Skip to content
Opens in a new window
Listen to this chapter • 7:08

[1] ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ပေါလု​အား “သင့်​အကြောင်း​ကို သင်​ကိုယ်တိုင်​ပြောဆို​နိုင်​ပြီ”​ဟု အမိန့်​ရှိ​သဖြင့် ပေါလု​သည် လက်​ကို​ဆန့်​၍

[2] “အဂြိပ္ပ​မင်းကြီး၊ ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​အပေါ်​စွဲဆို​ထား​သည့်​အမှု​အားလုံး​နှင့်​ပတ်သက်၍ အရှင်​မင်းကြီး​၏​ရှေ့​တော်​၌ ယနေ့ ချေပ​ပြောဆို​ရ​တော့မည်​ကို မင်္ဂလာ​တစ်ပါး​ဖြစ်​သည်​ဟု အကျွန်ုပ်​မှတ်ယူ​ပါ​သည်။

[3] အထူးသဖြင့် အရှင်​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ဓလေ့​ထုံးစံ​နှင့် ပြဿနာ​အလုံးစုံ​တို့​ကို သိကျွမ်း​သူ​ဖြစ်​သောကြောင့် ဖြစ်​ပါ​သည်။ ထို့ကြောင့် အကျွန်ုပ်​၏​လျှောက်ထား​ချက်​ကို စိတ်ရှည်​စွာ​နားထောင်​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​သည်။

[4] အကျွန်ုပ်​သည် မိမိ​လူမျိုး​ထဲ၌​လည်းကောင်း၊ ဂျေရုဆလင်​မြို့​၌​လည်းကောင်း အစ​ပြု​ခဲ့​သည့် ငယ်ရွယ်​စဉ်​ဘဝ​မှစ၍ အကျွန်ုပ်​မည်ကဲ့သို့​ပြုမူ​နေထိုင်​ခဲ့​သည်​ကို ဂျူး​လူမျိုး​အားလုံး​သိ​ကြ​ပါ​သည်။

[5] သူ​တို့​သည် အကျွန်ုပ်​ကို ယခင်ကတည်းက သိ​ထား​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘာသာ​တွင် စည်းမျဉ်း​အတင်းကျပ်​ဆုံး​သော​ဂိုဏ်း​ဖြစ်​သည့် ဖာရိရှဲ​ဂိုဏ်း​ဝင်​တစ်​ဦး​အဖြစ် အသက်ရှင်​ခဲ့​ကြောင်း သူ​တို့​သက်သေခံ​လို​လျှင် သက်သေခံ​နိုင်​ပါ​သည်။

[6] ယခု အကျွန်ုပ်​သည် အကျွန်ုပ်​တို့​ဘိုးဘေး​များ​အား ဘုရားသခင်​ပေး​ထား​သော​ကတိ​တော်​နှင့်ဆိုင်သည့် မျှော်လင့်​ခြင်း​အတွက် ရပ်​လျက် စစ်ဆေး​စီရင်​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​သည်။

[7] အကျွန်ုပ်​တို့​၏​မျိုးနွယ်စု တစ်ဆယ့်နှစ်​မျိုး​သည် နေ့​ရော​ည​ပါ စိတ်အားထက်သန်​စွာ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​လျက် ထို​ကတိ​တော်​အတိုင်း ခံစား​ရ​ရန် မျှော်လင့်​နေ​ကြ​ပါ​သည်။ အရှင်​မင်းကြီး၊ အကျွန်ုပ်​သည် ဤ​မျှော်လင့်​ခြင်း​အတွက် ဂျူး​လူမျိုး​တို့​၏​စွဲဆို​ခြင်း​ကို​ခံ​နေ​ရ​ပါ​သည်။

[8] သေလွန်​သော​သူ​တို့​အား ဘုရားသခင်​ထမြောက်​စေ​တော်မူ​သည်​ကို မ​ယုံ​နိုင်​စရာ​ဟု အရှင်​တို့ အဘယ်ကြောင့်​ထင်မှတ်​ကြ​ပါ​သနည်း။

[9] အမှန်စင်စစ် အကျွန်ုပ်​ကိုယ်တိုင်​သည်​လည်း နာဇရက်​မြို့သား​ယေရှု​၏​နာမ​တော်​အား ဆန့်ကျင်​သည့်​အမှု​များစွာ​တို့​ကို​ပြု​ရ​မည်​ဟု​ထင်မှတ်​၍

[10] ဂျေရုဆလင်​မြို့​တွင် ထို​အတိုင်း​ပြု​ခဲ့​ပါ​သည်။ အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံမှ အခွင့်​အာဏာ​ကို​ရရှိ​လျက် များစွာ​သော​သန့်ရှင်း​သူ​တို့​ကို ထောင်​ထဲ၌​ပိတ်လှောင်​ထား​ကာ သူ​တို့​အသတ်​ခံရ​သည့်​အခါ​လည်း ထောက်ခံ​ခဲ့​ပါ​သည်။

[11] ဝတ်ပြု​စည်းဝေး​ကျောင်း ​တိုင်း​တွင်​လည်း သူ​တို့​ကို မကြာခဏ​ပြစ်ဒဏ်​ပေး​လျက် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​ရန် အတင်းအကျပ်​စေခိုင်း​ခဲ့​ပါ​သည်။ ထိုမျှမက သူ​တို့​အပေါ် အလွန်​ဒေါသ​ထွက်​၍ တိုင်းတစ်ပါး​မြို့​များ​သို့​တိုင်အောင် သူ​တို့​ကို လိုက်လံ​ညှဉ်းဆဲ​ခဲ့​ပါ​သည်။

[12] ဤသို့ဖြင့် အကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​၏​ခွင့်ပြု​ချက်​နှင့်​အခွင့်​အာဏာ​တို့​ပါလျက် ဒမတ်စကပ်​မြို့​သို့​သွား​စဉ်

[13] မွန်းတည့်​ချိန်​တွင် လမ်း​၌ နေ​ရောင်ခြည်​ထက်​မက​တောက်ပ​သော ကောင်းကင်​မှ​အလင်း​သည် အကျွန်ုပ်​မှစ၍ အကျွန်ုပ်​နှင့်အတူ​ခရီး​သွား​သူ​များ​ပတ်လည်​တွင် ထွန်းလင်း​သည်​ကို အကျွန်ုပ်​မြင်​ရ​ပါ​သည်၊ အရှင်​မင်းကြီး။

[14] အကျွန်ုပ်​တို့​အားလုံး​သည် မြေ​ပေါ်သို့​လဲကျ​သွား​ရာ ဟေဗြဲ​ဘာသာစကား​ဖြင့်‘ ရှောလု ၊ ရှောလု ၊ သင် သည် အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်း ။ တုတ်ချွန် ကို ကန် ရန် သင့် အတွက် ခက် ၏ ’ ​ဟု အကျွန်ုပ်​အား​ပြော​သော​အသံ​ကို အကျွန်ုပ်​ကြား​ရ​ပါ​သည်။

[15] ထိုအခါ အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေးလျှောက်​လျှင် သခင်​ဘုရား​က ‘ ငါ သည် သင် ညှဉ်းဆဲ သော ယေရှု ဖြစ် ၏ ။

[16] သင် သည် ထ ၍ သင့် ခြေ ဖြင့် မတ်တတ်ရပ် လော့ ။ ငါ သည် သင့် ထံ ထင်ရှား သည် မှာ ငါ့ ကို သင် မြင် ရ သည့် အကြောင်း နှင့် သင့် အား ငါ ထင်ရှားပြ မည့် အရာ များ အတွက် သင့် ကို အမှု တော် ဆောင် အဖြစ် လည်းကောင်း ၊ သက်သေ အဖြစ် လည်းကောင်း ခန့်ထား ရန် ဖြစ် ၏ ။

[17] ငါ သည် ဂျူး လူမျိုး ၏ လက် မှ လည်းကောင်း ၊ လူမျိုးခြား တို့ ၏ လက် မှ လည်းကောင်း သင့် ကို ကယ်နုတ် မည် ။ ထို သူ တို့ ထံသို့ သင့် ကို ငါ စေလွှတ် ၏ ။

[18] ဤသည်ကား သူ တို့ ၏ မျက်စိ ကို ဖွင့် ပေး ၍ သူ တို့ ကို အမှောင် မှ အလင်း သို့ လည်းကောင်း ၊ စာတန် ၏ အခွင့် အာဏာ မှ ဘုရားသခင် ထံသို့ လည်းကောင်း ပြောင်းလဲ စေ သဖြင့် သူ တို့ သည် ငါ့ ကို ယုံကြည် ခြင်း အားဖြင့် အပြစ် များ ခွင့်လွှတ် ခြင်း ကျေးဇူး ကို ခံစားရ ကာ သန့်ရှင်း စေ ခြင်း ခံရ သော သူ တို့ ထဲတွင် ပါဝင် ရ မည့် အကြောင်း တည်း ’ ​ဟု မိန့်​တော်မူ​ခဲ့​ပါ​သည်။

[19] ထို့ကြောင့် အဂြိပ္ပ​မင်းကြီး၊ အကျွန်ုပ်​သည် ကောင်းကင်ဘုံ​မှ​ဗျာဒိတ်​ရူပါရုံ​ကို နားမထောင်​၍​မ​နေ​ဘဲ

[20] ဦးစွာ ဒမတ်စကပ်​မြို့​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ ထို့နောက် ဂျေရုဆလင်​မြို့​နှင့် ယုဒ​နယ်​တစ်နယ်လုံး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း၊ လူမျိုးခြား​တို့​ကို​လည်းကောင်း နောင်တရ​၍ ဘုရားသခင်​ထံ​ပြောင်းလဲ​ကာ နောင်တ​နှင့်​ထိုက်တန်​သော​အမှု​များ​ကို ပြု​ကြ​ရန် ဟောပြော​ခဲ့​ပါ​သည်။

[21] ဤ​အကြောင်း​များ​ကြောင့် ဂျူး​လူမျိုး​တို့​သည် အကျွန်ုပ်​ကို ဗိမာန်​တော်​၌​ဖမ်းဆီး​၍ သတ်​ရန်​ကြိုးစား​ခဲ့​ကြ​သည်။

[22] သို့ရာတွင် အကျွန်ုပ်​သည် ဘုရားသခင်​၏​မစ​ခြင်း​ကျေးဇူး​ကို​ခံစား​ရ​၍ ယနေ့​တိုင်အောင် ရပ်​လျက် လူကြီး​လူငယ်​တို့​အား သက်သေခံ​နေ​ပါ​သည်။ ထိုသို့​သက်သေခံ​ရာ​၌ နောင်တွင် ဖြစ်ပျက်​မည်​ဟု မောရှေ​နှင့်​ပရောဖက်​တို့​ဟောပြော​ခဲ့​သည့်​အရာ​များ​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မ​ပြောဆို​ခဲ့​ပါ။

[23] သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်” ​ဟု ချေပ​ပြောဆို​လေ​၏။

[24] ပေါလု​သည် ဤသို့​ချေပ​ပြောဆို​နေ​စဉ် ဖေတ္တု​မင်း​က “ပေါလု၊ သင်​သည်​ရူးသွပ်​နေ​ပြီ။ သင်​၏​လွန်ကဲ​သော​ကျမ်းဂန်​လေ့လာ​မှု​သည် သင့်​ကို သူရူး​ဖြစ်​စေ​ပြီ”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် ဆို​လေ​၏။

[25] သို့သော် ပေါလု​က “မြတ်​သော​ဖေတ္တု​မင်း၊ အကျွန်ုပ်​မ​ရူးသွပ်​ပါ။ မှန်ကန်​၍ သင့်မြတ်​သော​စကား​တို့​ကို ပြောဆို​နေ​ခြင်း​သာ ဖြစ်​ပါ​သည်။

[26] အဂြိပ္ပ​မင်းကြီး​သည် ဤ​အကြောင်းအရာ​များ​ကို သိ​တော်မူ​သည်​ဖြစ်၍ ရှေ့​တော်​၌ ရဲရင့်​စွာ​ပြောဆို​နေ​ခြင်း​ဖြစ်​ပါ​သည်။ ဤ​အရာ​များ​သည် ဆိတ်ကွယ်​ရာ​အရပ်​၌​ဖြစ်ပျက်​ခဲ့​သည့်​အရာ​မ​ဟုတ်​သောကြောင့် ၎င်း​တို့​ထဲမှ မင်းကြီး​မသိ​သော​အရာ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု အကျွန်ုပ်​ထင်မြင်​ပါ​သည်။

[27] အဂြိပ္ပ​မင်းကြီး၊ အရှင်​သည် ပရောဖက်​ကျမ်း​များ​ကို ယုံကြည်​တော်မူ​ပါ​သလော။ ယုံကြည်​တော်မူ​ကြောင်း အကျွန်ုပ်​သိ​ပါ​သည်”​ဟု လျှောက်​လေ​၏။

[28] ထိုအခါ အဂြိပ္ပ​မင်းကြီး​က “သင်​သည် တိုတောင်း​သော​အချိန်​အတွင်း​၌ ငါ့​ကို​ခရစ်ယာန်​ဖြစ်​အောင် စည်းရုံး​နေ​ပါ​တကား”​ဟု ပေါလု​အား ဆို​လေ​၏။

[29] ပေါလု​က​လည်း “တိုတောင်း​သော​အချိန်​အတွင်း​ဖြစ်စေ၊ ကြာရှည်​သော​အချိန်​အတွင်း​ဖြစ်စေ အရှင်​မင်းကြီး​သာမက ယနေ့ အကျွန်ုပ်​၏​စကား​ကို​နားထောင်​သူ​အပေါင်း​တို့​သည်​လည်း ဤ​ချည်နှောင်​ခြင်း​မှတစ်ပါး အကျွန်ုပ်​ကဲ့သို့​ဖြစ်လာ​ကြ​ရန် ဘုရားသခင်​ထံ အကျွန်ုပ်​ဆုတောင်း​ပါ​သည်”​ဟု လျှောက်​လေ​၏။

[30] ထိုအခါ မင်းကြီး​နှင့်​ဘုရင်ခံ​တို့​သည်​ထ​ပြီး မိဖုရား​ဗေရနိတ်​မှစ၍ သူ​တို့​နှင့်အတူ​ထိုင်​နေ​သော​သူ​တို့​သည်​လည်း ထ​ကြ​၏။

[31] သူ​တို့​သည် ထွက်ခွာ​သွား​ပြီးနောက် “ဤ​သူ​သည် သေဒဏ်​၊ သို့မဟုတ် အချုပ်အနှောင်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​မျှ မ​ပြု​ခဲ့​ပါ” ​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[32] အဂြိပ္ပ​မင်းကြီး​က​လည်း ဖေတ္တု​မင်း​အား “ဤ​သူ​သည် ဆီဇာ​ဧကရာဇ်​ထံ အယူခံ​မ​ဝင်​ခဲ့​လျှင် သူ့​ကို​လွှတ်ပေး​နိုင်​သည်” ​ဟု ဆို​လေ​၏။

တမန်တော်ဝတ္ထု — Chapters