[1] သို့သော် ညီအစ်ကိုတို့၊ ငါသည် သင်တို့ကို ဝိညာဉ်သဘောရှိသောသူများကဲ့သို့ ဟောပြော၍မရဘဲ သွေးသားဇာတိ၌ရှိသောသူများကဲ့သို့လည်းကောင်း၊ ခရစ်တော်၌ ကလေးသူငယ်များကဲ့သို့လည်းကောင်း ဟောပြောရ၏။
[2] သင်တို့သည် မာသောအစာကို မစားနိုင်ကြသေးသောကြောင့် ၎င်းကိုမကျွေးဘဲ နို့ကိုသာ ငါတိုက်ရ၏။ ယခုတိုင်အောင် သင်တို့သည် မာသောအစာကို မစားနိုင်ကြသေး။
[3] အကြောင်းမူကား သင်တို့သည် သွေးသားဇာတိ၌ရှိသောသူများဖြစ်ကြသေး၏။ သင်တို့ကြား၌ မနာလိုခြင်းနှင့်ပဋိပက္ခဖြစ်ခြင်း ရှိကြသည်မှာ သင်တို့သည် သွေးသားဇာတိ၌ရှိသူများဖြစ်ကြပြီး သာမန်လူသားအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောကြောင့်မဟုတ်လော။
[4] အကြောင်းမူကား တစ်ဦးက “ငါသည် ပေါလုတပည့်ဖြစ်သည်”ဟု ပြောလျက် အခြားတစ်ဦးက “ငါသည် အာပေါလုတပည့်ဖြစ်သည်”ဟု ပြောနေကြလျှင် သင်တို့သည် သာမန်လူသား များပင် ဖြစ်ကြသည်မဟုတ်လော။
[5] သို့ဖြစ်လျှင် အာပေါလုကား မည်သူနည်း။ ပေါလုကား မည်သူနည်း။ သူတို့သည် မိမိတို့တစ်ဦးစီအား ထာဝရဘုရားပေးအပ်တော်မူသည့်အတိုင်း သင်တို့ကို ယုံကြည်ခြင်းသို့ပို့ဆောင်ပေးသော အမှုတော်ဆောင်များဖြစ်ကြ၏။
[6] ငါသည် စိုက်ပျိုး၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ကြီးထွားစေတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
[7] ထို့ကြောင့် စိုက်ပျိုးသောသူဖြစ်စေ၊ ရေလောင်းသောသူဖြစ်စေ ပဓာနမဟုတ်။ ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် ပဓာနဖြစ်တော်မူ၏။
[8] စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။
[9] အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ဥယျာဉ်၊ ဘုရားသခင်၏အဆောက်အအုံဖြစ်ကြ၏။
[10] ငါ့အား ဘုရားသခင်ပေးအပ်တော်မူသော ကျေးဇူးတော်နှင့်အညီ ပညာရှိသောဗိသုကာကဲ့သို့ ငါသည် အုတ်မြစ်ကိုချထားခဲ့ပြီး အခြားသောသူသည် ၎င်းအပေါ်တွင်တည်ဆောက်၏။ သို့သော် မည်ကဲ့သို့တည်ဆောက်သည်ကို လူတိုင်းသတိပြုရမည်။
[11] အကြောင်းမူကား ယေရှုခရစ်တော်တည်းဟူသော ချထားပြီးဖြစ်သည့်အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူမျှမချနိုင်။
[12] တစ်စုံတစ်ဦးသည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် တည်ဆောက်လျှင်
[13] ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။
[14] တစ်စုံတစ်ဦးတည်ဆောက်ပြုလုပ်သောအရာသည် တည်မြဲလျှင် ထိုသူသည် ဆုလာဘ်ကိုရရှိလိမ့်မည်။
[15] တစ်စုံတစ်ဦးပြုလုပ်သောအရာသည် လောင်ကျွမ်းသွားပါက ထိုသူသည် ဆုံးရှုံးမှုကိုခံစားရလိမ့်မည်။ သို့သော် သူကိုယ်တိုင်မူကား မီးထဲမှလွတ်သောသူကဲ့သို့ ကယ်တင်ခြင်းခံရလိမ့်မည်။
[16] သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြပြီး ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ကိန်းဝပ်တော်မူကြောင်းကို သင်တို့မသိကြသလော။
[17] မည်သူမဆို ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးလျှင် ဘုရားသခင်သည် သူ့ကိုဖျက်ဆီးတော်မူလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်း၍ သင်တို့သည် ထိုဗိမာန်တော်ဖြစ်ကြ၏။
[18] မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
[19] အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏” ဟု ကျမ်းစာ၌ရေးထား၏။
[20] တစ်ဖန် “ပညာရှိတို့၏တွေးတောဆင်ခြင်မှုများသည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရားသိတော်မူ၏” ဟု ရေးထား၏။
[21] သို့ဖြစ်၍ မည်သူမျှ လူတို့အကြောင်းကိုမဝါကြွားနှင့်။ အကြောင်းမူကား ခပ်သိမ်းသောအရာတို့ကို သင်တို့ပိုင်ဆိုင်၏။
[22] ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ ခပ်သိမ်းသောအရာတို့သည် သင်တို့ပိုင်ဆိုင်သောအရာများဖြစ်ကြ၏။
[23] သင်တို့ကိုမူကား ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။