Skip to content
Opens in a new window
Listen to this chapter • 5:32

[1] ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။

[2] ပထမ​ကောင်းကင်​တမန်​သည် သွား​၍ သူ​၏​ဖလား​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​အမှတ်တံဆိပ်​ရှိ​သော​သူ​နှင့် သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​များ​၌ အလွန်​ဆိုးရွား​သော​အနာစိမ်း​များ​ပေါက်​လေ​၏။

[3] ဒုတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ပင်လယ်​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့သို့​ဖြစ်​သွား​၍ ပင်လယ်​ထဲ၌​ရှိ​သော သက်ရှိ​သတ္တဝါ​အားလုံး​သေ​ကြ​၏။

[4] တတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို မြစ်​များ​နှင့် စမ်းရေ​များ​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည်​သွေး​ဖြစ်​သွား​လေ​၏။

[5] ထိုအခါ ရေ​နှင့်ဆိုင်သော​ကောင်းကင်​တမန်​က “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် သန့်ရှင်း​တော်မူ​သော​အရှင်၊ ဤ​အမှုအရာ​များ​ကို ကိုယ်တော်​စီရင်​တော်မူ​သောကြောင့် ကိုယ်တော်​သည်​ဖြောင့်မတ်​ပါ​၏။

[6] အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

[7] ယဇ်ပလ္လင်​က​လည်း “မှန်​ပါ​၏။ အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်၊ ကိုယ်တော်​၏​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍ တရားမျှတ​ပါ​၏”​ဟု ပြောဆို​သည်​ကို ငါ​ကြား​ရ​၏။

[8] စတုတ္ထ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို နေ​ပေါ်သို့​သွန်းလောင်း​သောအခါ နေ​သည် လူ​တို့​အား မီး​ဖြင့်​လောင်​ရ​သော​အခွင့်​ကို​ရ​၏။

[9] လူ​တို့​သည် ပြင်းထန်​သော​အပူရှိန်​ကြောင့် နေလောင်​ဒဏ်​ခံရ​သဖြင့် ဤ​ဘေးဒဏ်​များ​အပေါ်​အခွင့်​အာဏာ​ရှိ​သော ဘုရားသခင်​၏​နာမ​တော်​ကို စော်ကား​ပြောဆို​၍ နောင်တ​လည်း​မ​ရ၊ ဘုရားသခင်​၏​ဘုန်း​တော်​ကို​လည်း မ​ချီးမွမ်း​ကြ​ပေ။

[10] ပဉ္စမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို သားရဲ​၏​ပလ္လင်​ပေါ်သို့​သွန်းလောင်း​သောအခါ သားရဲ​၏​နိုင်ငံ​သည် မှောင်မိုက်​အတိ​ဖြစ်​သွား​၍ လူ​တို့​သည် နာကျင်​ခြင်း​ဝေဒနာ​ကြောင့် မိမိ​တို့​လျှာ​ကို​ကိုက်ခဲ​ကြ​၏။

[11] လူ​တို့​သည် သူ​တို့​ခံရ​သော​နာကျင်​ခြင်း​ဝေဒနာ​နှင့် သူ​တို့​၏​အနာစိမ်း​တို့​ကြောင့် ကောင်းကင်​ဘုံ​ရှင်​ဘုရားသခင်​ကို စော်ကား​ပြောဆို​၍ မိမိ​တို့​ပြု​သော​အမှု​များ​အတွက် နောင်တ​မ​ရ​ကြ​ပေ။

[12] ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။

[13] ထို့နောက် နဂါး​၏​ခံတွင်း​မှ​လည်းကောင်း၊ သားရဲ​၏​ခံတွင်း​မှ​လည်းကောင်း၊ ပရောဖက်​အတုအယောင်​၏​ခံတွင်း​မှ​လည်းကောင်း ဖား​နှင့်​တူ​သည့် ညစ်ညူး​သော​ဝိညာဉ်​သုံး​ပါး ထွက်လာ​သည်​ကို ငါ​မြင်​ရ​၏။

[14] ထို​ဝိညာဉ်​တို့​သည် နိမိတ်​လက္ခဏာ​များ​ကို​ပြု​သော နတ်ဆိုး​တို့​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ ၎င်း​တို့​သည် ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ဘုရင်​များ​ကို အနန္တ​တန်ခိုးရှင်​ဘုရားသခင်​၏​နေ့ရက်​ကြီး​နှင့်ဆိုင်သော​စစ်ပွဲ​အတွက်​စုဝေး​စေရန် ထို​ဘုရင်​များ​ထံသို့ ထွက်ခွာ​သွား​ကြ​၏။

[15] ( ကြည့်ရှု လော့ ။ ငါ သည် သူခိုး ကဲ့သို့ လာ မည် ။ အဝတ်မပါ အချည်းစည်း ဖြင့် သွားလာ ၍ မိမိ အရှက် ကို လူ တို့ မြင် ရ သည့် အဖြစ် မျိုး မ ရှိ စေရန် မိမိ အဝတ် များ ကို ထိန်းသိမ်း လျက် သတိ နှင့် စောင့် နေ သော သူ သည် မင်္ဂလာရှိ ၏ ။ )

[16] ထို​ဝိညာဉ်​တို့​သည် ဘုရင်​များ​ကို ဟေဗြဲ​ဘာသာစကား​အားဖြင့် အာမဂေဒုန်​ဟု​ခေါ်​သော​အရပ်​၌ စုဝေး​စေ​ကြ​၏။

[17] သတ္တမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို အာကာသ​ထဲသို့​သွန်းလောင်း​သောအခါ ဗိမာန်​တော် ​ထဲရှိ ပလ္လင်​တော်​မှ ကျယ်လောင်​သော​အသံ​ထွက်ပေါ်​လာ​၍ “အမှု​ပြီးမြောက်​ပြီ”​ဟု ဆို​၏။

[18] ထိုအခါ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လာ​၍ ငလျင်​ပြင်းထန်​စွာ​လှုပ်​လေ​၏။ မြေကြီး​ပေါ်တွင် လူ​ဖြစ်ပေါ်​လာ​ချိန်​မှစ၍ ထိုမျှလောက်​ကြီးမား​၍​ပြင်းထန်​သော​ငလျင်​မျိုး​သည် မ​ဖြစ်​ခဲ့​ဖူး​ပေ။

[19] မြို့​ကြီး​သည် သုံး​ပိုင်း​ကွဲ​သွား​၍ တိုင်းနိုင်ငံ​တို့​၏​မြို့​များ​သည်​လည်း ပြိုလဲ​ကြ​ကုန်​၏။ ဘုရားသခင်​သည် မိမိ​၏​အမျက်​တော်​နှင့်ဆိုင်သည့် ပြင်းစွာ​သော​ဒေါသ​စပျစ်​ဝိုင်​ခွက်​ကို​ပေး​ရန် ဘေဘီလုံ​မြို့​ကြီး​ကို​သတိရ​တော်မူ​၏။

[20] ကျွန်း​ရှိသမျှ​တို့​သည် ပျောက်လွင့်​သွား​၍ တောင်​များ​ကို​လည်း မ​တွေ့​ရ​တော့​ပေ။

[21] ကောင်းကင်​မှ​လည်း ပေါင်​တစ်ရာ ​ခန့်​လေး​သော​မိုးသီး​ကြီး​များ​သည် လူ​တို့​အပေါ်သို့​ကျ​လေ​၏။ ဤ​ဘေးဒဏ်​သည် အလွန်​ပြင်းထန်​သဖြင့် လူ​တို့​သည် ထို​မိုးသီး​၏​ဘေးဒဏ်​ကြောင့် ဘုရားသခင်​ကို​စော်ကား​ပြောဆို​ကြ​၏။

ဗျာဒိတ်ကျမ်း — Chapters