Skip to content
Opens in a new window
Listen to this chapter • 8:27

[1] သို့သော် အာနနိ​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် သူ​၏​ဇနီး ရှဖိရေ​နှင့်အတူ ဥစ္စာ​ပစ္စည်း​ကို​ရောင်း​ပြီးလျှင်

[2] ဇနီး​သည်​နှင့်​သဘောတူ​လျက် အဖိုးငွေ​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​ကာ အချို့​သော​ငွေ​ကို​သာ​ယူဆောင်​လာ​၍ တမန်တော်​တို့​၏​ခြေရင်း​၌​ထား​လေ​၏။

[3] ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။

[4] ထို​မြေ​သည် သင့်​လက်​ထဲ၌​ရှိ​စဉ် သင်​ပိုင်​သည်​မ​ဟုတ်​လော။ ရောင်း​ပြီး​သောအခါ​၌​လည်း ရရှိ​သော​ငွေ​ကို သင်​အလိုရှိ​သည့်​အတိုင်း ပြု​နိုင်​သည်​မ​ဟုတ်​လော။ သို့ဖြစ်ပါလျက်နှင့် သင့်​စိတ်နှလုံး​ထဲ၌ ဤ​အမှု​ကို အဘယ်ကြောင့်​ကြံစည်​ရ​သနည်း။ သင်​သည် လူ​ကို​လိမ်ညာ​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​ကို​လိမ်ညာ​လေ​ပြီ”​ဟု ဆို​၏။

[5] အာနနိ​သည် ထို​စကား​တို့​ကို​ကြား​လျှင် လဲ​၍​သေဆုံး​လေ​၏။ ထို​အခြင်းအရာ​ကို ကြား​ရ​သော​သူ​အားလုံး​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။

[6] ထို့နောက် လူငယ်​တို့​သည်​ဝင်လာ​၍ သူ​၏​အလောင်း​ကို အဝတ်​နှင့်​ပတ်ရစ်​ပြီးလျှင် သယ်ဆောင်​သွား​လျက် သင်္ဂြိုဟ်​ကြ​လေ​၏။

[7] သုံး​နာရီ​ခန့်​ကြာ​သောအခါ အာနနိ​၏​ဇနီး​သည် ဖြစ်ပျက်​ခဲ့​သော​အကြောင်းအရာ​ကို​မ​သိ​ဘဲ ဝင်လာ​၏။

[8] ထိုအခါ ပေတရု​က သူ့​အား “သင်​တို့​သည် ထို​မြေကွက်​ကို ဤမျှနှင့်​ရောင်း​ခဲ့​သည်​မှာ ဟုတ်​၊ မ​ဟုတ် ငါ့​အား​ပြော​လော့”​ဟု မေး​လေ​သော် သူ​က “ဟုတ်​ပါ​၏။ ဤမျှနှင့်​ရောင်း​ခဲ့​ပါ​၏”​ဟု ဆို​၏။

[9] ပေတရု​က​လည်း “သင်​တို့​သည် အဘယ်ကြောင့် သဘောတူ​လျက် ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​ကို​စမ်းသပ်​ကြ​သနည်း။ ကြည့်ရှု​လော့။ သင်​၏​ခင်ပွန်း​ကို သင်္ဂြိုဟ်​ခဲ့​သော​သူ​တို့​၏​ခြေလှမ်း​များ​သည် တံခါး​နား​သို့​ရောက်​နေ​ကြ​ပြီ။ သူ​တို့​သည် သင့်​ကို​လည်း သယ်ဆောင်​သွား​ကြ​လိမ့်မည်”​ဟု ဆို​လေ​၏။

[10] ထို​ခဏချင်း​တွင် သူ​သည် ပေတရု​၏​ခြေ​ရင်း​၌ လဲ​၍​သေဆုံး​လေ​၏။ လူငယ်​များ​သည်​လည်း ဝင်လာ​၍ သေဆုံး​နေ​သော​ထို​အမျိုးသမီး​ကို​တွေ့​လျှင် သယ်ဆောင်​သွား​ကာ သူ​၏​ခင်ပွန်း​အနား​၌ သင်္ဂြိုဟ်​ကြ​၏။

[11] အသင်းတော်​တစ်ခုလုံး​မှစ၍ ထို​အကြောင်း​ကို​ကြား​ရ​သော​သူ​ရှိသမျှ​တို့​သည် အလွန်​ကြောက်ရွံ့​သွား​ကြ​၏။

[12] တမန်တော်​တို့​သည် များစွာ​သော​နိမိတ်​လက္ခဏာ​များ​နှင့်​အံ့သြဖွယ်ရာ​များ​ကို လူ​တို့​အလယ်​တွင်​ပြု​ကြ​၏။ သူ​တို့​အားလုံး​သည် ရှောလမုန်​မုခ်ဆောင်​၌ တစ်စုတစ်ဝေးတည်း​နေ​ကြ​၏။

[13] အခြား​သော​သူ​တို့​မူကား သူ​တို့​နှင့်အတူ မ​ပေါင်းဖော်​ဝံ့​ကြ​ချေ။ သို့သော် လူ​တို့​သည် သူ​တို့​ကို​ချီးမွမ်း​ကြ​၏။

[14] သခင်​ဘုရား​ကို​ယုံကြည်​သူ အမျိုးသား၊ အမျိုးသမီး​အမြောက်အမြား​တို့​သည်​လည်း ပို၍​တိုးပွား​လာ​ကြ​၏။

[15] လူ​တို့​သည် နာမကျန်း​ဖြစ်​သူ​များ​ကို လမ်းမ​ပေါ်သို့​သယ်ဆောင်​လာ​၍ ခုတင်​များ​နှင့် အိပ်ရာ​များ​ပေါ်တွင် ထား​ကြ​ကာ ပေတရု​လာ​သောအခါ သူ​၏​အရိပ်​ကို​ပင် ထို​လူနာ​အချို့​တို့​အပေါ်​သို့​ကျရောက်​စေရန် ကြိုးစား​ကြ​၏။

[16] ဂျေရုဆလင်​မြို့​ပတ်ဝန်းကျင်​ရှိ မြို့​များ​မှ များစွာ​သော​လူ​တို့​သည်​လည်း နာမကျန်း​ဖြစ်​သူ​များ​နှင့် ညစ်ညူး​သော​နတ်​တို့​၏​ပူးဝင်​နှောင့်ယှက်​ခြင်း​ခံရ​သူ​များ​ကို ခေါ်ဆောင်​လာ​၍ စုဝေး​လာ​ကြ​ရာ ထို​သူ​အပေါင်း​တို့​သည် အကောင်းပကတိ​ဖြစ်​လာ​ကြ​၏။

[17] ထိုအခါ ယဇ်ပုရောဟိတ်​မင်း​မှစ၍ သူ​၏​အပေါင်းအဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒုကဲ​ဂိုဏ်း​ဝင်​သူ​အားလုံး​တို့​သည် မနာလို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်

[18] တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။

[19] သို့သော် ည​အခါ​တွင် ထာဝရ​ဘုရား​၏​ကောင်းကင်တမန်​တစ်​ပါး​သည် ထောင်​တံခါး​များ​ကို​ဖွင့်​၍ တမန်တော်​တို့​ကို​ခေါ်ထုတ်​ပြီးလျှင်

[20] “သွား​၍ ဗိမာန်​တော်​ထဲ၌​ရပ်​လျက် ဤ​အသက်ရှင်​ခြင်း​နှင့်ဆိုင်သော တရား​စကား​အလုံးစုံ​တို့​ကို လူ​တို့​အား​ဟောပြော​ကြ​လော့”​ဟု ဆို​၏။

[21] တမန်တော်​တို့​သည်​လည်း​ကြား​လျှင် အရုဏ်တက်​ချိန်​၌ ဗိမာန်​တော်​ထဲသို့​ဝင်​၍ သွန်သင်​ကြ​၏။ ယဇ်ပုရောဟိတ်​မင်း​နှင့် သူ​၏​အပေါင်းအဖော်​တို့​သည် ရောက်လာ​ကြ​သောအခါ တရား​လွှတ်တော်​နှင့် အစ္စရေး​အမျိုးသား​တို့​၏ လူကြီး​အဖွဲ့​အားလုံး​တို့​ကို စုရုံး​စေ​ပြီးလျှင် တမန်တော်​တို့​ကို​ခေါ်လာ​ရန် အစောင့်​တပ်သား​တို့​ကို ထောင်​ခန်း​သို့​စေလွှတ်​လိုက်​ကြ​၏။

[22] သို့သော် အစောင့်​တပ်သား​တို့​သည် ရောက်သွား​သောအခါ တမန်တော်​တို့​ကို ထောင်​ထဲ၌​မ​တွေ့​ရ​ချေ။ ထိုအခါ သူ​တို့​သည်​ပြန်လာ​၍

[23] “ထောင်​ခန်း​ကို မြဲမြံ​လုံခြုံ​စွာ​ပိတ်​ထား​လျက် အစောင့်​များ​လည်း တံခါး​ရှေ့၌​ရပ်​နေ​ကြ​သည်​ကို အကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့သော် ဖွင့်​ကြည့်​လိုက်​သောအခါ အထဲ၌ မည်သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သတင်းပို့​ကြ​၏။

[24] ဗိမာန်​တော်​အစောင့်​တပ်မှူး​နှင့် ​ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဤ​အမှု​သည် မည်သို့​ဖြစ်​လိမ့်​မည်နည်း​ဟု တမန်တော်​တို့​နှင့်​ပတ်သက်၍ ဝေခွဲမရ​ဖြစ်​ကြ​လေ​၏။

[25] ထို​အချိန်​တွင် လူ​တစ်​ဦး​သည်​ရောက်လာ​၍ “ထောင်​ထဲ၌ သင်​တို့​ချထား​သော​သူ​တို့​သည် ဗိမာန်​တော်​ထဲ၌​ရပ်​လျက် လူ​တို့​ကို သွန်သင်​နေ​ကြ​ပါ​သည်”​ဟု သတင်းပို့​လေ​၏။

[26] ထိုအခါ ဗိမာန်​တော်​အစောင့်​တပ်မှူး​သည် အစောင့်​တပ်သား​များ​နှင့်အတူ​သွား​၍ တမန်တော်​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ သို့သော် လူ​တို့​သည် မိမိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုးရိမ်​သဖြင့် အနိုင်အထက်​မ​ပြု​ဘဲ

[27] သူ​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ တမန်တော်​တို့​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​ကြ​သောအခါ ယဇ်ပုရောဟိတ်​မင်း​က

[28] “ဤ​နာမ​ကို​အမှီပြု၍ မ​သွန်သင်​ကြ​ရန် သင်​တို့​အား တင်းကျပ်​စွာ​အမိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့ရာတွင် သင်​တို့​သည် ဂျေရုဆလင်​မြို့​၌ သင်​တို့​၏​သွန်သင်​ချက်​ကို​ပျံ့နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အပေါ်​သက်ရောက်​စေရန် ကြံရွယ်​ကြ​သည်​တကား”​ဟု မေးမြန်း​ပြောဆို​လေ​၏။

[29] သို့သော် ပေတရု​နှင့်​တမန်တော်​တို့​က “လူ​တို့​၏​စကား​ကို နားထောင်​သည်​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏။

[30] ငါ​တို့​ဘိုးဘေး​များ​၏​ဘုရားသခင်​သည် သစ်​တိုင်​ပေါ်၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်မျက်​ခဲ့​သော​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။

[31] ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အား နောင်တရ​ခြင်း​နှင့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ပေး​သနား​တော်မူ​ရန် ထို​အရှင်​ကို စိုးပိုင်​သော​အရှင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​တော်မူ​၏။

[32] ငါ​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် မိမိ​စကား​ကို​နားထောင်​သော​သူ​တို့​အား ပေး​တော်မူ​သည့် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည်​လည်း သက်သေ​ဖြစ်​တော်မူ​၏”​ဟု ပြန်ဖြေ​ကြ​၏။

[33] သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​အမျက်ထွက်​လျက် တမန်တော်​တို့​ကို​သတ်​ရန် ကြံရွယ်​ကြ​၏။

[34] သို့သော် လူ​အားလုံး​က ရိုသေ​လေးစား​သော​ကျမ်းတတ်​ဆရာ​ဖြစ်​သည့် ဂါမလျေလ​အမည်​ရှိ​သော ဖာရိရှဲ​တစ်​ဦး​သည် တရား​လွှတ်တော်​၌​ထ​၍ တမန်တော်​တို့​ကို အပြင်​သို့​ခဏ​ခေါ်ထုတ်​သွား​ရန် အမိန့်​ပေး​ပြီးလျှင်

[35] “အစ္စရေး​အမျိုးသား​တို့၊ ဤ​သူ​တို့​အပေါ်​မည်သို့​ပြု​မည်​ကို သင်​တို့​သတိထား​ကြ​လော့။

[36] အကြောင်းမူကား တစ်ခါက သုဒ​သည်​ပေါ်လာ​၍ မိမိကိုယ်ကို​အရေးပါ​သူ​ဖြစ်​သည်​ဟု​ဆို​သဖြင့် အရေအတွက်​အားဖြင့် လေးရာ​ခန့်​ရှိ​သော​သူ​တို့​သည် သူ့​နောက်​သို့​လိုက်​ခဲ့​ကြ​၏။ သို့သော် သူ​သည် အသတ်​ခံရ​ပြီး သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည် တကွဲတပြား​ဖြစ်​ကြ​လျက် မည်သို့မျှ​အရာမထင်​ခဲ့​ချေ။

[37] ထို​သူ​၏​နောက်​တွင် သန်းခေါင်စာရင်း​ကောက်​ချိန်​၌ ဂါလိလဲ​နယ်သား ယုဒ​သည်​ပေါ်လာ​၍ မိမိ​နောက်​သို့​လိုက်​ကြ​ရန် လူ​တို့​ကို​သွေးဆောင်​ခဲ့​၏။ သူ​သည်​လည်း အသတ်​ခံရ​၍ သူ့​နောက်​သို့​လိုက်​သော​သူ​အားလုံး​တို့​သည်​လည်း ကွဲလွင့်​သွား​ကြ​၏။

[38] သို့ဖြစ်၍ ယခု သင်​တို့​အား ငါ​ပြော​မည်။ ဤ​သူ​တို့​နှင့် ကင်းရှင်း​စွာ​နေ​၍ သူ​တို့​ကို​လွှတ်​ထား​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဤ​အကြံအစည်​၊ သို့မဟုတ် ဤ​လှုပ်ရှား​မှု​သည် လူ​တို့​ထံမှ​ဖြစ်​လျှင် ပျက်စီး​သွား​လိမ့်မည်။

[39] သို့သော် ဘုရားသခင်​ထံမှ​ဖြစ်​လျှင် သူ​တို့​ကို​ဖျက်ဆီး​၍​မ​ရ​နိုင်​သည်​သာမက သင်​တို့​သည် ဘုရားသခင်​ကို​ဆန့်ကျင်​သူ​များ​ဖြစ်သွား​နိုင်​၏”​ဟု ပြောဆို​လေ​၏။ ထို​သူ​တို့​သည်​လည်း သူ​၏​အကြံပေး​ချက်​ကို လက်ခံ​ကြ​၏။

[40] ထို့နောက် တမန်တော်​တို့​ကို​ခေါ်​လျက် ရိုက်နှက်​ပြီးမှ ယေရှု​၏​နာမ​ကို​အမှီပြု၍ ဟောပြော​သွန်သင်​ခြင်း​မ​ပြု​ရန် အမိန့်​ပေး​ကာ ပြန်လွှတ်​လိုက်​ကြ​၏။

[41] တမန်တော်​တို့​သည် နာမ​တော် ​အတွက် အရှက်ခွဲ​ခြင်း​ကို​ခံထိုက်​သူ​များ​အဖြစ် မှတ်ယူ​တော်မူ​ခြင်း​ခံရ​သောကြောင့် ဝမ်းမြောက်​လျက် တရား​လွှတ်တော်​ရှေ့​မှ​ထွက်သွား​ကြ​၏။

[42] ထို့နောက် သူ​တို့​သည် နေ့စဉ်​နေ့တိုင်း ဗိမာန်​တော်​၌​လည်းကောင်း၊ အိမ်​များ​၌​လည်းကောင်း အစဉ်မပြတ်​သွန်သင်​လျက် ယေရှု​သည် ခရစ်တော်​ဖြစ်​သည်​ဟူသော​ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​ကြ​၏။

တမန်တော်ဝတ္ထု — Chapters