[1] နံနက်စောစောအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများသည် သက်ကြီးဝါကြီးများ၊ ကျမ်းပြုဆရာများမှစ၍ တရားလွှတ်တော်အဖွဲ့ဝင်အားလုံးနှင့်အတူ ချက်ချင်းတိုင်ပင်ဆွေးနွေးကြပြီးလျှင် ယေရှုကိုချည်နှောင်လျက်ခေါ်ဆောင်သွားကာ ပိလတ်မင်းထံအပ်နှံကြ၏။
[2] ထိုအခါ ပိလတ်မင်းက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလေ၏။ ကိုယ်တော်ကလည်း“ သင် ပြော သည့် အတိုင်း ပေတည်း ” ဟု မိန့်တော်မူ၏။
[3] ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို အမျိုးမျိုးစွပ်စွဲကြ၏။
[4] တစ်ဖန် ပိလတ်မင်းသည် ကိုယ်တော်အား “သင်သည် တစ်စုံတစ်ခုမျှမဖြေဘဲနေသလော။ သင့်ကိုမည်မျှလောက်စွပ်စွဲနေကြသည်ကို ကြည့်ပါ”ဟု ဆို၏။
[5] သို့သော် ယေရှုသည် နောက်ထပ် မည်သည့်အရာကိုမျှ ပြန်၍ မိန့်တော်မမူဘဲနေသဖြင့် ပိလတ်မင်းသည် အံ့ဩလေ၏။
[6] ပိလတ်မင်းသည် ပွဲတော်ကျရောက်တိုင်း လူတို့တောင်းဆိုသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။
[7] ထိုအချိန်တွင် ဆူပူအုံကြွမှုဖြစ်စဉ်က လူသတ်မှုကျူးလွန်သဖြင့် ဆူပူအုံကြွသူများနှင့်အတူအကျဉ်းချခံရသည့် ဗာရဗ္ဗဟုခေါ်သောသူတစ်ဦးရှိ၏။
[8] လူထုပရိသတ်သည်ရောက်လာ၍ ပြုလေ့ရှိသည့်အတိုင်း သူတို့အတွက်ဆောင်ရွက်ပေးရန် တောင်းဆိုကြ၏။
[9] ပိလတ်မင်းကလည်း “သင်တို့အတွက် ဂျူးလူမျိုးတို့၏ဘုရင်ကို လွှတ်ပေးစေလိုသလော”ဟု သူတို့အား ပြန်၍မေးလေ၏။
[10] ထိုသို့မေးခြင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံခဲ့ကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။
[11] သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။
[12] ထိုအခါ ပိလတ်မင်းက “သို့ဖြစ်လျှင် ဂျူးလူမျိုးတို့၏ဘုရင်ဟု သင်တို့ခေါ်သောသူကို မည်သို့ပြုရမည်နည်း”ဟု တစ်ဖန် မေးလေသော်
[13] သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပြန်၍အော်ဟစ်ကြ၏။
[14] ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်အပြစ်ကိုကျူးလွန်ခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
[15] ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
[16] ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။
[17] ထို့နောက် ကိုယ်တော်အား ခရမ်းရောင်ဝတ်လုံကိုဝတ်စေလျက် ဆူးပင်ကို သရဖူအဖြစ်ရစ်ခွေ၍ဆောင်းစေပြီးလျှင်
[18] “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ကိုယ်တော်အားနှုတ်ဆက်ကြ၏။
[19] ထို့ပြင် ကိုယ်တော်၏ဦးခေါင်းကို ကျူရိုးဖြင့်ရိုက်ကာ ကိုယ်တော်ကိုတံတွေးနှင့်ထွေး၍ ဒူးထောက်လျက် ကိုယ်တော်ကိုရှိခိုးကြ၏။
[20] ထိုသို့ ကိုယ်တော်ကိုပြောင်လှောင်ကြပြီးနောက် ခရမ်းရောင်ဝတ်လုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကိုပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ခေါ်ထုတ်သွားကြ၏။
[21] ထိုစဉ် အလက်ဇန္ဒြားနှင့်ရုဖုတို့၏ဖခင်ဖြစ်သည့် ကုရေနေမြို့သားရှိမုန်သည် တောရွာမှလာ၍ လမ်း၌ဖြတ်သွားသည်ကို သူတို့တွေ့သဖြင့် ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို သူ့အား အတင်းအကျပ်ထမ်းစေကြ၏။
[22] ဤသို့ဖြင့် သူတို့သည် ကိုယ်တော်ကို ဦးခေါင်းခွံအရပ်ဟုအဓိပ္ပာယ်ရှိသော ဂေါလဂေါသအရပ်သို့ခေါ်ဆောင်သွားပြီးလျှင်
[23] ကိုယ်တော်အား မုရန်ရောစပ်ထားသောစပျစ်ဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
[24] ထိုအခါ သူတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ကိုယ်တော်၏အဝတ်တော်များအား မည်သူက မည်သည့်အဝတ်ယူရမည်ကို မဲချ၍ ခွဲဝေကြ၏။
[25] ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသည့်အချိန်မှာ နံနက်ကိုးနာရီ ဖြစ်၏။
[26] ကိုယ်တော်အပေါ်တင်သောစွဲချက်ကိုရေးထားသည့်ကမ္ပည်းစာမှာ “ဂျူးလူမျိုးတို့၏ဘုရင်”ဟူ၍ဖြစ်၏။
[27] ဓားပြနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။
[28] [ဤသို့ဖြင့် “သူသည် တရားမဲ့သောသူတို့၏စာရင်းတွင်ထည့်သွင်းခြင်းခံရ၏” ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ]
[29] ဖြတ်သန်းသွားလာသောသူတို့သည် မိမိတို့ခေါင်းကိုခါယမ်းလျက် “ဟေ့၊ ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်းတည်ဆောက်မည့်သူ၊
[30] လက်ဝါးကပ်တိုင်ပေါ်မှဆင်းလာ၍ သင့်ကိုယ်သင်ကယ်တင်လော့”ဟု ကိုယ်တော်ကိုစော်ကားပြောဆိုကြ၏။
[31] ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည်လည်း ကျမ်းပြုဆရာတို့နှင့်အတူ ကိုယ်တော်ကိုပြောင်လှောင်ကြကာ “သူသည် သူတစ်ပါးတို့ကိုကယ်တင်ခဲ့သော်လည်း မိမိကိုယ်ကိုမကယ်တင်နိုင်ပါတကား။
[32] ငါတို့တွေ့မြင်၍ ယုံကြည်နိုင်ရန် အစ္စရေးဘုရင်ဖြစ်သောခရစ်တော်သည် ယခုပင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာပါစေ”ဟု အချင်းချင်းပြောဆိုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသောသူတို့သည်လည်း ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြ၏။
[33] မွန်းတည့်ချိန် ရောက်သောအခါ မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လာ၍ မွန်းလွဲသုံးနာရီ တိုင်အောင် ထိုသို့ဖြစ်လေ၏။
[34] မွန်းလွဲသုံးနာရီ အချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ ဧလိ ၊ ဧလိ ၊ လာမာ ရှာဗခသာနိ ” ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ် ၏ ဘုရား ၊ အကျွန်ုပ် ကို အဘယ်ကြောင့် စွန့်ပစ် တော်မူ သနည်း ” ဟူ၍ဖြစ်၏။
[35] အနီး၌ရပ်နေသောသူအချို့တို့သည်ကြားလျှင် “ကြည့်ပါ။ သူသည် ဧလိယကိုခေါ်နေသည်”ဟု ဆိုကြ၏။
[36] ထိုအခါ လူတစ်ဦးသည်ပြေးသွား၍ ရေမြှုပ်ကို ဝိုင်ချဉ်နှင့်ပြည့်စေပြီးလျှင် ကျူရိုးပေါ်တပ်လျက် ကိုယ်တော်အားသောက်စေ ကာ “ရှိပါလေစေ။ ဧလိယသည် သူ့ကို အောက်သို့ချရန် လာမည်၊ မလာမည်ကို ငါတို့ကြည့်ကြစို့”ဟု ဆိုလေ၏။
[37] ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အသက်ချုပ်ငြိမ်းတော်မူ၏။
[38] ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။
[39] ကိုယ်တော်ဘက်သို့မျက်နှာမူလျက် ရပ်နေသောတပ်မှူးသည် ကိုယ်တော်အသက်ချုပ်ငြိမ်း တော်မူပုံကို တွေ့မြင်သောအခါ “ဤသူသည် အမှန်ပင် ဘုရားသခင်၏သားတော်ဖြစ်သည်”ဟု ဆိုလေ၏။
[40] ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။
[41] သူတို့သည် ဂါလိလဲနယ်၌ ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်သို့လိုက်၍ ကိုယ်တော်ကိုလုပ်ကျွေးပြုစုခဲ့သူများဖြစ်ကြ၏။ သူတို့အပြင် ကိုယ်တော်နှင့်အတူ ဂျေရုဆလင်မြို့သို့လိုက်ပါလာသည့် များစွာသောအခြားအမျိုးသမီးများလည်းရှိကြ၏။
[42] ထိုနေ့သည် ပြင်ဆင်ရာနေ့တည်းဟူသော အဖိတ်နေ့ဖြစ်သဖြင့် ညနေချမ်းအချိန်ရောက်သောအခါ
[43] ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
[44] ပိလတ်မင်းသည် ယေရှုသေဆုံးပြီလောဟုအံ့ဩ၍ တပ်မှူးကိုခေါ်လျက် ယေရှုသေဆုံးပြီဖြစ်ကြောင်း ဟုတ်၊ မဟုတ်မေးလေ၏။
[45] တပ်မှူးထံမှ ဟုတ်မှန်ကြောင်းသိရလျှင် အလောင်းတော်ကို ယောသပ်အားပေးလေ၏။
[46] ထိုအခါ ယောသပ်သည် ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူထဲတွင်သွင်းထား၏။ ထို့နောက် ကျောက်တုံးကိုလှိမ့်၍ သင်္ချိုင်းဂူဝကို ပိတ်ထားလေ၏။
[47] မာဂဒလမြို့သူမာရိနှင့် ယောသေ၏မိခင်ဖြစ်သောမာရိတို့သည်လည်း မည်သည့်နေရာ၌ အလောင်းတော်ထားကြသည်ကို ကြည့်ရှုကြ၏။