Skip to content
Opens in a new window
Listen to this chapter • 10:42

[1] ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​ဟောပြော​ခဲ့​၍ သင်​တို့​လက်ခံ​ခဲ့​သည်​သာမက ၎င်း​အပေါ်၌ သင်​တို့​ရပ်တည်​ခဲ့​သည့် ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား တစ်ဖန် ငါ​သိ​စေ​အပ်​ပါ​၏။

[2] သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။

[3] အကြောင်းမူကား ငါ​ကိုယ်တိုင်​ခံယူ​ရရှိ​သည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​ခဲ့​၏။ ၎င်း​မှာ ကျမ်းစာ​နှင့်အညီ ခရစ်တော်​သည် ငါ​တို့​၏​အပြစ်​များ​အတွက် အသေခံ​တော်မူ​ခဲ့​ကြောင်း၊

[4] ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်

[5] ကေဖ​ထံ ထင်ရှားပြ​တော်မူ​ပြီးနောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထံ ထင်ရှားပြ​တော်မူ​ခဲ့​ကြောင်း​တို့​ဖြစ်​၏။

[6] ထို့နောက် ကိုယ်တော်​သည် ညီအစ်ကို​ငါးရာ​ကျော်​တို့​ထံ တစ်ပြိုင်တည်း​မှာ​ပင် ထင်ရှားပြ​တော်မူ​၏။ ထို​သူ​တို့​ထဲမှ အချို့​တို့​သည် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော်လည်း အများစု​တို့​သည် ယခု​တိုင်အောင် အသက်ရှင်​လျက်​ရှိ​သေး​၏။

[7] ထို့နောက် ကိုယ်တော်​သည် ယာကုပ်​ထံ ထင်ရှားပြ​တော်မူ​ပြီး တမန်တော်​အားလုံး​တို့​ထံ ထင်ရှားပြ​တော်မူ​၏။

[8] နောက်ဆုံး​တွင် အချိန်မတော်မတန်​မွေး​လာ​သော​သူ​နှင့်​တူ​သည့် ငါ့​ထံ​လည်း ထင်ရှားပြ​တော်မူ​၏။

[9] အမှန်စင်စစ် ငါ​သည် ဘုရားသခင်​၏​အသင်းတော်​ကို ညှဉ်းဆဲ​ခဲ့ ​သောကြောင့် တမန်တော်​များ​ထဲတွင် အသေးသိမ်ဆုံး​သော​သူ​ဖြစ်​ပြီး တမန်တော်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ပင် မ​ခံ​ထိုက်​ပေ။

[10] သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။

[11] ထို့ကြောင့် ငါ​ဖြစ်စေ၊ ထို​သူ​တို့​ဖြစ်စေ ထိုသို့​ဟောပြော​ကြ​၏။ သင်​တို့​သည်​လည်း ထိုသို့​ယုံကြည်​ကြ​၏။

[12] ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​ပြီ​ဟု ဟောပြော​နေ​ကြ​သည်​မှန်​လျှင် သင်​တို့​ထဲမှ အချို့​တို့​က သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​ဟု အဘယ်ကြောင့်​ပြောဆို​ကြ​သနည်း။

[13] သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။

[14] ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် ငါ​တို့​၏​ဟောပြော​ခြင်း​သည် အချည်းနှီး​ဖြစ်​ပြီး သင်​တို့​၏​ယုံကြည်​ခြင်း​သည်​လည်း အချည်းနှီး​ဖြစ်​၏။

[15] ထိုမျှမက ငါ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ​များ ဖြစ်သွား​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​တော်​မ​မူ​လျှင် ဘုရားသခင်​ထမြောက်​စေ​တော်​မ​မူ​သော​ခရစ်တော်​ကို ဘုရားသခင်​ထမြောက်​စေ​တော်မူ​ပြီ​ဟု ငါ​တို့​သက်သေခံ​နေ​ကြ​သောကြောင့်​ဖြစ်​၏။

[16] အကြောင်းမူကား သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ခရစ်တော်​သည်​လည်း ထမြောက်​တော်မူ​ခဲ့​မည်​မ​ဟုတ်။

[17] ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။

[18] သို့ဖြစ်လျှင် ခရစ်တော်​၌ အိပ်ပျော်​သော​သူ​တို့​သည်​လည်း ပျက်စီး​ကြ​လေ​ပြီ။

[19] ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်။

[20] ယခု​မူကား ခရစ်တော်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​၍ အိပ်ပျော်​သော​သူ​တို့​တွင် အသီးဦး​ဖြစ်​တော်မူ​ပြီ။

[21] အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​သကဲ့သို့ သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း လူ​တစ်​ဦး​အားဖြင့် ဖြစ်လာ​၏။

[22] အကြောင်းမူကား လူ​အပေါင်း​တို့​သည် အာဒံ​အားဖြင့် သေဆုံး​ကြ​ရ​သည့်​နည်းတူ လူ​အပေါင်း​တို့​သည် ခရစ်တော်​အားဖြင့် အသက်ရှင်​စေ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။

[23] သို့သော် တစ်ဦးစီ​၌ မိမိ​အလှည့်​ရှိ​၍ ခရစ်တော်​သည် အသီးဦး​ဖြစ်​တော်မူ​၏။ ထို့နောက် ခရစ်တော်​နှင့်ဆိုင်သော​သူ​တို့​သည် ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ ထမြောက်​ကြ​လိမ့်မည်။

[24] ထို့နောက် အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်မှု​ရှိသမျှ၊ တန်ခိုး​နှင့်​အာဏာစက်​ရှိသမျှ​တို့​ကို​ဖျက်ဆီး​၍ နိုင်ငံ​တော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ အပ်နှံ​တော်မူ​လိမ့်မည်။

[25] အကြောင်းမူကား ရန်သူ​အပေါင်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​သည်​အထိ ကိုယ်တော်​သည်​အုပ်စိုး​ရ​မည်​ဖြစ်​၏။

[26] ဖျက်ဆီး​ခြင်း​ခံရ​မည့် နောက်ဆုံး​ရန်သူ​မှာ သေ​ခြင်း​ဖြစ်​၏။

[27] အကြောင်းမူကား “ဘုရားသခင်​သည် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​၏​ခြေဖဝါး​အောက်၌​ချ​ထား​၍ နာခံ​စေ​တော်မူ​၏။” အရာ​ခပ်သိမ်း​တို့​ကို နာခံ​စေ​တော်မူ​၏​ဟု ဆို​ရာ​တွင် အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သော​အရှင်​သည် ထို​အရာ​များ​ထဲ၌​မ​ပါ​ကြောင်း ထင်ရှား​၏။

[28] အရာ​ခပ်သိမ်း​တို့​ကို ကိုယ်တော်​အား နာခံ​စေ​တော်မူ​သောအခါ သား​တော်​ကိုယ်တိုင်​သည်​လည်း အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​တော်မူ​သော​အရှင်​ကို နာခံ​တော်မူ​လိမ့်မည်။ ဤသည်ကား ဘုရားသခင်​သည် အလုံးစုံ​တို့​၌ အလုံးစုံ​ဖြစ်​တော်မူ​မည့်​အကြောင်း​တည်း။

[29] သို့ဖြစ်လျှင် သေလွန်​သော​သူ​တို့​၏​ကိုယ်စား ဗတ္တိဇံ​ခံ​သော​သူ​တို့​သည် အဘယ်ကြောင့် ထိုသို့​ပြု​ရ​ကြ​သနည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​အလျှင်း​မ​ရှိ​လျှင် အဘယ်ကြောင့် သူ​တို့ ​ကိုယ်စား ဗတ္တိဇံ​ခံ​စရာ​ရှိ​သနည်း။

[30] ငါ​တို့​သည်​လည်း အဘယ်ကြောင့် အန္တရာယ်​နှင့် အစဉ်အမြဲ​ရင်ဆိုင်​နေ​ရ​သနည်း။

[31] ညီအစ်ကို​တို့၊ ငါ​တို့​သခင်​ခရစ်တော်​ယေရှု​၌ သင်​တို့​ကြောင့် ငါ​ရရှိ​သော​ဝါကြွား​ဝမ်းမြောက်​ခြင်း​ကို​တိုင်တည်​၍ “ငါ​သည် နေ့တိုင်း​သေ​နေ​ရ​၏”​ဟု ငါ​ဆို​၏။

[32] ငါ​သည် လူ့​သဘော​ဖြင့် ဧဖက်​မြို့​၌ သားရဲ​တို့​နှင့်​တိုက်ခိုက်​ခဲ့​သည်​ဆိုလျှင် ငါ့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။ သေလွန်​သော​သူ​တို့​သည် ထမြောက်​ခြင်း​မ​ရှိ​လျှင် ငါ​တို့​သည် မနက်ဖြန်​သေ​ကြ​ရ​မည်​ဖြစ်၍ စား​လျက်​သောက်​လျက်​နေ​ကြ​ကုန်စို့။

[33] အယူ​မ​လွဲ​ကြ​နှင့်။ မကောင်း​သော​အပေါင်းအဖော်​တို့​သည် ကောင်း​သော​အကျင့်​စာရိတ္တ​ကို ပျက်စီး​စေ​ကြ​၏။

[34] အမြင်​မှန်​ရ​ကြ​လော့။ အပြစ်​ကို​မ​ပြု​ကြ​နှင့်။ အကြောင်းမူကား အချို့​သော​သူ​တို့​သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ သင်​တို့​ကို​အရှက်​ရ​စေရန် ဤသို့​ငါ​ပြော​၏။

[35] သို့သော် လူ​အချို့​တို့​က “သေလွန်​သော​သူ​တို့​သည် မည်သို့​ထမြောက်​ကြ​မည်နည်း။ မည်သို့​သော​ကိုယ်ခန္ဓာ​ဖြင့် ပေါ်လာ​ကြ​မည်နည်း”​ဟု မေးမြန်း​ကြ​လိမ့်မည်။

[36] အချင်း​လူမိုက်၊ သင်​စိုက်ပျိုး​သော​အရာ​သည် မ​ပျက်​လျှင် ရှင်သန်​လာ​မည်​မ​ဟုတ်။

[37] သင်​စိုက်ပျိုး​သော​အရာ​သည်​လည်း နောက်​ဖြစ်လာ​မည့်​ကိုယ်ထည်​ကို စိုက်ပျိုး​သည်​မ​ဟုတ်​ဘဲ ဂျုံ​၊ သို့မဟုတ် အခြား​သီးနှံ​၏​အစေ့​သက်သက်​ကို​သာ စိုက်ပျိုး​၏။

[38] သို့သော် ဘုရားသခင်​သည် အလို​တော်​ရှိ​သည့်​အတိုင်း ထို​အစေ့​အား ကိုယ်ထည်​ကို​ပေး​တော်မူ​၍ အစေ့​တစ်စေ့စီ​အား မိမိ​အမျိုးအစား​အလိုက် ကိုယ်ထည်​ကို​ပေး​တော်မူ​၏။

[39] အသား​အားလုံး​သည် တစ်မျိုးတည်း​မ​ဟုတ်။ လူ​တို့​၏​အသား​သည် တစ်​မျိုး၊ တိရစ္ဆာန်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ကျေးငှက်​တို့​၏​အသား​သည်​လည်း တစ်​မျိုး၊ ငါး​တို့​၏​အသား​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

[40] ကောင်းကင်​ကိုယ်ခန္ဓာ​များ​ရှိ​၍ မြေကြီး​ကိုယ်ခန္ဓာ​များ​လည်း​ရှိ​၏။ သို့သော် ကောင်းကင်​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး​ဖြစ်၍ မြေကြီး​ကိုယ်ခန္ဓာ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။

[41] နေ​၏​ဘုန်း​အသရေ​သည် တစ်​မျိုး၊ လ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး၊ ကြယ်​များ​၏​ဘုန်း​အသရေ​သည်​လည်း တစ်​မျိုး​ဖြစ်​၏။ ကြယ်​တစ်​လုံး​ချင်း​၏​ဘုန်း​အသရေ​သည်​လည်း ခြားနား​ကြ​၏။

[42] သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည်​လည်း ထိုနည်းတူ​ဖြစ်​၏။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။

[43] အသရေ​မ​ရှိ​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ အားနည်း​သော​အရာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ခွန်အား​နှင့်​ပြည့်စုံ​သော​အရာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။

[44] ဇာတိ​ကိုယ်ခန္ဓာ​အဖြစ် စိုက်ပျိုး​ခြင်း​ခံရ​၍ ဝိညာဉ်​ကိုယ်ခန္ဓာ​အဖြစ် ထမြောက်​စေ​ခြင်း​ကို​ခံရ​၏။ ဇာတိ​ကိုယ်ခန္ဓာ​ရှိ​လျှင် ဝိညာဉ်​ကိုယ်ခန္ဓာ​လည်း​ရှိ​၏။

[45] ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏” ​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။

[46] သို့သော် ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဦးစွာ​ဖြစ်​သည်​မ​ဟုတ်။ ဇာတိ​နှင့်ဆိုင်သော​အရာ​ဖြစ်​ပြီးမှ ဝိညာဉ်​နှင့်ဆိုင်သော​အရာ​သည် ဖြစ်​ပေါ်လာ​၏။

[47] ပထမ​လူ​သည် မြေကြီး​မှ​ဖြစ်၍ မြေမှုန့်​နှင့်ဆိုင်​၏။ ဒုတိယ​လူ​သည် ကောင်းကင်​မှ​ဖြစ်​၏။

[48] မြေမှုန့်​နှင့်ဆိုင်သော​သူ​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။ ကောင်းကင်​နှင့်ဆိုင်သော​သူ​မူကား ကောင်းကင်​နှင့်ဆိုင်သော​သူ​ကဲ့သို့​ဖြစ်​၏။

[49] ငါ​တို့​သည် မြေမှုန့်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​ဆောင်​သကဲ့သို့ ကောင်းကင်​နှင့်ဆိုင်သော​သူ​၏​ပုံသဏ္ဌာန်​ကို​လည်း ဆောင်​ရ​ကြ​လိမ့်မည်။

[50] ညီအစ်ကို​တို့၊ ငါ​ဆို​သည်​ကား အသွေး​အသား​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။ ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည်​လည်း ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို အမွေ​ဆက်ခံ​၍​မ​ရ​နိုင်။

[51] နားထောင်​ကြ​လော့။ ငါ​သည် သင်​တို့​အား လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ပြော​ဦး​မည်။ ငါ​တို့​အားလုံး​သည် အိပ်ပျော်​ကြ​ရ​မည်​မ​ဟုတ်။

[52] သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။

[53] အဘယ်ကြောင့်​ဆိုသော် ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​ရ​မည်​ဖြစ်​၏။

[54] ဤ​ဖောက်ပြန်​ပျက်စီး​တတ်​သော​အရာ​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​ကို​ဝတ်ဆင်​၍ ဤ​သေ​တတ်​သော​အရာ​သည် သေ​ခြင်း​နှင့်​ကင်း​သော​အရာ​ကို ဝတ်ဆင်​သောအခါ “သေ​ခြင်း​သည် အောင်မြင်​ခြင်း​၌ နစ်မြုပ်​လေ​ပြီ” ​ဟု ရေး​ထား​သော ကျမ်း​စကား​ပြည့်စုံ​လိမ့်မည်။

[55] “အို သေ​ခြင်း၊ သင်​၏​အောင်မြင်​ခြင်း​သည် အဘယ်မှာ​ရှိ​သနည်း။ အို သေ​ခြင်း ၊ သင်​၏​အဆိပ်​ဆူး​သည် အဘယ်မှာ​ရှိ​သနည်း။”

[56] သေ​ခြင်း​၏​အဆိပ်​ဆူး​သည် အပြစ်​ဖြစ်​၍ အပြစ်​၏​တန်ခိုး​သည် ပညတ်​တရား​ဖြစ်​၏။

[57] သို့သော် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​အား အောင်မြင်​ခြင်း​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။

[58] ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။

ကောရိန္သုဩဝါဒစာပဌမစောင် — Chapters