Skip to content
Opens in a new window
Listen to this chapter • 3:35

[1] ထို့နောက် ငါ​ကြည့်​လိုက်​ရာ ကောင်းကင်​၌​ဖွင့်​ထား​သည့်​တံခါး​တစ်​ခု​ရှိ​၏။ ထိုအခါ ပထမ​ဦးစွာ ငါ့​အား​မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​သည့်​တံပိုးခရာသံ​ကဲ့သို့​သော​အသံ​က“ ဤ အရပ် သို့ တက် လာ လော့ ။ ဤ အဖြစ်အပျက် များ နောက်တွင် ဖြစ်ပျက် ရ မည့် အရာ တို့ ကို သင့် အား ငါ ပြ မည် ” ​ဟု ဆို​၏။

[2] ငါ​သည် ချက်ချင်း​ပင် ဝိညာဉ်​တော် ​၌​ရှိ​လေ​ရာ ကြည့်​လော့။ ကောင်းကင်​၌​ပလ္လင်​တော်​တစ်​ခု​တည်ရှိ​၍ ထို​ပလ္လင်​တော်​ပေါ်တွင် ထိုင်​နေ​သော​အရှင်​တစ်​ပါး​ရှိ​၏။

[3] ထိုင်​နေ​တော်မူ​သော ​ထို​အရှင်​သည် နဂါးသွဲ့​နှင့်​ပတ္တမြား​ကျောက်​ကဲ့သို့သော​အဆင်းအရောင်​ရှိ​၍ ပလ္လင်​တော်​ပတ်လည်​တွင် မြ​ကဲ့သို့သော​အဆင်းအရောင်​ရှိ​သည့် သက်တံ​ရှိ​၏။

[4] ပလ္လင်​တော်​၏​ပတ်ဝန်းကျင်​၌​ကား အခြား​သော​ပလ္လင်​နှစ်ဆယ့်​လေး​ခု​ရှိ​၍ ထို​ပလ္လင်​များ​ပေါ်တွင် ဖြူ​သော​ဝတ်ရုံ​ကို​ဝတ်ဆင်​လျက် ဦးခေါင်း​ပေါ်၌ ရွှေ​သရဖူ​ကို​ဆောင်း​ထား​သည့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ထိုင်​နေ​ကြ​၏။

[5] ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။

[6] ထို့ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သလင်း​နှင့်​တူ​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ​၏။ ပလ္လင်​တော်​၏​အလယ်​နှင့် ပလ္လင်​တော်​ပတ်လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တဝါ​လေး​ပါး​ရှိ​၏။

[7] ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။

[8] ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။

[9] ထိုသို့ ပလ္လင်​တော်​ပေါ်တွင်​ထိုင်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​၏ ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ကျေးဇူး​တော်​တို့​ကို သတ္တဝါ​လေး​ပါး​တို့​သည် ချီးမွမ်း​ကြ​သောအခါ

[10] သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် ပလ္လင်​တော်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​၏​ရှေ့​၌ ပျပ်ဝပ်​လျက် ကမ္ဘာ​အဆက်ဆက်​အသက်ရှင်​တော်မူ​သော​အရှင်​ကို​ရှိခိုး​ကာ မိမိ​တို့​၏​သရဖူ​များ​ကို ပလ္လင်​တော်​ရှေ့​တွင်​ချ​ထား​ပြီးလျှင်

[11] “အကျွန်ုပ်​တို့​၏​ဘုရားသခင် ​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ကို ဖန်ဆင်း​တော်မူ​သဖြင့် ထို​အရာ​တို့​သည် ကိုယ်တော်​၏​အလို​တော်​အားဖြင့်​ဖြစ်တည်​၍ ဖန်ဆင်း​ခြင်း​ခံရ​ပြီ​ဖြစ်​သောကြောင့် ကိုယ်တော်​သည် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် တန်ခိုး​တော်​တို့​ကို ခံယူ​ထိုက်​တော်မူ​၏”​ဟု ဆို​ကြ​၏။

ဗျာဒိတ်ကျမ်း — Chapters