အစ်မ မာသ​က “သခင်​ဘုရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်၍ ယခု​ဆို​လျှင် အနံ့​ထွက်​နေ​ပါ​လိမ့်မည်”​ဟု လျှောက်​လေ​၏။

[40] ယေရှု​က​လည်း“ သင် ယုံကြည် လျှင် ဘုရားသခင် ၏ ဘုန်း တော် ကို မြင် ရ လိမ့်မည် ဟူ၍ သင့် အား ငါ ပြော ခဲ့ ပြီ မ ဟုတ် လော ” ​ဟု မိန့်​တော်မူ​၏။

[41] ထို့ကြောင့် လူ​တို့​သည် ကျောက်တုံး ​ကို​ဖယ်ရှား​ကြ​၏။ ထိုအခါ ယေရှု​သည် အထက်​သို့​မော်ကြည့်​လျက်“ အို အဖ ၊ အကျွန်ုပ် တောင်းလျှောက် သည် ကို နားညောင်း တော်မူ ပြီ ဖြစ် သောကြောင့် ကိုယ်တော် ကို ကျေးဇူးတင် ပါ ၏ ။

[42] ကိုယ်တော် သည် အကျွန်ုပ် ၏ ဆုတောင်း သံ ကို အစဉ် နားညောင်း တော်မူ ကြောင်း အကျွန်ုပ် သိ ပါ ၏ ။ သို့ရာတွင် ဤသို့ တောင်းလျှောက် ခြင်း မှာ ဝိုင်းရံ လျက် ရှိ သော လူထု ပရိသတ် အတွက် ဖြစ် ပြီး အကျွန်ုပ် ကို ကိုယ်တော် စေလွှတ် တော်မူ ကြောင်း သူ တို့ ယုံကြည် ကြ စေရန် အတွက် ဖြစ် ပါ ၏ ” ​ဟု မြွက်ဆို​တော်မူ​၏။

[43] ထိုသို့​မြွက်ဆို​တော်မူ​ပြီးနောက် ကျယ်လောင်​သော​အသံ​ဖြင့်“ လာဇရု ၊ ထွက်လာ လော့ ” ​ဟု ဟစ်ခေါ်​တော်မူ​၏။

[44] ထိုအခါ သေလွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်စ​ဖြင့်​ပတ်စည်း​လျက် မျက်နှာ​ကို​လည်း ပဝါ​ဖြင့်​စည်း​ထား​သည့်​အတိုင်း ထွက်လာ​၏။ ယေရှု​က“ သူ့ ကို ဖြေ ပေး ၍ သွား ခွင့်ပေး ကြ လော့ ” ​ဟု လူ​တို့​အား မိန့်​တော်မူ​၏။

[45] ထို့ကြောင့် မာရိ​ထံသို့​လာ​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို​မြင်​ရ​သည့် များစွာ​သော​ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​ယုံကြည်​ကြ​၏။

[46] သို့သော် အချို့​တို့​သည် ဖာရိရှဲ​တို့​ထံသို့​သွား​၍ ယေရှု​ပြု​တော်မူ​သော​အရာ​တို့​ကို ပြောကြား​ကြ​၏။

[47] ထိုအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​သည် တရား​လွှတ်တော်​အဖွဲ့​ကို​စုဝေး​စေ​၍ “ထို​သူ​သည် များစွာ​သော​နိမိတ်​လက္ခဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်၍ ငါ​တို့​မည်သို့​ပြု​ကြ​မည်နည်း။

[48] ထို​သူ​ကို ဤအတိုင်း​လွှတ်​ထား​လျှင် လူ​အားလုံး​တို့​သည် သူ့​ကို​ယုံကြည်​ကြ​လိမ့်မည်။ ထိုအခါ ရောမ​လူမျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အရပ်​ဌာန​နှင့်တကွ ငါ​တို့​၏​လူမျိုး​ကို​ပါ သိမ်းယူ​ကြ​လိမ့်မည်”​ဟု ပြောဆို​ကြ​၏။

[49] သို့ရာတွင် သူ​တို့​ထဲမှ​တစ်​ဦး​ဖြစ်ပြီး ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သော ကယာဖ​က “သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ။

[50] တစ်မျိုးသားလုံး​ပျက်စီး​သည်​ထက် လူ​တစ်​ဦး​က လူထု​ကိုယ်စား အသေခံ​ခြင်း​သည် သင်​တို့​အတွက် ပို၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်ခြင်​ကြ​ပါ​တကား”​ဟု ဆို​၏။

[51] သို့သော် ဤ​စကား​ကို မိမိ​ဆန္ဒ​အလျောက် သူ​ပြောဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​သည်​နှင့်အညီ ယေရှု​သည် ထို​လူမျိုး​အတွက် အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း​နှင့်

[52] ထို​လူမျိုး​အတွက်​သာမက ကွဲလွင့်​နေ​သော ဘုရားသခင်​၏​သားသမီး​များ​ကို တစ်စုတစ်ဝေးတည်း​ဖြစ်​စေရန်​အတွက်​ပါ အသေခံ​တော်မူ​မည်​ဖြစ်​ကြောင်း ပရောဖက်ပြု​ဟောပြော​ခြင်း​ဖြစ်​၏။

[53] ထို့ကြောင့် သူ​တို့​သည် ထို​နေ့​မှစ၍ ကိုယ်တော်​ကို​သတ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။

[54] သို့ဖြစ်၍ ယေရှု​သည် ဂျူး​လူမျိုး​တို့​ထဲတွင် ထင်ရှား​စွာ​မ​သွားလာ​တော့​ဘဲ ထို​အရပ်​မှ​ထွက်ခွာ​၍ တော​ကန္တာရ​နှင့်​နီး​သော​အရပ်​ဒေသ​၌​ရှိ​သည့် ဧဖရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီးလျှင် တပည့်​တော်​တို့​နှင့်အတူ ထို​မြို့​၌​နေ​တော်မူ​၏။

[55] ဂျူး​လူမျိုး​တို့​၏​ပသခါ​ပွဲတော်​နီးကပ်​လာ​ပြီ​ဖြစ်​၍ များစွာ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​ရန် ပသခါ​ပွဲတော်​မတိုင်မီ ကျေးလက်​ဒေသ​မှ ဂျေရုဆလင်​မြို့​သို့ တက်​လာ​ကြ​၏။

[56] သူ​တို့​သည် ယေရှု​ကို​ရှာ​ရင်း ဗိမာန်​တော်​ထဲ၌​ရပ်​လျက် “သင်​တို့​မည်သို့​ထင်​ကြ​သနည်း။ သူ​သည် ဤ​ပွဲတော်​သို့ လုံးဝ​မ​လာ​ဘဲ​နေ​မည်​လော”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[57] ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​မူကား ကိုယ်တော်​ကို​ဖမ်းဆီး​နိုင်​ရန်​အတွက် မည်သူမဆို ယေရှု​ရှိ​ရာ​အရပ်​ကို​သိ​လျှင် သတင်း​ပေး​ရ​မည်​ဟု အမိန့်​ထုတ်​ထား​ကြ​၏။

ရှင်ယောဟန်ခရစ်ဝင် — Chapters