[1] ထိုအခါ ယဇ်ပုရောဟိတ်မင်းက ဤထွက်ဆိုချက်အတိုင်းဟုတ်၊ မဟုတ် မေးလေသော်
[2] သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
[3] ‘သင်၏ပြည်နှင့် သင်၏ဆွေမျိုးသားချင်းတို့ထံမှ ထွက်ခွာ၍ သင့်ကို ငါပြမည့်ပြည်သို့ သွားလော့’ ဟု မိန့်တော်မူ၏။
[4] ထိုအခါ သူသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့၌နေထိုင်လေ၏။ သူ၏ဖခင်သေဆုံးပြီးနောက် ဘုရားသခင်သည် သူ့ကို ထိုနေရာမှ ယခု ငါတို့နေထိုင်သောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။
[5] သို့သော် ဤပြည်၌ ခြေချစရာနေရာကိုမျှ အမွေအဖြစ်ပေးတော်မမူဘဲ သူကိုယ်တိုင်နှင့် သူ၏အမျိုးအနွယ်တို့အား ဤပြည်ကိုအပိုင်ပေးမည် ဟု သူ၌ကလေးတစ်ယောက်မျှမရှိမီ သူ့အား ကတိပေးတော်မူ၏။
[6] တစ်ဖန် ဘုရားသခင်က သူ၏အမျိုးအနွယ်သည် သူတစ်ပါး၏တိုင်းပြည်တွင် ဧည့်သည်အဖြစ်နေထိုင်မည်ဖြစ်ကြောင်းနှင့် ထိုတိုင်းပြည်မှလူတို့သည် သူတို့ကိုကျွန်ပြု၍ အနှစ်လေးရာပတ်လုံး မတရားနှိပ်စက်မည်ဖြစ်ကြောင်း မိန့်တော်မူ၏။
[7] ဘုရားသခင်က ‘သူတို့ကျွန်ခံရသောလူမျိုးကို ငါစီရင်မည်။ ထို့နောက် သူတို့သည် ထွက်ခွာလာ၍ ဤနေရာ၌ ငါ့ကိုဝတ်ပြုကြလိမ့်မည်’ ဟု မိန့်တော်မူ၏။
[8] ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရ လေ၏။
[9] မျိုးနွယ်စုဖခင်တို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
[10] သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
[11] ထို့နောက် အီဂျစ်ပြည်နှင့်ခါနာန်ပြည်တစ်ဝန်းလုံးတွင် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကြီးစွာသောဆင်းရဲဒုက္ခတို့ကျရောက်လာသဖြင့် ငါတို့၏ဘိုးဘေးများသည် စားစရာကိုမရရှိနိုင်တော့ချေ။
[12] သို့သော် ယာကုပ်သည် အီဂျစ်ပြည်၌ ဂျုံဆန်ရှိကြောင်းကြား၍ ငါတို့၏ဘိုးဘေးများကို ပထမအကြိမ်စေလွှတ်ခဲ့၏။
[13] ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။
[14] ထို့နောက် ယောသပ်သည် လူလွှတ်၍ မိမိ၏ဖခင်ယာကုပ်နှင့်တကွ ခုနစ်ဆယ့်ငါးယောက်ရှိသော ဆွေမျိုးသားချင်းအားလုံးကို ခေါ်လေ၏။
[15] ဤသို့ဖြင့် ယာကုပ်သည် အီဂျစ်ပြည်သို့ဆင်းသွား၍ သူနှင့် ငါတို့၏ဘိုးဘေးများသည် ထိုပြည်၌သေဆုံးခဲ့ကြ၏။
[16] သူတို့၏အလောင်းကိုမူ ရှေခင်မြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ထိုမြို့နေ ဟာမော်၏သားများထံမှ တန်ဖိုးငွေပေး၍ အာဗြဟံဝယ်ယူထားသောသင်္ချိုင်းဂူ၌ သင်္ဂြိုဟ်ကြ၏။
[17] အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍
[18] အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော အခြားဘုရင်တစ်ပါးပေါ်ထွန်းသည်အထိ ထိုသို့တိုးပွားများပြားလေ၏။
[19] ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။
[20] ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။
[21] ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။
[22] မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။
[23] သူသည် အသက်လေးဆယ်ပြည့်သောအခါ မိမိညီအစ်ကိုများဖြစ်ကြသော အစ္စရေးအမျိုးသားတို့ကို အကြည့်အရှုသွားလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာလေ၏။
[24] ထို့နောက် လူတစ်ဦးသည် မတရားသဖြင့်ပြုမူခြင်းခံနေရသည်ကိုမြင်၍ ထိုသူကိုကာကွယ်လျက် အီဂျစ်အမျိုးသားကိုရိုက်သတ်ကာ ဖိနှိပ်ခံရသူအတွက် လက်တုံ့ပြန်လေ၏။
[25] မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။
[26] နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
[27] သို့သော် အိမ်နီးချင်းကို မတရားသဖြင့်ပြုနေသောသူသည် မောရှေကိုတွန်းဖယ်၍ ‘မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း။
[28] သင်သည် မနေ့က အီဂျစ်လူမျိုးကိုသတ်သကဲ့သို့ ငါ့ကိုသတ်လိုသလော’ဟု ဆိုလေ၏။
[29] မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
[30] အနှစ်လေးဆယ်ပြည့်သောအခါ သိနာတောင်၏တောကန္တာရတွင် ကောင်းကင်တမန်တစ်ပါးသည် မီးတောက်လောင်သောချုံပုတ်ထဲ၌ မောရှေထံ ထင်ရှားလေ၏။
[31] ထိုရူပါရုံကိုမြင်ရသောအခါ မောရှေသည်အံ့သြလျက် ၎င်းကို သေချာစွာကြည့်ရှုရန် ချဉ်းကပ်ရာ
[32] ‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရား ဖြစ်၏’ဟူ၍ ထာဝရဘုရား၏အသံတော်ထွက်ပေါ်လာ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် မကြည့်ဝံ့ဘဲနေ၏။
[33] တစ်ဖန် ထာဝရဘုရားက ‘သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့။
[34] ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။
[35] ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။
[36] သူသည် အစ္စရေးလူမျိုးတို့ကိုထုတ်ဆောင်လာ၍ အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ အနှစ်လေးဆယ်တိုင်တိုင် တောကန္တာရ၌လည်းကောင်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကိုပြုခဲ့၏။
[37] ထိုမောရှေသည် အစ္စရေးအမျိုးသားတို့အား ‘ဘုရားသခင်သည် သင်တို့၏ညီအစ်ကိုများထဲမှ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင်တို့အတွက်ပေါ်ထွန်းစေတော်မူလိမ့်မည်’ ဟု ပြောဆိုခဲ့သူဖြစ်၏။
[38] သူသည် သိနာတောင်၌ သူ့အားစကားပြောခဲ့သောကောင်းကင်တမန်မှစ၍ ငါတို့၏ဘိုးဘေးများနှင့်အတူ တောကန္တာရတွင်ရှိသောလူအစုအဝေးထဲ၌ရှိလျက် ငါတို့အားပေးအပ်ရန် အသက်ရှင်သောနှုတ်ကပတ်တရား ကို လက်ခံရရှိခဲ့၏။
[39] သို့သော် ငါတို့၏ဘိုးဘေးများသည် သူ့စကားကိုနားထောင်လိုသောဆန္ဒမရှိဘဲ သူ့ကိုပစ်ပယ်၍ သူတို့၏စိတ်နှလုံးထဲ၌ အီဂျစ်ပြည်ကိုတမ်းတကာ
[40] အာရုန်အား ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထိုမောရှေသည် မည်သို့ဖြစ်သွားသည်ကို ငါတို့မသိကြသည်ဖြစ်၍ ငါတို့ရှေ့မှကြွသွားမည့်ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ’ ဟု တောင်းဆိုကြ၏။
[41] ဤသို့ဖြင့် သူတို့သည် ထိုနေ့ရက်များ၌ နွားသငယ်ရုပ်ကိုသွန်းလုပ်၍ ထိုရုပ်တုထံသို့ ယဇ်ကိုယူဆောင်လာကာ မိမိတို့လက်ဖြင့်ပြုလုပ်သောအရာ၌ ပျော်မွေ့နေကြ၏။
[42] ထိုအခါ ဘုရားသခင်သည် သူတို့ထံမှ မျက်နှာလွှဲ၍ သူတို့အား ကောင်းကင်ကြယ်တာရာများကိုဝတ်ပြုစေရန် စွန့်ပစ်ထားတော်မူ၏။ ဤသည်ကား ပရောဖက်ကျမ်းတွင် ‘အစ္စရေးအမျိုးတို့၊ သင်တို့သည် တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ယဇ်ပူဇော်ရန်တိရစ္ဆာန်များနှင့်ယဇ်များကို ငါ့ထံသို့ ယူဆောင်လာခဲ့ဖူးသလော။
[43] သင်တို့သည် မောလုပ်၏တဲနှင့် သင်တို့ဘုရားရင်ဖန်၏ကြယ်တို့ကို သယ်ဆောင်ခဲ့ကြ၏။ ၎င်းတို့သည် သင်တို့ကိုးကွယ်ရန်ပြုလုပ်ထားသော ရုပ်တုများဖြစ်ကြ၏။ ထို့ကြောင့် ငါသည် သင်တို့ကို ဘေဘီလုံမြို့တစ်ဖက်လွန်အောင် ပြောင်းရွှေ့စေမည်’ ဟု ရေးထားသည့်အတိုင်းဖြစ်၏။
[44] ငါတို့၏ဘိုးဘေးများအတွက် တောကန္တာရတွင် သက်သေခံတဲတော်ရှိ၏။ ၎င်းသည် မောရှေအား သူမြင်ရသည့်ပုံစံနှင့်အညီပြုလုပ်ရန် မြွက်ဆိုတော်မူသောအရှင်က မှာကြားသည့်အတိုင်း ပြုလုပ်ထားသောတဲတော်ဖြစ်၏။
[45] ငါတို့၏ဘိုးဘေးများသည် ထိုတဲတော်ကိုဆက်ခံ၍ ငါတို့ဘိုးဘေးများရှေ့မှ ဘုရားသခင်နှင်ထုတ်တော်မူသော လူမျိုးခြားတို့၏ပြည်ကို သူတို့သိမ်းပိုက်ကြသောအခါ ယောရှုနှင့်အတူ ၎င်းကိုသယ်ဆောင်လာကြ၏။ ထိုတဲတော်သည် ဒါဝိဒ်လက်ထက်တိုင်အောင်ရှိခဲ့၏။
[46] ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရား စံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
[47] သို့သော် ဘုရားသခင်အတွက် အိမ်တော်ကိုတည်ဆောက်ခဲ့သူမှာ ရှောလမုန်ဖြစ်၏။
[48] သို့ရာတွင် အမြင့်ဆုံးသောဘုရားသည် လူ့လက်ဖြင့်တည်ဆောက်သောဗိမာန်များတွင် ကိန်းဝပ်တော်မမူ။
[49] ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
[50] ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လောဟု ထာဝရဘုရားမိန့်တော်မူ၏’ ဟူ၍ ပရောဖက်ဆိုထားသည့်အတိုင်းဖြစ်၏။
[51] ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
[52] သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
[53] သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပြဋ္ဌာန်းထားသောပညတ်တရားကို ရရှိသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းမရှိကြ”ဟု ဆိုလေ၏။
[54] သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။
[55] သို့သော် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ စေ့စေ့ကြည့်လေရာ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း မြင်လျက်
[56] “ကြည့်ပါ။ ကောင်းကင်သည်ပွင့်၍ လူ့သားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကို ငါမြင်၏” ဟု ဆိုလေ၏။
[57] ထိုအခါ သူတို့သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် နားကိုပိတ်ထားကာ သတေဖန်ထံသို့ တစ်ဟုန်ထိုးပြေးလာ၍
[58] သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။
[59] သူတို့သည် သတေဖန်ကို ခဲနှင့်ပေါက်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက် “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ”ဟု မြွက်ဆိုလေ၏။
[60] ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။