[1] ထို့နောက် ပေါလုသည် အေသင်မြို့မှ ထွက်ခွာ၍ ကောရိန္သုမြို့သို့ ရောက်လေရာ
[2] ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍
[3] အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
[4] ပေါလုသည် ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုစည်းဝေးကျောင်း ၌ ဆွေးနွေးပြောဆိုလျက် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကို စည်းရုံးလေ၏။
[5] သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
[6] သို့သော် ဂျူးလူမျိုးတို့သည် သူ့ကိုဆန့်ကျင်၍ စော်ကားပြောဆိုကြ သောအခါ သူသည် အဝတ်ကိုခါချလျက် “သင်တို့၏သွေးသည် သင်တို့ခေါင်းပေါ်၌တည်စေ။ ငါမူကား ၎င်းနှင့်ကင်းရှင်း၏။ ယခုမှစ၍ ငါသည် လူမျိုးခြားတို့ထံသွားမည်”ဟု ဆိုပြီးလျှင်
[7] ထိုနေရာမှ ထွက်ခွာ၍ ဘုရားသခင်ကိုကိုးကွယ်သော တိတု ယုစတုအမည်ရှိသောသူ၏အိမ်သို့ သွားလေ၏။ သူ၏အိမ်သည် ဝတ်ပြုစည်းဝေးကျောင်းနှင့်ကပ်လျက်ရှိ၏။
[8] ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။
[9] တစ်ညတွင် သခင်ဘုရားသည် ရူပါရုံအားဖြင့် ပေါလုအား“ မ ကြောက် နှင့် ။ တိတ်ဆိတ် စွာ မ နေ ဘဲ ဟောပြော လော့ ။
[10] အကြောင်းမူကား ငါ သည် သင် နှင့်အတူ ရှိ ၏ ။ မည်သူမျှ သင့် ကို မတရား နှိပ်စက် ၍ ထိခိုက် စေ မည် မ ဟုတ် ။ ဤ မြို့ တွင် ငါ နှင့်ဆိုင်သော လူ များစွာ ရှိ ၏ ” ဟု မိန့်တော်မူ၏။
[11] သို့ဖြစ်၍ ပေါလုသည် ထိုမြို့၌ တစ်နှစ်နှင့်ခြောက်လနေထိုင်လျက် သူတို့အလယ်တွင် ဘုရားသခင်၏နှုတ်ကပတ်တရားကို သွန်သင်လေ၏။
[12] သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
[13] “ဤသူသည် ပညတ်တရားနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို ကိုးကွယ်ကြရန် လူတို့ကိုစည်းရုံးနေပါသည်”ဟု လျှောက်ကြ၏။
[14] ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
[15] သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက်
[16] သူတို့ကို တရားခွင်မှ နှင်ထုတ်လေ၏။
[17] ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
[18] ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
[19] သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
[20] လူတို့သည် သူ့အားပို၍ကြာမြင့်စွာနေထိုင်ရန် တောင်းပန်ကြသော်လည်း သူသည် မလိုက်လျောဘဲ
[21] “ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ထံသို့ နောက်တစ်ဖန် ငါပြန်လာဦးမည်” ဟု ဆိုလျက် သူတို့အား နှုတ်ဆက်ပြီးလျှင် ဧဖက်မြို့မှ ရွက်လွှင့်သွားလေ၏။
[22] ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
[23] သူသည် ထိုနေရာ၌ အချိန်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂလာတိပြည်နှင့်ဖြူဂိပြည်တို့ကို အစဉ်လိုက်လှည့်လည်ကာ တပည့်တော်အားလုံးတို့ကို ခိုင်ခံ့မြဲမြံစေ၏။
[24] ထိုစဉ် အာပေါလုအမည်ရှိသော အလက်ဇန္ဒြိယမြို့သား ဂျူးလူမျိုးတစ်ဦးသည် ဧဖက်မြို့သို့ရောက်လာ၏။ သူသည် နှုတ်ရေးကောင်း၍ ကျမ်းစာကိုလည်း တတ်ကျွမ်းသူဖြစ်၏။
[25] သူသည် သခင်ဘုရား၏တရားလမ်းကို သင်ယူထားပြီး ဝိညာဉ်ရေး၌ထက်သန်လျက် ယေရှု အကြောင်းကို တိကျသေချာစွာဟောပြောသွန်သင်လေ၏။ သို့သော် ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။
[26] သူသည် ဝတ်ပြုစည်းဝေးကျောင်း၌ ရဲရင့်စွာဟောပြောလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည် သူဟောပြောသည်ကိုကြားကြသောအခါ သူ့ကိုဖိတ်ခေါ်၍ ဘုရားသခင်၏တရားလမ်းကို ပို၍သေချာစွာရှင်းပြကြ၏။
[27] အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
[28] အကြောင်းမူကား သူသည် ကျမ်းစာအားဖြင့် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ထောက်ပြ လျက် လူအများရှေ့တွင် ဂျူးလူမျိုးတို့ကို ပိုင်နိုင်စွာချေပလေ၏။