Skip to content
Opens in a new window
Listen to this chapter • 7:31

[1] ရှောလု​သည်​လည်း သတေဖန်​အသတ်​ခံရ​သည့်​အမှု​၌ အလိုတူအလိုပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေရုဆလင်​မြို့​ရှိ​အသင်းတော်​အပေါ် ပြင်းထန်​သော​ညှဉ်းဆဲ​မှု​ဖြစ်ပေါ်​လာ​သဖြင့် တမန်တော်​တို့​မှတစ်ပါး သင်းဝင်​သူ​အပေါင်း​တို့​သည် ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်လျှောက်​သို့ ကွဲလွင့်​သွား​ကြ​၏။

[2] ဘုရား​တရား​ကြည်ညို​သော​သူ​တို့​သည် သတေဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အတွက် ရင်ဘတ်စည်တီး​လျက် ပြင်းစွာ​ငိုကြွေး​ကြ​၏။

[3] ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။

[4] ကွဲလွင့်​သွား​သော​သူ​တို့​မူကား နှုတ်ကပတ်​တရား​ကို လှည့်လည်​ဟောပြော​ကြ​၏။

[5] ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့ ​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။

[6] လူထု​ပရိသတ်​တို့​သည် ဖိလိပ္ပု​ပြု​သော​နိမိတ်​လက္ခဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သောအခါ သူ​ဟောပြော​သည့်​အရာ​များ​ကို တညီတညွတ်တည်း​ဂရုစိုက်​နားထောင်​ကြ​၏။

[7] အကြောင်းမူကား များစွာ​သော​သူ​တို့​ထံ၌​ပူး​နေ​သည့် ညစ်ညူး​သော​နတ်​တို့​သည် ကျယ်လောင်​သော​အသံ​ဖြင့်​အော်ဟစ်​လျက် ထွက်သွား​ကြ​၏။ လေဖြတ်​သော​သူ​နှင့် ခြေ​မသန်စွမ်း​သူ​များစွာ​တို့​သည်​လည်း အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။

[8] သို့ဖြစ်၍ ထို​မြို့​၌ ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​ရှိ​လေ​၏။

[9] ထို​မြို့​တွင် ရှိမုန်​အမည်​ရှိ​သော လူ​တစ်​ဦး​ရှိ​၏။ သူ​သည် ယခင်​ကတည်းက မှော်အတတ်​ကို​သုံး​၍ ရှမာရိ​နယ်သား​တို့​ကို အံ့ဩ​ငေးမော​စေ​ကာ မိမိကိုယ်ကို​ထူးမြတ်​သူ​တစ်​ဦး​ဖြစ်​သည်​ဟု​ဆို​လေ့​ရှိ​၏။

[10] လူကြီး​လူငယ်​ရှိသမျှ​တို့​သည် သူ့​ကို​အာရုံစိုက်​လျက် “ဤ​သူ​သည် ကြီးမြတ်​ခြင်း​ဟု​ခေါ်​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

[11] သူ​တို့​သည် သူ့​ကို​အာရုံစိုက်​ကြ​ခြင်း​မှာ သူ​သည် ကာလ​ကြာမြင့်​စွာ မှော်အတတ်​ဖြင့် သူ​တို့​ကို အံ့ဩ​ငေးမော​စေ​ခဲ့​သောကြောင့်​ဖြစ်​၏။

[12] သို့သော် ဖိလိပ္ပု​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ယေရှု​ခရစ်တော်​၏​နာမ​တော်​အကြောင်း​ကို ဟောပြော​သောအခါ လူ​တို့​သည် ယုံကြည်​လျက် ယောက်ျား​များ​မှစ၍ မိန်းမ​များ​ပါ ဗတ္တိဇံ​ခံ​ကြ​၏။

[13] ရှိမုန်​ကိုယ်တိုင်​သည်​လည်း ယုံကြည်​၍ ဗတ္တိဇံ​ခံ​ကာ ဖိလိပ္ပု​ကို​ဆည်းကပ်​လျက် နိမိတ်​လက္ခဏာ​များ​နှင့် ကြီးမား​သော​တန်ခိုး​လက္ခဏာ​များ​ဖြစ်ပေါ်​သည်​ကို တွေ့မြင်​၍ အံ့ဩ​ငေးမော​နေ​၏။

[14] ရှမာရိ​နယ်သား​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို​လက်ခံ​ကြ​ကြောင်း ဂျေရုဆလင်​မြို့​တွင်​ရှိ​သော တမန်တော်​တို့​သည် ကြားသိ​ကြ​သောအခါ ပေတရု​နှင့်​ယောဟန်​တို့​ကို သူ​တို့​ထံသို့​စေလွှတ်​ကြ​၏။

[15] ထို​တမန်တော်​နှစ်​ပါး​သည်​ရောက်လာ​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ထို​သူ​တို့​ခံယူ​ရရှိ​မည့်​အကြောင်း သူ​တို့​အတွက်​ဆုတောင်း​ပေး​ကြ​၏။

[16] အဘယ်ကြောင့်​ဆိုသော် ထို​သူ​တို့​သည် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ရုံ​မျှသာ​ရှိ​ကြ​ပြီး သူ​တို့​တွင် မည်သူ့​အပေါ်၌​မျှ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​ခြင်း​မ​ရှိ​သေး​ချေ။

[17] ထို့နောက် ပေတရု​နှင့်​ယောဟန်​တို့​သည် သူ​တို့​အပေါ်​လက်​တင်​ကြ​သောအခါ သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​ကြ​၏။

[18] တမန်တော်​တို့​လက်​တင်​ခြင်း​အားဖြင့် ဝိညာဉ်​တော် ​ကို လူ​တို့​ရရှိ​ကြောင်း ရှိမုန်​မြင်​လျှင် တမန်တော်​တို့​ထံသို့ ငွေ​ကို​ယူဆောင်​လာ​၍

[19] “အကျွန်ုပ်​လက်​တင်​သူ​တိုင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံယူ​ရရှိ​စေရန် အကျွန်ုပ်​အား​လည်း ဤ​အခွင့်​ကို​ပေး​ပါ”​ဟု ဆို​လေ​၏။

[20] ထိုအခါ ပေတရု​က “သင်​သည် ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို ငွေ​အားဖြင့်​ဝယ်ယူ​နိုင်​သည်​ဟု​ထင်မှတ်​သောကြောင့် သင်​၏​ငွေ​သည် သင်​နှင့်အတူ​ပျက်စီး​ပါစေ။

[21] သင်​၏​စိတ်နှလုံး​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ မ​မှန်ကန်​သောကြောင့် သင်​သည် ဤ​အမှုအရာ​၌ ပါဝင်​ခွင့်​မ​ရှိ။ သင့်​ဝေစု​လည်း​မ​ရှိ။

[22] ထို့ကြောင့် သင်​၌​ရှိ​သော ဤ​မကောင်းမှု​အတွက် နောင်တရ​လျက် သခင်​ဘုရား ​ထံ​ဆုတောင်း​လော့။ သို့ပြုလျှင် သင့်​စိတ်နှလုံး​၏​အကြံအစည်​အတွက် သင်​သည် ခွင့်လွှတ်​ခြင်း​ခံရ​ကောင်း​ခံရ​လိမ့်မည်။

[23] အကြောင်းမူကား သင်​သည် ခါးသီး​သော​သည်းခြေ​နှင့် မတရားမှု​၏​အနှောင်အဖွဲ့​ထဲ၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

[24] ရှိမုန်​က​လည်း “သင်​တို့​ပြော​သည့်​အရာ​တစ်ခုမျှ အကျွန်ုပ်​အပေါ်​မ​သက်ရောက်​စေရန် အကျွန်ုပ်​အတွက် သခင်​ဘုရား​ထံ ဆုတောင်း​ပေး​ကြ​ပါ”​ဟု ပြန်ပြော​လေ​၏။

[25] ပေတရု​နှင့်​ယောဟန်​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို သက်သေခံ​၍​ဟောပြော​ကြ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ရင်း ရှမာရိ​နယ်သား​တို့​၏​ကျေးရွာ​များစွာ​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။

[26] တစ်ဖန် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​က ဖိလိပ္ပု​အား “သင်​သည်​ထ​၍ ဂျေရုဆလင်​မြို့​မှ ဂါဇာ​မြို့​သို့ ဆင်း​သွား​ရာ​လမ်း​အတိုင်း တောင်​ဘက်​သို့​သွား​လော့”​ဟု မြွက်ဆို​၏။ ထို​လမ်း​သည် တော​ကန္တာရ​လမ်း​ဖြစ်​၏။

[27] ထို့ကြောင့် ဖိလိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထိုစဉ် အီသီယိုးပီးယား​ဘုရင်မ​ကန္ဒက်​၏​မှူးမတ်​ကြီး​ဖြစ်​ပြီး ဘုရင်မ​၏​ဘဏ္ဍာ​အားလုံး​ကို စီမံ​အုပ်ချုပ်​ရ​သော အီသီယိုးပီးယား​ပြည်သား​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​သို့ လာရောက်​ဝတ်ပြု​ကိုးကွယ်​ပြီး

[28] အပြန်​ခရီး​တွင် မိမိ​၏​ရထား​ပေါ်၌​ထိုင်​လျက် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို​ဖတ်​နေ​၏။

[29] ထိုအခါ ဝိညာဉ်​တော်​သည် ဖိလိပ္ပု​အား “ထို​ရထား​အနီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။

[30] ဖိလိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပရောဖက်​ဟေရှာယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သဖြင့် “သင်​ဖတ်​နေ​သော​အရာ​ကို နားလည်​ပါ​သလော”​ဟု မေး​လေ​၏။

[31] ထို​မှူးမတ်​က​လည်း “အကျွန်ုပ်​အား ရှင်းပြ​ပေး​သူ​မ​ရှိ​လျှင် မည်သို့​နားလည်​နိုင်​ပါ​မည်နည်း”​ဟု ဆို​ပြီးလျှင် ဖိလိပ္ပု​အား ရထား​ပေါ်​တက်​၍ မိမိ​နှင့်အတူ​ထိုင်​ရန် ဖိတ်ခေါ်​လေ​၏။

[32] ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ သိုးသငယ်​သည် အမွေး​ညှပ်​သူ​ရှေ့၌ တိတ်ဆိတ်​စွာ​နေ​သကဲ့သို့ မိမိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

[33] သူ​သည်​နှိမ့်ချ​ခြင်း​ခံရ​စဉ်​၌ သူ့​အတွက် တရား​သဖြင့်​စီရင်​ပေး​ခြင်း​မ​ရှိ​ကြ။ သူ​၏​အသက်​သည် မြေကြီး​ပေါ်မှ နုတ်ယူ​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​၏​မျိုးဆက်​ကို မည်သူ​ပြောပြ​နိုင်​မည်နည်း” ​ဟူ၍ ဖြစ်​၏။

[34] ထိုအခါ မှူးမတ်​က ဖိလိပ္ပု​အား “သင့်​ကို​မေး​ပါရစေ။ ပရောဖက်​သည် မည်သူ့​အကြောင်း​ကို ဤသို့​ပြော​ထား​ပါ​သနည်း။ မိမိ​ကိုယ်တိုင်​အကြောင်း​လော၊ သို့မဟုတ် အခြား​သော​သူ​တစ်စုံတစ်ဦး​၏​အကြောင်း​လော”​ဟု ဆို​လေ​၏။

[35] ဖိလိပ္ပု​သည်​လည်း မိမိ​နှုတ်​ကို​ဖွင့်​လျက် ဤ​ကျမ်းချက်​မှ​အစပြု​၍ ယေရှု​အကြောင်း​ကို သူ့​အား ဟောပြော​လေ​၏။

[36] သူ​တို့​သည် လမ်း​အတိုင်း ခရီးဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အရပ်​သို့​ရောက်လာ​သဖြင့် မှူးမတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အကျွန်ုပ်​ဗတ္တိဇံ​ခံ​ရန် တားဆီး​သည့်​အရာ​ရှိ​ပါ​သလော”​ဟု ဆို​၏။

[37] [ထိုအခါ ဖိလိပ္ပု​က “သင်​သည် စိတ်နှလုံး​အကြွင်းမဲ့​ယုံကြည်​လျှင် ဗတ္တိဇံ​ခံယူ​နိုင်​ပါ​သည်”​ဟု ဆို​သော် မှူးမတ်​က “ယေရှု​ခရစ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း အကျွန်ုပ်​ယုံကြည်​ပါ​၏”​ဟု ပြန်​ပြော​ပြီးလျှင်]

[38] ရထား​ကို​ရပ်​စေရန် အမိန့်​ပေး​လေ​၏။ ထို့နောက် ဖိလိပ္ပု​နှင့်​မှူးမတ် နှစ်ဦးစလုံး​တို့​သည် ရေ​ထဲသို့​အတူတကွ​ဆင်းသွား​ကြ​၍ ဖိလိပ္ပု​သည် မှူးမတ်​အား ဗတ္တိဇံ​ပေး​လေ​၏။

[39] ရေ​ထဲမှ​တက်​လာ​ကြ​သောအခါ ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ဖိလိပ္ပု​ကို ချီဆောင်​သွား​တော်မူ​သဖြင့် ထို​မှူးမတ်​သည် ဖိလိပ္ပု​ကို နောက်ထပ် မ​တွေ့ရ​တော့​ပေ။ သို့သော် သူ​သည် ဝမ်းမြောက်​လျက် မိမိ​၏​ခရီး​ကို ဆက်သွား​လေ​၏။

[40] ဖိလိပ္ပု​မူကား အာဇုတ်​မြို့​၌​ပေါ်လာ​၍ ဆီဇာရီးယား​မြို့​သို့​ရောက်​သည့်​တိုင်အောင် မြို့​ရွာ​အားလုံး​တို့​ကို​လှည့်လည်​၍ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​လေ​၏။

တမန်တော်ဝတ္ထု — Chapters