[1] ထို့နောက် ယေရှုသည် ထိုနေရာမှထွက်ခွာ၍ မိမိ၏နေရင်းမြို့သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။
[2] ဥပုသ်နေ့ရောက်သောအခါ ဝတ်ပြုစည်းဝေးကျောင်း ၌ သွန်သင်တော်မူရာ ကြားနာသူများစွာတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤအရာများကို အဘယ်ကရသနည်း။ ဤသူရသည့်ဉာဏ်ပညာနှင့် သူ့လက်ဖြင့်ပြုသော တန်ခိုးလက္ခဏာများကား မည်သို့နည်း။
[3] သူသည် လက်သမားမဟုတ်လော။ မာရိ၏သားဖြစ်ပြီး ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုမဟုတ်လော။ သူ၏နှမများသည်လည်း ငါတို့နှင့်အတူ ဤအရပ်၌ရှိကြသည်မဟုတ်လော”ဟု ပြောဆိုကာ ကိုယ်တော်အပေါ်ဘဝင်မကျဖြစ်ကြ၏။
[4] ယေရှုကလည်း“ ပရောဖက် သည် မိမိ ၏ နေရင်း မြို့ ၊ မိမိ ၏ ဆွေမျိုး များ ကြား နှင့် မိမိ ၏ အိမ် တို့ မှတစ်ပါး မည်သည့် အရပ် ၌ မျှ ဂုဏ်သရေ မဲ့ သည် ဟူ၍ မ ရှိ ” ဟု မိန့်တော်မူ၏။
[5] ကိုယ်တော်သည် မကျန်းမာသောသူအနည်းငယ်တို့အပေါ် လက်တော်တင်လျက် ကျန်းမာစေခဲ့ခြင်းမှတစ်ပါး ထိုနေရာ၌ မည်သည့်တန်ခိုးလက္ခဏာကိုမျှမပြုနိုင်ခဲ့ပေ။
[6] ကိုယ်တော်သည် သူတို့၏မယုံကြည်မှုအတွက် အံ့သြတော်မူ၏။ ဤသို့ဖြင့်ဝန်းကျင်ရှိကျေးရွာများသို့ လှည့်လည်၍သွန်သင်တော်မူ၏။
[7] ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်၍ နှစ်ဦးစီ၊ နှစ်ဦးစီစေလွှတ်ကာ သူတို့အား ညစ်ညူးသောနတ်တို့ကို နိုင်ရသောအခွင့်အာဏာကိုပေးတော်မူ၏။
[8] ထို့ပြင် လမ်းခရီးအတွက် တောင်ဝှေးတစ်ချောင်းမှတစ်ပါး မည်သည့်အရာကိုမျှမယူသွားကြရန်နှင့် အစားအစာ၊ လွယ်အိတ်၊ ကြေးဒင်္ဂါးတို့ကိုလည်း ခါးပန်း၌မထည့်သွားဘဲ
[9] ဖိနပ်ကိုသာစီး၍ အင်္ကျီကိုလည်း နှစ်ထပ်မဝတ်သွားကြရန် မိန့်မှာတော်မူ၏။
[10] တစ်ဖန် သူတို့အား“ မည်သည့် အရပ် တွင် မဆို အိမ် တစ် အိမ် သို့ သင် တို့ ဝင် ကြ သောအခါ ထို အရပ် မှ ပြန်လည် ထွက်ခွာ သည့် တိုင်အောင် ထို အိမ် ၌ တည်းခို ကြ လော့ ။
[11] မည်သည့် အရပ် ၌ မဆို သင် တို့ ကို လက် မ ခံ ၊ သင် တို့ ၏ စကား ကို လည်း နား မ ထောင် လျှင် ထို အရပ် မှ ထွက်ခွာ ကြ စဉ် သူ တို့ တစ်ဖက်၌ သက်သေ ဖြစ် စေရန် သင် တို့ ၏ ခြေဖဝါး မှ မြေမှုန့် ကို ခါချ ခဲ့ ကြ လော့ ” ဟု မိန့်တော်မူ၏။
[12] ထိုအခါ တပည့်တော်တို့သည်ထွက်သွား၍ လူတို့နောင်တရကြမည့်အကြောင်း ဟောပြောကြ၏။
[13] သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။
[14] ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။
[15] အချို့တို့ကလည်း “သူသည် ဧလိယဖြစ်၏”ဟု ဆိုကြပြီး အချို့တို့ကလည်း “ရှေးပရောဖက်များတစ်ပါးပါးကဲ့သို့သောပရောဖက်ဖြစ်၏”ဟု ဆိုကြ၏။
[16] ဟေရုဒ်သည်ကြားလျှင် “ငါခေါင်းဖြတ်ကွပ်မျက်ခဲ့သောယောဟန်သည် ထမြောက် လေပြီ”ဟု ဆို၏။
[17] ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့်
[18] ယောဟန်က “သင်သည် အစ်ကို၏ဇနီးကိုသိမ်းယူခြင်းမှာ တရားတော်နှင့်မညီပါ”ဟု ပြောခဲ့သောကြောင့်ဖြစ်၏။
[19] ဟေရောဒိသည် ယောဟန်ကိုရန်ငြိုးထားလျက် သတ်လိုသော်လည်း အခွင့်မရခဲ့ချေ။
[20] အကြောင်းမူကား ယောဟန်သည် ဖြောင့်မတ်သန့်ရှင်းသူဖြစ်ကြောင်း ဟေရုဒ်သည်သိ၍ သူ့ကိုကြောက်ရွံ့ရိုသေလျက် စောင့်ရှောက်ထားသည့်အပြင် ယောဟန်၏စကားကိုကြားရသည့်အခါ အလွန်စိတ်အနှောင့်အယှက်ဖြစ်တတ်သော်လည်း ဝမ်းမြောက်စွာနားထောင်လေ့ရှိသောကြောင့်ဖြစ်၏။
[21] သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ
[22] ဟေရောဒိ၏သမီးသည် ထိုစားပွဲသို့ဝင်လာ၍ ကပြလျက် ဟေရုဒ်မှစ၍ သူနှင့်အတူစားသောက်ပွဲ၌ထိုင် နေသောသူတို့ကို နှစ်သက်စေ၏။ ဟေရုဒ်က “လိုချင်သမျှသောအရာကိုတောင်းလော့။ သင့်ကို ငါပေးမည်”ဟု မိန်းကလေးအားဆိုပြီးမှ
[23] တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။
[24] ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။
[25] သူသည်လည်း ချက်ချင်းပင် မင်းကြီးထံအလျင်အမြန်ဝင်၍ “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယခုပင် ကျွန်မအားပေးစေလိုပါသည်”ဟု တောင်းလျှောက်လေ၏။
[26] မင်းကြီးသည် အလွန်စိတ်မကောင်းဖြစ်သော်လည်း ပြုထားသောကတိသစ္စာကိုလည်းကောင်း၊ စားပွဲ၌ထိုင်နေသောသူတို့၏မျက်နှာကိုလည်းကောင်း ထောက်၍ သူ့ကို မငြင်းဆန်လိုသဖြင့်
[27] အာဏာပါးကွက်သားတစ်ဦးကို ချက်ချင်းစေလွှတ်ကာ ယောဟန်၏ဦးခေါင်းကိုယူဆောင်ခဲ့ရန် အမိန့်ပေးလေ၏။ ထိုသူသည်လည်းသွား၍ ယောဟန်၏ဦးခေါင်းကို ထောင်ထဲ၌ ဖြတ်ပြီးလျှင်
[28] ထိုဦးခေါင်းကို လင်ပန်းပေါ်တင်၍ ယူလာကာ မိန်းကလေးအားပေးလေ၏။ မိန်းကလေးသည်လည်း ၎င်းကို မိမိ၏မိခင်အားပေးလေ၏။
[29] ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။
[30] တမန်တော်တို့သည် ယေရှုထံ ပြန်လည်စုဝေးလာကြ၍ သူတို့ပြုခဲ့သမျှနှင့် သွန်သင်ခဲ့သမျှတို့ကို ကိုယ်တော်အားကြားလျှောက်ကြ၏။
[31] ကိုယ်တော်ကလည်း“ သင် တို့ သည် လူသူ ကင်းဝေး ရာ အရပ် သို့ သင် တို့ ချည်းသာ လာ ၍ ခေတ္တ အနားယူ ကြ လော့ ” ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။
[32] ထို့ကြောင့် သူတို့သည် လူသူကင်းဝေးရာအရပ်သို့ သူတို့ချည်းသာ လှေဖြင့်ထွက်သွားကြ၏။
[33] သို့သော် လူများစွာတို့သည် သူတို့သွားကြသည်ကိုတွေ့၍ သိမြင်သဖြင့် မြို့ရွာအပေါင်းတို့မှ ထိုအရပ်သို့ ကုန်းကြောင်းဖြင့်ပြေးသွားကာ သူတို့ထက်အလျင်ဦးစွာ ရောက်နှင့်ကြလေ၏။
[34] ကိုယ်တော်သည် လှေပေါ်မှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ဖြစ်ကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ များစွာသောအရာတို့ကိုသွန်သင်တော်မူ၏။
[35] အချိန်နောက်ကျနေပြီဖြစ်၍ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “ဤနေရာသည် လူသူကင်းဝေးရာအရပ်ဖြစ်ပြီး အချိန်လည်းနောက်ကျနေပါပြီ။
[36] လူတို့သည် ဝန်းကျင်ရှိကျေးလက်တောရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။
[37] သို့သော် ကိုယ်တော်က“ သင် တို့ ကိုယ်တိုင် သူ တို့ အား စား စရာ ပေး ကြ လော့ ” ဟု ပြန်၍မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဒေနာရိ နှစ်ရာဖြင့် မုန့်များသွားဝယ်၍ သူတို့စားရန် ပေးရပါမည်လော”ဟု ပြန်လျှောက်ကြ၏။
[38] ကိုယ်တော်ကလည်း“ သင် တို့ ၌ မုန့် မည်မျှ ရှိ သနည်း ။ သွား ၍ ကြည့် ကြ လော့ ” ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း သိရှိပြီးမှ “မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ရှိပါသည်”ဟု လျှောက်ကြ၏။
[39] ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။
[40] လူတို့သည်လည်း တစ်ရာစီ၊ ငါးဆယ်စီ အစုလိုက်ထိုင်ကြ၏။
[41] ထိုအခါ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ လူတို့ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ခွဲဝေပေးတော်မူ၏။
[42] လူအပေါင်းတို့သည် စား၍ဝကြ၏။
[43] ထို့နောက် မုန့်အကျိုးအပဲ့နှင့် ငါး၏အကြွင်းအကျန်တို့ကို ကောက်သိမ်းကြရာ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
[44] မုန့်ကိုစားသောယောက်ျားဦးရေမှာ ငါးထောင်ရှိ၏။
[45] ထို့နောက် ကိုယ်တော်သည် ချက်ချင်းပင် တပည့်တော်တို့ကို လှေပေါ်သို့တက်စေ၍ တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့သို့ အလျင်ဦးစွာကူးနှင့်စေတော်မူပြီး တစ်ချိန်တည်းမှာပင် လူထုပရိသတ်များကို ပြန်လွှတ်တော်မူ၏။
[46] လူတို့ကိုနှုတ်ဆက်ပြီးနောက် ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်တော်မူ၏။
[47] ညနေချမ်းအချိန်ရောက်သောအခါ လှေသည် ပင်လယ်အလယ်၌ရှိ၏။ ကိုယ်တော်မူကား ကုန်းပေါ်၌ တစ်ပါးတည်းရှိတော်မူ၏။
[48] လေဆန်သောကြောင့် လှော်ခတ်၍ ပင်ပန်းနေကြသောတပည့်တော်တို့ကို ကိုယ်တော်မြင်တော်မူလျှင် မိုးသောက်ယံအချိန် ဝန်းကျင်၌ ပင်လယ်ပေါ်တွင်လမ်းလျှောက်လျက် သူတို့ထံသို့ကြွတော်မူပြီး သူတို့ကိုကျော်ဖြတ်သွားမည်ပြုလေ၏။
[49] တပည့်တော်တို့သည် ပင်လယ်ပေါ်တွင် ကိုယ်တော်လမ်းလျှောက်နေသည်ကိုမြင်လျှင် တစ္ဆေဖြစ်သည်ဟုထင်မှတ်လျက် အော်ဟစ်ကြ၏။
[50] သူတို့အားလုံးသည် ကိုယ်တော်ကိုတွေ့မြင်၍ တုန်လှုပ်ချောက်ချားကြသောကြောင့်ဖြစ်၏။ သို့သော် ကိုယ်တော်သည် ချက်ချင်းပင် သူတို့နှင့်စကားပြောလျက်“ မစိုးရိမ် ကြ နှင့် ။ ငါ ပင် ဖြစ် ၏ ။ မ ကြောက် ကြ နှင့် ” ဟု မိန့်တော်မူ၏။
[51] ထို့နောက် သူတို့ရှိရာ လှေပေါ်သို့တက်တော်မူသော် လေသည်ငြိမ်သွားလေ၏။ သူတို့သည် အလွန်အမင်းအံ့သြငေးမောကြ၏။
[52] အကြောင်းမူကား သူတို့သည် မုန့်နှင့်ပတ်သက်သောဖြစ်ရပ်ကိုနားမလည်ဘဲ သူတို့၏စိတ်နှလုံးမာကျောလျက်ရှိကြသောကြောင့်ဖြစ်၏။
[53] ထို့နောက် သူတို့သည် ပင်လယ်ကိုကူး၍ ဂင်နေသရက်မြို့သို့ရောက်သဖြင့် လှေကိုဆိုက်ကပ်ကြ၏။
[54] လှေပေါ်မှ သူတို့ဆင်းကြရာ လူတို့သည် ကိုယ်တော်ကိုချက်ချင်းမှတ်မိကြသဖြင့်
[55] ထိုအရပ် ဒေသတစ်ဝန်းလုံးသို့ပြေးသွားကာ ကိုယ်တော်ရှိတော်မူသည်ဟု သူတို့ကြားရသည့်နေရာသို့ နာမကျန်းဖြစ်သူတို့ကို အိပ်ရာနှင့်တကွသယ်ဆောင်လာကြ၏။
[56] ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။