[1] “ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
[2] လူတို့သည် မိမိတို့အား ဟေဗြဲဘာသာစကားဖြင့်ပြောကြားသည်ကို ကြားကြသောအခါ ပို၍တိတ်ဆိတ်သွားကြ၏။ ထိုအခါ ပေါလုက
[3] “အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
[4] အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
[5] ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။
[6] သို့သော် အကျွန်ုပ်ခရီးသွား၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
[7] ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ‘ ရှောလု ၊ ရှောလု ၊ သင် သည် အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ သနည်း ’ ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
[8] အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင်‘ ငါ သည် သင် ညှဉ်းဆဲ သော နာဇရက် မြို့သား ယေရှု ဖြစ် ၏ ’ ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
[9] အကျွန်ုပ်နှင့်အတူရှိနေသောသူတို့သည် အလင်းကိုမြင် ကြသော်လည်း အကျွန်ုပ်အားပြောသောအသံကို မကြားရကြပါ။
[10] အကျွန်ုပ်ကလည်း ‘သခင်၊ အကျွန်ုပ်သည် မည်သို့ပြုရမည်နည်း’ဟု လျှောက်လျှင် သခင်ဘုရားက‘ ထ ၍ ဒမတ်စကပ် မြို့ သို့ သွား လော့ ။ ထို မြို့ ၌ သင် ဆောင်ရွက် ရန် စီမံ ထား သော အရာ ရှိသမျှ ကို သင့် အား ပြောပြ လိမ့်မည် ’ ဟု မိန့်တော်မူခဲ့ပါသည်။
[11] အကျွန်ုပ်သည် ထိုအလင်း၏ရောင်ခြည်အရှိန်ကြောင့် မျက်စိမမြင်တော့သဖြင့် အတူရှိနေသောသူတို့က အကျွန်ုပ်ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြပါသည်။
[12] ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်
[13] အကျွန်ုပ်ထံသို့လာ၍ အနီး၌ရပ်ကာ ‘ငါ့ညီရှောလု၊ မျက်စိမြင်စေ’ဟု အကျွန်ုပ်အားဆိုလျှင် ထိုအချိန်၌ပင် အကျွန်ုပ်သည် သူ့ကိုမြင်ရပါသည်။
[14] ထိုအခါ သူက ‘ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိအလိုတော်ကို သိစေရန်လည်းကောင်း၊ ဖြောင့်မတ်သောအရှင်ကို ဖူးမြင်စေရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်မှအသံတော်ကို ကြားစေရန်လည်းကောင်း သင့်ကို ကြိုတင်ခန့်ထားတော်မူပြီ။
[15] အကြောင်းမူကား သင်သည် မိမိမြင်ရ၊ ကြားရသောအရာတို့အတွက် လူအပေါင်းတို့ရှေ့တွင် ကိုယ်တော်၏သက်သေဖြစ်ရလိမ့်မည်။
[16] ယခုမှာ အဘယ်ကြောင့် ဆိုင်းငံ့နေသနည်း။ ထလျက် ကိုယ်တော် ၏နာမတော်ကို ပတ္ထနာပြု၍ ဗတ္တိဇံခံပြီး သင်၏အပြစ်များကိုဆေးကြောလော့’ ဟု ဆိုလေ၏။
[17] ထို့နောက် အကျွန်ုပ်သည် ဂျေရုဆလင်မြို့သို့ပြန်လာပြီး ဗိမာန်တော်၌ဆုတောင်းနေစဉ် အာရုံမှုန်ဝါးတွေဝေ၍
[18] သခင်ဘုရားကိုမြင်ရပါသည်။ ကိုယ်တော်က‘ လူ တို့ သည် ငါ နှင့် ပတ်သက် သော သင် ၏ သက်သေခံ ချက် ကို လက်ခံ ကြ လိမ့်မည် မ ဟုတ် သောကြောင့် မဆိုင်းငံ့ ဘဲ ဂျေရုဆလင် မြို့ မှ အမြန် ထွက်သွား လော့ ’ ဟု အကျွန်ုပ်အား မိန့်တော်မူသည်။
[19] အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်း တစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။
[20] ထို့ပြင် ကိုယ်တော်၏သက်သေဖြစ်သည့် သတေဖန်သတ်ဖြတ်ခြင်းခံရသောအခါ အကျွန်ုပ်ကိုယ်တိုင်သည်လည်း အနီး၌ရပ်နေ၍ အလိုတူအလိုပါဖြစ် ကာ သူ့ကိုသတ်သောသူတို့၏အဝတ်များကို စောင့်ပေးခဲ့ပါ၏’ ဟု လျှောက်ပါသည်။
[21] ထိုအခါ ကိုယ်တော်က‘ သွား လော့ ။ ငါ သည် သင့် ကို လူမျိုးခြား တို့ ရှိ ရာ ဝေး သော အရပ် သို့ စေလွှတ် မည် ’ ဟု အကျွန်ုပ်အား မိန့်တော်မူသည်”ဟု ဆိုလေ၏။
[22] လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ” ဟု ဆိုကြ၏။
[23] လူတို့သည် ထိုသို့အော်ဟစ်လျက် အဝတ်များကိုဝှေ့ယမ်းကာ မြေမှုန့်ကို လေထဲသို့ပစ်လွှင့်ကြစဉ်
[24] တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေး၍ လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်လျက် ထိုသို့အော်ဟစ်ကြသည်ကို သိရှိရန်အတွက် သူ့ကိုကြိမ်ဒဏ်ပေး၍ စစ်ဆေးကြရန် ညွှန်ကြားလေ၏။
[25] သူ့ကို ကြိုးနှင့်ချည်နှောင်ကြသောအခါ ပေါလုက အနီး၌ရပ်နေသောတပ်မှူးအား “သင်တို့၌ ရောမနိုင်ငံသားတစ်ဦးကို မစစ်ဆေးဘဲ ဒဏ်ခတ်ရိုက်နှက်ပိုင်ခွင့်ရှိသလော” ဟု မေးလေ၏။
[26] တပ်မှူးသည် ထိုစကားကိုကြားလျှင် တပ်မှူးကြီးထံချဉ်းကပ်လျက် “သင်မည်သို့ပြုမည်နည်း။ ဤသူသည် ရောမနိုင်ငံသားဖြစ်သည်”ဟု သတင်းပို့လေ၏။
[27] ထိုအခါ တပ်မှူးကြီးသည် ပေါလုထံသို့လာ၍ “ငါ့ကိုပြောပါလော့။ သင်သည် ရောမနိုင်ငံသားဖြစ်သလော”ဟု မေးလျှင် ပေါလုက “ဟုတ်ပါသည်”ဟု ဆို၏။
[28] တပ်မှူးကြီးကလည်း “ငါသည် ငွေအမြောက်အမြားပေး၍ ဤနိုင်ငံသားအဖြစ်ကို ရရှိသည်”ဟု ဆိုလျှင် ပေါလုက “အကျွန်ုပ်သည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာခဲ့ပါသည်”ဟု ဆို၏။
[29] ထို့ကြောင့် သူ့ကိုစစ်ဆေးမည့်သူများသည် သူ့ထံမှ ချက်ချင်းဆုတ်ခွာသွားကြ၏။ တပ်မှူးကြီးကလည်း ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင်းသိလျှင် သူ့ကိုချည်နှောင်လိုက်မိသည့်အတွက် ကြောက်ရွံ့လေ၏။
[30] နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှ ဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။