Skip to content
Opens in a new window
Listen to this chapter • 7:57

[1] ထို့နောက် သူ​တို့​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါရစ ​နယ်​သို့​ရောက်​ကြ​၏။

[2] ယေရှု​သည် လှေ​ပေါ်မှ​ဆင်း​တော်မူ​သည့်​ခဏချင်း​တွင် ညစ်ညူး​သော​နတ်​ပူး​နေ​သည့် လူ​တစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​လေ​၏။

[3] ထို​သူ​သည် သင်္ချိုင်း​၌​နေ​တတ်​ပြီး မည်သူမျှ သူ့​ကို သံကြိုး​နှင့်​ပင်​ချည်နှောင်​ထား​၍ မ​ရ​နိုင်​ချေ။

[4] အဘယ်ကြောင့်​ဆိုသော် သူ့​ကို ခြေချင်း​နှင့်​သံကြိုး​တို့​ဖြင့် အကြိမ်ကြိမ်​ချည်နှောင်​ခဲ့​ကြ​သော်လည်း သူ​သည် သံကြိုး​များ​ကို​ဆွဲဖြတ်​ကာ ခြေချင်း​များ​ကို အပိုင်းပိုင်း​ကျိုးပဲ့​စေ​သောကြောင့် မည်သူမျှ သူ့​ကို မ​ထိန်းချုပ်​နိုင်​ကြ​ချေ။

[5] သူ​သည် သင်္ချိုင်း​၌​လည်းကောင်း၊ တောင်​ပေါ်၌​လည်းကောင်း နေ့​ည​မပြတ်​အော်ဟစ်​လျက် ကျောက်တုံး​များ​ဖြင့် မိမိကိုယ်ကို​အနာတရ​ဖြစ်​စေ​၏။

[6] သူ​သည် ယေရှု​ကို​အဝေး​မှ​မြင်​လျှင် ပြေး​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​ကာ

[7] “အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။

[8] ထိုသို့​လျှောက်ထား​ခြင်း​မှာ ကိုယ်တော်​သည် ထို​သူ​အား“ ညစ်ညူး သော နတ် ၊ ဤ လူ ထဲမှ ထွက်သွား လော့ ” ​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏။

[9] တစ်ဖန် ကိုယ်တော်​က“ သင့် နာမည် မည်သို့ ခေါ် သနည်း ” ​ဟု မေး​တော်မူ​ရာ ထို​သူ​က “အကျွန်ုပ်​၏​နာမည်​မှာ လေဂေါင် ​ဖြစ်​ပါ​၏။ အကျွန်ုပ်​တို့​သည် များစွာ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏”​ဟု လျှောက်​လေ​၏။

[10] ထို့နောက် မိမိ​တို့​ကို ထို​အရပ်​ဒေသ​မှ​နှင်ထုတ်​တော်​မ​မူ​ရန် ကိုယ်တော်​အား အနူးအညွတ်​တောင်းပန်​လေ​၏။

[11] ထို​အရပ်​အနီးအနား​ရှိ တောင်ကုန်း​ပေါ်၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။

[12] နတ်ဆိုး​တို့ ​က “ဝက်​များ​ထဲသို့ ဝင်​ရ​ပါ​မည့်​အကြောင်း ၎င်း​တို့​ထဲသို့ အကျွန်ုပ်​တို့​ကို စေလွှတ်​တော်မူ​ပါ”​ဟု တောင်းပန်​ကြ​၏။

[13] ကိုယ်တော်​သည် ​လည်း ခွင့်ပြု​တော်မူ​သဖြင့် ညစ်ညူး​သော​နတ်​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ နှစ်ထောင်​ခန့်​ရှိ​သော​ဝက်​အုပ်​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ပင်လယ်​ထဲ၌ ရေနစ်​သေဆုံး​ကြ​ကုန်​၏။

[14] ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​နှင့်​တောရွာ​များ​တွင် ပြောကြား​ကြ​သဖြင့် လူ​တို့​သည် မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​ကြည့်ရှု​ရန် ထွက်လာ​ကြ​၏။

[15] ယေရှု​ထံသို့​ရောက်လာ​ကြ​သောအခါ လေဂေါင်​စွဲ​ခဲ့​သည့် နတ်ဆိုး​ပူး​သူ​သည် အဝတ်​ဝတ်​ထား​ကာ ပကတိ​စိတ်​ရှိ​လျက်​ထိုင်​နေ​သည်​ကို​တွေ့မြင်​လျှင် ကြောက်ရွံ့​ကြ​၏။

[16] မျက်မြင်​တွေ့ရှိ​သူ​များ​က​လည်း နတ်ဆိုး​ပူး​သူ​၌ မည်ကဲ့သို့​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း၊ ဝက်​တို့​အကြောင်း​ကို​လည်းကောင်း သူ​တို့​အား​ပြောပြ​ကြ​၏။

[17] ထိုအခါ သူ​တို့​သည် မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​၏။

[18] ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​စဉ် နတ်ဆိုး​ပူး​ခဲ့​သူ​က ကိုယ်တော်​နှင့်အတူ​လိုက်ပါ​ခွင့်​ပြု​ပါ​မည့်​အကြောင်း ကိုယ်တော်​ကို​တောင်းပန်​လေ​၏။

[19] သို့သော် ကိုယ်တော်​သည် ခွင့်ပြု​တော်​မ​မူ​ဘဲ“ သင့် အိမ် ၊ သင့် မိသားစု ထံသို့ သွား ၍ သင့် အပေါ် ထာဝရ ဘုရား ပြု တော်မူ သမျှ သော အရာ နှင့် သင့် ကို သနား တော်မူ ကြောင်း ကို သူ တို့ အား ပြောပြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[20] ထိုအခါ သူ​သည်​ထွက်သွား​၍ မိမိ​အပေါ်​ယေရှု​ပြု​တော်မူ​သမျှ​တို့​ကို ဒေကာပေါလိ​နယ်​၌​ပြောကြား​သဖြင့် လူ​အပေါင်း​တို့​သည်​အံ့သြ​ကြ​၏။

[21] ထို့နောက် ယေရှု​သည် လှေ​ဖြင့် တစ်ဖက်ကမ်း​သို့ ပြန်​၍​ကူး​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် အထံ​တော်​သို့​စုဝေး​လာ​ကြ​၏။ ကိုယ်တော်​သည် ပင်လယ်​ကမ်းနား​တွင်​ရှိ​နေ​တော်မူ​စဉ်

[22] ယာဣရု​အမည်​ရှိ​သော ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​တစ်​ဦး​သည် ရောက်လာ​၍ ကိုယ်တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ

[23] “အကျွန်ုပ်​၏​သမီး​ငယ်​သည် သေ​လုနီးပါး​ဖြစ်​နေ​ပါ​၏။ သူ​သည် ရောဂါ​ပျောက်ကင်း​လျက် အသက်​ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ကြွလာ​၍ သူ့​အပေါ် လက်​တော်​ကို​တင်​တော်မူ​ပါ”​ဟု အနူးအညွတ်​တောင်းပန်​လေ​၏။

[24] ထို့ကြောင့် ကိုယ်တော်​သည် သူ​နှင့်အတူ​လိုက်သွား​တော်မူ​၏။ များစွာ​သော​လူထု​ပရိသတ်​တို့​သည်​လည်း နောက်​တော်​သို့​လိုက်​ကြ​ပြီး ကိုယ်တော်​ကို​တိုးဝှေ့​မိ​ကြ​၏။

[25] ထိုအခါ တစ်ဆယ့်နှစ်​နှစ်​ပတ်လုံး သွေး​သွန်​ရောဂါ​စွဲကပ်​၍

[26] များစွာ​သော​ဆေးဆရာ​တို့​ထံ၌ အလွန်​ဝေဒနာ​ခံစား​ရ​လျက် မိမိ​၌​ရှိသမျှ​တို့​ကို အကုန်​သုံးစွဲ​ခဲ့​သော်လည်း မည်သည့်​အကျိုး​မျှ​မ​ရှိ​သည်​သာမက ရောဂါ​ပို၍​ဆိုးရွား​လာ​သော​အမျိုးသမီး​တစ်​ဦး​သည်

[27] ယေရှု​အကြောင်း​ကို​ကြား​၍ “ကိုယ်တော်​၏​ဝတ်ရုံ​တော်​ကို တို့ထိ​ရ​လျှင်​ပင် ရောဂါ​ပျောက်ကင်း​လိမ့်မည်”​ဟု ဆို​လျက် လူထု​ပရိသတ်​ကြား​မှ ကိုယ်တော်​၏​နောက်​တော်​သို့​လာ​ပြီး ဝတ်ရုံ​တော်​ကို​တို့ထိ​လေ​၏။

[29] ထို​ခဏချင်း​တွင် သူ​ခံစား​ရ​သော​သွေး​သွန်​ခြင်း​သည် ရပ်သွား​သဖြင့် သူ​သည် ရောဂါ​ဝေဒနာ​ပျောက်ကင်း​သွား​ကြောင်း မိမိ​ကိုယ်ခန္ဓာ​၌ ခံစား​သိရှိ​ရ​၏။

[30] ယေရှု​သည် မိမိ​ထံမှ​တန်ခိုး​ထွက်​သည်​ကို ချက်ချင်း​သိ​တော်မူ​၍ လူထု​ပရိသတ်​ဘက်​သို့​လှည့်ကြည့်​ကာ“ ငါ့ ဝတ်ရုံ ကို မည်သူ တို့ထိ သနည်း ” ​ဟု မေး​တော်မူ​၏။

[31] တပည့်​တော်​တို့​က​လည်း “ကိုယ်တော်​ကို​တိုးဝှေ့​နေ​ကြ​သည့် လူထု​ပရိသတ်​ကို​မြင်​တော်မူ​ပါ​လျက်​နှင့် ‘ငါ့​ကို မည်သူ​တို့ထိ​သနည်း’​ဟူ၍ မေး​တော်မူ​ရ​ပါ​သလော”​ဟု ကိုယ်တော်​အား​လျှောက်​ကြ​၏။

[32] သို့သော် ကိုယ်တော်​သည် ထိုသို့​ပြု​သော​သူ​ကို​တွေ့မြင်​ရန် ပတ်ပတ်လည်​သို့​ကြည့်ရှု​တော်မူ​၏။

[33] ထိုအခါ ထို​အမျိုးသမီး​သည် မိမိ​၌​မည်သို့​ဖြစ်​ခဲ့​သည်​ကို​သိ​သဖြင့် ကြောက်ရွံ့​တုန်လှုပ်​လျက် ရှေ့​တော်​သို့​လာ​၍ ပျပ်ဝပ်​ကာ ဟုတ်မှန်​သည့်​အတိုင်း အကုန်အစင်​လျှောက်ထား​လေ​၏။

[34] ကိုယ်တော်​က​လည်း“ သမီး ၊ သင် ၏ ယုံကြည် ခြင်း သည် သင့် ကို ကျန်းမာ စေ ပြီ ။ ငြိမ်းချမ်း စွာ သွား ၍ သင် ၏ ရောဂါ ဝေဒနာ နှင့် ကင်းလွတ် လော့ ” ​ဟု မိန့်​တော်မူ​၏။

[35] ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို အဘယ်ကြောင့် ဆက်၍​နှောင့်ယှက်​နေ​ဦး​မည်နည်း”​ဟု ပြော​ကြ​၏။

[36] သို့သော် ယေရှု​သည် ထို​စကား​ကို​ဂရုမပြု​ဘဲ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အား“ မ စိုးရိမ် နှင့် ။ ယုံကြည် ခြင်း သာ ရှိ လော့ ” ​ဟု မိန့်​တော်မူ​၏။

[37] ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​မှတစ်ပါး မည်သူ့​ကို​မျှ မိမိ​နှင့်အတူ​လိုက်​ခွင့်ပြု​တော်​မ​မူ။

[38] ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​သို့ သူ​တို့​ရောက်​ကြ​သောအခါ လူ​တို့​သည် ရုတ်ရုတ်သဲသဲ​ဖြစ်​လျက် ကျယ်လောင်​စွာ​ငိုကြွေး​မြည်တမ်း​နေ​ကြ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​လျှင်

[39] အထဲသို့​ဝင်​၍“ အဘယ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ် လျက် ငိုကြွေး နေ ကြ သနည်း ။ သူငယ်မ သည် သေ သည် မ ဟုတ် ။ အိပ်ပျော် နေ ခြင်း သာ ဖြစ် ၏ ” ​ဟု သူ​တို့​အား​မိန့်​တော်မူ​၏။

[40] ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို​လှောင်ပြောင်​ရယ်မော​ကြ​၏။ သို့သော် ကိုယ်တော်​သည် ထို​သူ​အပေါင်း​တို့​ကို အပြင်​သို့​ထွက်​စေ​ပြီးလျှင် သူငယ်မ​၏​မိခင်​နှင့်​ဖခင်​တို့​အပြင် မိမိ​နှင့်အတူ​ပါ​လာ​သော​သူ​တို့​ကို​သာ​ခေါ်​၍ သူငယ်မ​ရှိ ​ရာ​သို့​ဝင်​တော်မူ​၏။

[41] ထို့နောက် သူငယ်မ​၏​လက်​ကို​ကိုင်​လျက်“ တလိသ ကုမိ ” ​ဟု မိန့်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“ မိန်းကလေး ၊ သင့် အား ငါ ဆို မည် ။ ထ လော့ ” ​ဟူ၍ ဖြစ်​၏။

[42] ထို​ခဏချင်း​တွင် မိန်းကလေး​သည်​ထ​၍ လမ်းလျှောက်​လေ​၏။ သူ​သည် အသက်​တစ်ဆယ့်နှစ်​နှစ်​အရွယ်​ရှိ​၏။ ထိုအခါ လူ​တို့​သည် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။

[43] ကိုယ်တော်​က​လည်း မည်သူ​မျှ ဤ​အကြောင်း​ကို​မ​သိ​စေရန် သူ​တို့​အား တင်းကျပ်​စွာ​မိန့်မှာ​တော်မူ​ပြီးလျှင် သူ့​အား​စား​စရာ​ပေး​ရန် မိန့်​တော်မူ​၏။

ရှင်မာကုခရစ်ဝင် — Chapters