Skip to content
Opens in a new window
Listen to this chapter • 9:59

[1] ပင်တေကုတ္တေ​ပွဲ​နေ့ ​ရောက်​သောအခါ ထို​သူ​အပေါင်း​တို့​သည် တစ်နေရာတည်း​၌ စုဝေး​နေ​ကြ​၏။

[2] ထိုအခါ ပြင်းထန်​သော​လေ​တိုက်ခတ်​သံ​နှင့်​တူ​သည့် အသံ​သည် ကောင်းကင်​မှ ရုတ်တရက်​ပေါ်ထွက်​လာ​၍ သူ​တို့​ထိုင်​နေ​သော​အိမ်​တစ်အိမ်လုံး​ကို ဖုံးလွှမ်း​လေ​၏။

[3] ထို့နောက် ဖြာထွက်​သည့်​မီးလျှံ​ကဲ့သို့သော​လျှာ​များ​သည် သူ​တို့​ရှေ့၌​ပေါ်ထွက်​လာ​၍ သူ​တို့​တစ်ဦးစီ​အပေါ်​တည် ​လေ​၏။

[4] ထိုအခါ သူ​တို့​အားလုံး​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဝိညာဉ်​တော်​သည် သူ​တို့​အား ပြော​နိုင်စွမ်း​ပေး​တော်မူ​သည့်​အတိုင်း အခြား​သော​ဘာသာ​စကား​များ​ဖြင့် စတင်​ပြောဆို​ကြ​၏။

[5] ထို​အချိန်​ကာလ​တွင် မိုး​ကောင်းကင်​အောက်​ရှိ တိုင်းနိုင်ငံ​အသီးသီး​မှ ဘုရား​တရား​ကြည်ညို​သော​ဂျူး​လူမျိုး​တို့​သည် ဂျေရုဆလင်​မြို့​၌​တည်းခို​နေ​ကြ​၏။

[6] ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။

[7] သူ​တို့​သည် အံ့သြ​ငေးမော​ကြ​လျက် “ကြည့်​ပါ။ ယခု​ပြောဆို​နေ​သော ဤ​သူ​အားလုံး​တို့​သည် ဂါလိလဲ​နယ်သား​များ​ဖြစ်​ကြ​သည်​မ​ဟုတ်​လော။

[8] သို့ဖြစ်လျှင် ငါ​တို့​အသီးသီး​သည် ငါ​တို့​မွေးဖွား​ရာ​အရပ်​မှ ဘာသာစကား​ဖြင့် ကြား​နေ​ရ​သည်​မှာ မည်သို့​နည်း။

[9] ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊

[10] ဖြူဂိ​ပြည်၊ ပံဖုလိ​ပြည်၊ အီဂျစ်​ပြည်​နှင့် ကုရေနေ​မြို့​အနီး လစ်ဗျား​နယ်မြေ​ဒေသ​တို့​၌ နေထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့ပြင် အလည်အပတ်​ရောက်ရှိ​လာ​သော​ရောမ​နိုင်ငံသား​များ၊ ဂျူး​လူမျိုး​များ​နှင့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​များ၊

[11] ကရေတေ​ကျွန်းသား​များ၊ အာရပ်​ပြည်သား​များ​လည်း​ရှိ​ကြ​၏။ သို့ဖြစ်လျက်နှင့် ဤ​သူ​တို့​သည် ဘုရားသခင်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​တို့​၏​ဘာသာ​စကား​များ​ဖြင့် ပြောဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။

[12] လူ​အားလုံး​တို့​သည် အံ့သြ​ငေးမော​လျက် ဝေခွဲမရ​ဖြစ်​ကြ​ကာ “ဤ​အမှုအရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။

[13] သို့သော် လူ​အချို့​တို့​က “သူ​တို့​သည် ဝိုင်ချို​ဖြင့်​မူးယစ်​နေ​ကြ​သည်”​ဟု ကဲ့ရဲ့​ပြောဆို​ကြ​၏။

[14] ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။

[15] ယခု​အချိန်​ကား နံနက်​ကိုး​နာရီ ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်မှတ်​သကဲ့သို့ ယစ်မူး​နေ​ကြ​သည်​မ​ဟုတ်။

[16] ဤ​အရာ​သည် ပရောဖက်​ယောလ​ဟောပြော​ထား​သော​အရာ​ပင်​ဖြစ်​၏။

[17] ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။

[18] ထို​နေ့ရက်​တို့​၌ ငါ​သည် ငါ​၏​အစေခံ​ယောက်ျား​နှင့် ငါ​၏​အစေခံ​မိန်းမ​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။

[19] အထက်​ကောင်းကင်​၌ အံ့သြဖွယ်ရာ​များ​ကို​လည်းကောင်း၊ အောက်​မြေကြီး​ပေါ်၌ သွေး၊ မီးလျှံ​နှင့် မီးခိုး​ငွေ့​တည်းဟူသော နိမိတ်​လက္ခဏာ​များ​ကို​လည်းကောင်း ငါ​ပြ​မည်။

[20] ထာဝရ​ဘုရား​၏​ထူးမြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​သွား​၍ လ​သည် သွေး​ဖြစ်သွား​လိမ့်မည်။

[21] ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’ ​ဟူ၍ ဖြစ်​၏။

[22] အစ္စရေး​အမျိုးသား​တို့၊ ဤ​စကား​တို့​ကို​နားထောင်​ကြ​လော့။ သင်​တို့​သိ​ကြ​သည့်​အတိုင်း ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​အားဖြင့် သင်​တို့​အလယ်​၌ အံ့ဩဖွယ်ရာ​များ၊ တန်ခိုး​လက္ခဏာ​များ​နှင့် နိမိတ်​လက္ခဏာ​များ​ကို​ပြု​တော်မူ​၏။ ဘုရားသခင်​သည် ဤ​အရာ​များ​အားဖြင့် ယေရှု​နှင့်​ပတ်သက်​သော ခိုင်မာ​သည့်​အထောက်အထား​များ​ကို သင်​တို့​အား​ပြ​တော်မူ​၏။

[23] ဘုရားသခင်​ချမှတ်​ထား​သော​အကြံအစည်​တော်​နှင့် ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​တို့​အရ အပ်နှံ​ခြင်း​ခံရ​သော​ထို​အရှင်​ကို သင်​တို့​သည် တရားမဲ့​သော​သူ​တို့​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​၍ ကွပ်မျက်​ကြ​၏။

[24] သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။

[25] ဒါဝိဒ်​က​လည်း ထို​အရှင်​နှင့်​ပတ်သက်၍ ‘ငါ​သည် ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်​ပြု​၏။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် တုန်လှုပ်​ခြင်း​မ​ရှိ​ရာ။

[26] ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ပျော်ရွှင်​၍ ငါ​၏​နှုတ် ​သည်​ရွှင်မြူး​၏။ ထိုမျှမက ငါ​၏​သွေးသား​သည်​လည်း မျှော်လင့်​ခြင်း​၌​ခိုလှုံ​လိမ့်မည်။

[27] အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်။

[28] ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​စေ​တော်မူ​လိမ့်မည်’ ​ဟု ဆို​ထား​၏။

[29] ညီအစ်ကို​တို့၊ မျိုးနွယ်စု​ဖခင်​ဖြစ်​သော​ဒါဝိဒ်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​အတိအလင်း​ပြောဆို​နိုင်​သည်​မှာ သူ​သည်​သေလွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယနေ့​တိုင်အောင် ငါ​တို့​အရပ်​၌​ရှိ​၏။

[30] သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​သောကြောင့် သူ့​သား​မြေး ​ထဲမှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်တွင်​ထိုင်​စေ​မည်​ဟု ဘုရားသခင်​သည် သူ့​အား​ကတိ​သစ္စာ​ဖြင့်​တိုင်တည်​၍ မိန့်​တော်မူ​ကြောင်း​သိ​ထား​၏။

[31] သူ​သည် ၎င်း​ကို​ကြိုတင်​သိမြင်​လျက် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ဟောပြော​ကာ ‘ကိုယ်တော်​သည် မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​ခြင်း​ခံရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’ ​ဟု ဆို​ခဲ့​၏။

[32] ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။

[33] ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​ခြင်း​ကို​ခံရ​ပြီးနောက် ကတိ​ထား​တော်မူ​သည့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံမှ​ခံယူ​ရရှိ​လျက် သင်​တို့​တွေ့မြင်​ကြားသိ​သည့်​အတိုင်း ထို​ဝိညာဉ်​တော်​ကို​သွန်းလောင်း​တော်မူ​၏။

[34] ဒါဝိဒ်​သည် ကောင်းကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့သော် သူ​က ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​ဘုရား​အား

[35] သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်မူ​၏’ ​ဟူ၍ ဆို​လေ​၏။

[36] ထို့ကြောင့် ဘုရားသခင်​သည် လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေရှု​ကို သခင်​အရာ​၌​လည်းကောင်း၊ ခရစ်တော်​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ကြောင်း အစ္စရေး​တစ်မျိုးလုံး​သည် သေချာ​စွာ​သိမှတ်​ကြ​ပါစေ”​ဟု ဟောပြော​လေ​၏။

[37] လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။

[38] ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။

[39] အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။

[40] ပေတရု​သည် အခြား​သော​စကား​အမျိုးမျိုး​တို့​ဖြင့် သက်သေခံ​လျက် “ဤ​ကောက်ကျစ်​သော​မျိုးဆက်​ထဲမှ​လွတ်မြောက်​ရန် ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်တွန်း​နှိုးဆော်​လေ​၏။

[41] ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။

[42] ထို​သူ​တို့​သည် တမန်တော်​တို့​၏​သွန်သင်​ချက်​ကို​ခံယူ​ခြင်း၊ မုန့်​ဖဲ့​ခြင်း၊ မိတ်သဟာယ​ဖွဲ့​ခြင်း​နှင့် ဆုတောင်း​ခြင်း​အမှု​တို့​ကို အစဉ်တစိုက်​ပြု​ကြ​၏။

[43] လူ​အပေါင်း​တို့​၌ ကြောက်​စိတ်​ဖြစ်ပေါ်​ကြ​ပြီး တမန်တော်​တို့​သည်​လည်း များစွာ​သော​အံ့ဩဖွယ်ရာ​များ​နှင့် နိမိတ်​လက္ခဏာ​များ​ကို​ပြု​ကြ​၏။

[44] ယုံကြည်​သူ​အားလုံး​တို့​သည် တစ်စုတစ်ဝေး​တည်း​နေ​လျက် ရှိသမျှ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​ကြ​ကာ

[45] ဥစ္စာ​ပစ္စည်း​များ​နှင့် မိမိ​တို့​ပိုင်ဆိုင်​သော​အရာ​များ​ကို ရောင်းချ​ပြီးလျှင် ၎င်း​တို့​ကို တစ်ဦးချင်းစီ​၌​လိုအပ်​မှု​ရှိ​သည့်​အတိုင်း အားလုံး​တို့​အား ခွဲဝေ​ပေးကမ်း​ကြ​၏။

[46] သူ​တို့​သည် နေ့တိုင်း တညီတညွတ်တည်း​ဖြင့် ဗိမာန်​တော်​၌ အစဉ်တစိုက်​စုဝေး​ကြ​၍ တစ်အိမ်​ပြီး​တစ်အိမ်​မုန့်​ဖဲ့​ခြင်း​အမှု​ကို​ပြု​လျက် စေတနာ​စိတ်​နှင့်​ရွှင်မြူး​သော​စိတ်​တို့​ဖြင့် အစားအစာ​ကို ဝေမျှ​စား​သောက်​ကြ​ကာ

[47] ဘုရားသခင်​ကို​ချီးမွမ်း​လျက် လူ​အပေါင်း​တို့​ရှေ့တွင် မျက်နှာရ​ကြ​၏။ သခင်​ဘုရား​သည်​လည်း ကယ်တင်​ခြင်း​ခံရ​သော​သူ​တို့​၏​အရေအတွက်​ကို နေ့​စဉ်​နှင့်အမျှ ​တိုးပွား​စေ​တော်မူ​၏။

တမန်တော်ဝတ္ထု — Chapters