[1] သင်တို့ရေးလာသော အကြောင်းအရာများနှင့်ပတ်သက်၍ ယောက်ျားသည် မိန်းမနှင့်အတွေ့အထိမရှိလျှင် ကောင်း၏။
[2] သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
[3] ယောက်ျားသည် မိမိမယားအပေါ်ပြုအပ်သောဝတ်ကို ပြုရမည်။ မိန်းမသည်လည်း မိမိလင်ယောက်ျားအပေါ် ထိုနည်းတူပြုရမည်။
[4] မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
[5] သင်တို့သည် ဆုတောင်းခြင်း အတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။
[6] ထိုသို့ဆိုသော် အမိန့်ပေးခြင်းအနေဖြင့်မဟုတ်ဘဲ အခွင့်ပေးခြင်းအနေဖြင့် ငါဆို၏။
[7] ငါ့အနေဖြင့် လူအပေါင်းတို့အား ငါကဲ့သို့ဖြစ်စေလို၏။ သို့သော် လူတစ်ဦးစီ၌ ဘုရားသခင်ထံမှ မိမိရရှိသောဆုကျေးဇူး တစ်ယောက်တစ်မျိုးစီရှိ၏။
[8] အိမ်ထောင်မရှိသောယောက်ျားနှင့်မုဆိုးမတို့အား ငါဆိုသည်ကား သူတို့သည် ငါကဲ့သို့ဆက်၍နေနိုင်လျှင် သူတို့အတွက်ကောင်း၏။
[9] သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။
[10] အိမ်ထောင်ရှိသောသူတို့အား ငါ့ထံမှမဟုတ်ဘဲ သခင်ဘုရားထံမှညွှန်ကြားချက်ကို ငါပေးသည်ကား မယားသည် လင်ယောက်ျားနှင့်မကွဲကွာစေနှင့်။
[11] အကယ်၍ ကွဲကွာခဲ့လျှင် အိမ်ထောင်မပြုဘဲနေပါစေ။ သို့မဟုတ် လင်ယောက်ျားနှင့် ပြန်လည်သင့်မြတ်ပါစေ။ လင်ယောက်ျားသည်လည်း မိမိမယားကိုမစွန့်ခွာစေနှင့်။
[12] အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။
[13] ထိုနည်းတူ အမျိုးသမီးတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောလင်ယောက်ျားရှိ၍ ထိုယောက်ျားသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုယောက်ျားနှင့်မကွာစေနှင့်။
[14] အကြောင်းမူကား ယုံကြည်သူမဟုတ်သောလင်ယောက်ျားသည် မိမိမယားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ ယုံကြည်သူမဟုတ်သောမယားသည်လည်း မိမိလင်ယောက်ျားအားဖြင့် သန့်ရှင်းစေခြင်းခံရ၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးတို့သည် ညစ်ညူးကြလိမ့်မည်။ သို့သော် ယခု သူတို့သည် သန့်ရှင်းကြ၏။
[15] သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။
[16] အသင်မိန်းမ၊ သင်သည် မိမိလင်ယောက်ျားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။ အသင်ယောက်ျား၊ သင်သည် မိမိမယားကို ကယ်တင်မည်မကယ်တင်မည်ကို မည်သို့သိနိုင်မည်နည်း။
[17] လူအသီးသီးတို့သည် မိမိအား သခင်ဘုရားသတ်မှတ်ခွဲဝေပေးတော်မူသည့်အတိုင်းနှင့် တစ်ဦးစီအား ဘုရားသခင်ခေါ်ယူတော်မူသည့်အခြေအနေအတိုင်း အသက်ရှင်လျှောက်လှမ်းပါစေ။ ဤသည်ကား အသင်းတော်အားလုံးတို့ကို ငါမှာကြားသောအချက်ဖြစ်၏။
[18] ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားလှီးခြင်းခံပြီးသားဖြစ်သောသူသည် ထိုအရာကိုမဖျောက်ဖျက်စေနှင့်။ ခေါ်ယူတော်မူခြင်းခံရသောအခါ အရေဖျားမလှီးထားသောသူသည် အရေဖျားလှီးခြင်းကိုမခံစေနှင့်။
[19] အရေဖျားလှီးခြင်းသည် ပဓာနမဟုတ်။ အရေဖျားမလှီးခြင်းသည်လည်း ပဓာနမဟုတ်။ ဘုရားသခင်၏ပညတ်တော်ကို စောင့်ထိန်းခြင်းသာ ပဓာနဖြစ်၏။
[20] လူအသီးသီးသည် ခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဆက်၍တည်နေပါစေ။
[21] ခေါ်ယူတော်မူခြင်းခံရစဉ် ကျွန်ဖြစ်လျှင် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ သို့သော် လွတ်လပ်သူဖြစ်နိုင်လျှင် ထိုအခွင့်အရေးကိုအသုံးပြုလော့။
[22] အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။
[23] သင်တို့ကို အဖိုးအခနှင့်ဝယ်ယူထားသည်ဖြစ်၍ လူတို့၏ကျွန်မဖြစ်ကြနှင့်။
[24] ညီအစ်ကိုတို့၊ လူအသီးသီးသည် မိမိခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဘုရားသခင်နှင့်အတူဆက်၍တည်နေပါစေ။
[25] အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
[26] မျက်မှောက်ကြုံတွေ့နေရသော ခက်ခဲကျပ်တည်းခြင်းကြောင့် ဤအတိုင်းနေလျှင် ကောင်း၏ဟု ငါယူဆ၏။ ယောက်ျားသည်လည်း လက်ရှိအခြေအနေအတိုင်းနေလျှင် ကောင်း၏။
[27] သင်သည် မယားနှင့်အနှောင်အဖွဲ့ရှိလျှင် ကွာရှင်းရန်မကြံစည်နှင့်။ မယားနှင့်အနှောင်အဖွဲ့မရှိလျှင် မယားကိုမရှာနှင့်။
[28] သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။
[29] ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
[30] ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။
[31] လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
[32] ငါသည် သင်တို့ကို စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေလို၏။ အိမ်ထောင်မရှိသောယောက်ျားသည် သခင်ဘုရားကိုနှစ်သက်စေရန် သခင်ဘုရား၏အမှုကိုဂရုစိုက်တတ်၏။
[33] အိမ်ထောင်ရှိသောယောက်ျားမူကား မိမိမယားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်သဖြင့်
[34] သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
[35] ဤသို့ ငါဆိုသည်မှာ သင်တို့၏အကျိုးအတွက်ဖြစ်၍ သင်တို့ကိုချုပ်ချယ်ရန်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ အာရုံထွေပြားခြင်းမရှိဘဲ သခင်ဘုရား၏အမှုကို အစဉ်မပြတ်ဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်၏။
[36] တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။
[37] သို့သော် သူသည် မိမိစိတ်နှလုံးထဲ၌ အခိုင်အမာစိတ်ပိုင်းဖြတ်ထား၍ မလွှဲမရှောင်သာ၍လုပ်ရခြင်းမျိုးမဟုတ်ဘဲ မိမိအလိုဆန္ဒကိုထိန်းချုပ်နိုင်ပြီး မိမိနှင့်ဆိုင်သောအပျိုကညာကိုထိန်းသိမ်းထားရန် မိမိစိတ်ထဲ၌ ဆုံးဖြတ်ထားပါက သူသည် ကောင်းစွာပြု၏။
[38] ထို့ကြောင့် မိမိနှင့်ဆိုင်သောအပျိုကညာကို ပေးစားဆောင်နှင်းသောသူသည် ကောင်းစွာပြု၏။ ပေးစားဆောင်နှင်းခြင်းမပြုသောသူမူကား သာ၍ကောင်းစွာပြု၏။
[39] မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ ရှိ၏။ လင်ယောက်ျားသေဆုံး ခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
[40] သို့သော် ငါ၏ထင်မြင်ချက်အရ သူသည် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါမှတ်ယူ၏။