Skip to content
Opens in a new window
Listen to this chapter • 6:02

[1] ငါ​သည် ခရစ်တော်​ကို​အတုယူ​သူ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ့​ကို​အတုယူ​သူ​များ​ဖြစ်​ကြ​လော့။

[2] သင်​တို့​သည် အရာရာ​၌ ငါ့​ကို​သတိရ​လျက် သင်​တို့​ထံ​ငါ​ပေးအပ်​ထား​သော ဓလေ့​ထုံးတမ်း​နှင့်အညီ လိုက်လျှောက်​ကြ​သောကြောင့် သင်​တို့​ကို ငါ​ချီးမွမ်း​၏။

[3] သို့သော် သင်​တို့​အား ငါ​သိ​စေ​လို​သည်မှာ ယောက်ျား​တိုင်း​၏​ဦးခေါင်း​သည် ခရစ်တော်​ဖြစ်​၏။ မိန်းမ​၏​ဦးခေါင်း​သည် ယောက်ျား​ဖြစ်​၏။ ခရစ်တော်​၏​ဦးခေါင်း​သည် ဘုရားသခင်​ဖြစ်​၏။

[4] ဦးခေါင်း​ကို​ဖုံး​လျက် ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို​ပြု​သော​ယောက်ျား​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။

[5] သို့သော် ဦးခေါင်း​မ​ဖုံး​ဘဲ ဆုတောင်း​ခြင်း​၊ သို့မဟုတ် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို ပြု​သော​မိန်းမ​တိုင်း​သည် မိမိ​ဦးခေါင်း​၏​အသရေ​ကို​ရှုတ်ချ​၏။ အကြောင်းမူကား ထိုသို့​ပြု​ခြင်း​သည် ခေါင်းတုံး​ရိတ်​ထား​သည်​နှင့်​တူ​၏။

[6] ထို့ကြောင့် မိန်းမ​သည် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​လျှင် ဆံပင်​ကို​ဖြတ်​ပါစေ။ သို့သော် ဆံပင်​ဖြတ်​ခြင်း​၊ သို့မဟုတ် ခေါင်းတုံး​ရိတ်​ခြင်း​သည် မိန်းမ​အတွက်​ရှက်ဖွယ်​ဖြစ်​လျှင် ဦးခေါင်း​ကို​ဖုံး​ထား​ပါစေ။

[7] ယောက်ျား​သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့် ဘုန်း​အသရေ​တော်​ဖြစ် ​သောကြောင့် မိမိ​ဦးခေါင်း​ကို​မ​ဖုံး​သင့်​ပေ။ မိန်းမ​မူကား ယောက်ျား​၏​ဘုန်း​အသရေ​ဖြစ်​၏။

[8] အကြောင်းမူကား ယောက်ျား​သည် မိန်းမ​ထံမှ​ဖြစ်လာ​သည်​မ​ဟုတ်။ မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​၏။

[9] ထို့အတူ ယောက်ျား​ကို မိန်းမ​အတွက်​ဖန်ဆင်း​တော်မူ​သည်​မ​ဟုတ်။ မိန်းမ​ကို ယောက်ျား​အတွက်​ဖန်ဆင်း​တော်မူ​၏။

[10] ထို့ကြောင့် မိန်းမ​သည် ကောင်းကင်​တမန်​တို့​ကို​ထောက်၍ အခွင့်​အာဏာ​၏​လက္ခဏာ​ကို မိမိ​ဦးခေါင်း​ပေါ်၌ ရှိ​စေ​သင့်​၏။

[11] သို့သော် သခင်​ဘုရား​၌ မိန်းမ​သည် ယောက်ျား​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။ ယောက်ျား​သည်​လည်း မိန်းမ​မပါ​ဘဲ​ဖြစ်​သည်​မ​ဟုတ်။

[12] အကြောင်းမူကား မိန်းမ​သည် ယောက်ျား​ထံမှ​ဖြစ်လာ​သကဲ့သို့ ယောက်ျား​သည်​လည်း မိန်းမ​အားဖြင့်​မွေးဖွား​လာ​၏။ သို့သော် အရာ​ခပ်သိမ်း​တို့​သည် ဘုရားသခင်​ထံမှ​ဖြစ်​၏။

[13] မိန်းမ​သည် ဦးခေါင်း​မ​ဖုံး​ဘဲ ဘုရားသခင်​ထံ​ဆုတောင်း​ခြင်း​သည် သင့်လျော်​မှု​ရှိ​၊ မ​ရှိ သင်​တို့​ကိုယ်တိုင်​ဆင်ခြင်​သုံးသပ်​ကြ​လော့။

[14] ယောက်ျား​သည် ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ရှက်ဖွယ်​ဖြစ်​ကြောင်း သဘာဝ​တရား​ကိုယ်​၌​က သင်​တို့​ကို​သွန်သင်​သည်​မ​ဟုတ်​လော။

[15] မိန်းမ​မူကား ဆံပင်​ရှည်​ထား​လျှင် သူ့​အတွက်​ဘုန်း​အသရေ​ဖြစ်​၏။ အကြောင်းမူကား ဆံပင်​ကို ခြုံ​စရာ​အဖြစ် သူ့​အား​ပေး​ထား​ခြင်း​ဖြစ်​၏။

[16] သို့သော် တစ်စုံတစ်ယောက်​က လက်ခံ​နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်မှတ်​လျှင် ငါ​တို့​၌ ထိုသို့သော​ထုံးစံ​မ​ရှိ။ ဘုရားသခင်​၏​အသင်းတော်​များ​၌​လည်း​မ​ရှိ။

[17] သို့ရာတွင် သင်​တို့​၏​စုဝေး​ခြင်း​သည် ကောင်းကျိုး​ကို​ဖြစ်စေ​သည်​ထက် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​သောကြောင့် ဤ​ညွှန်ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီးမွမ်း​နိုင်။

[18] ပထမ​အနေဖြင့် သင်​တို့​သည် အသင်းတော်​၌​စုဝေး​ကြ​သောအခါ သင်​တို့​တွင် ကွဲပြား​မှု​များ​ရှိ​သည်​ဟု ငါ​ကြား​ရ​၍ ၎င်း​ကို တစ်စိတ်တစ်ဒေသ ငါ​ယုံ​၏။

[19] အမှန်စင်စစ် သင်​တို့​ထဲ၌ ယုံကြည်​စိတ်ချ​ရ​သူ​များ သိသာ​ထင်ရှား​လာ​မည့်​အကြောင်း သင်​တို့​တွင် ဂိုဏ်းကွဲ​ခြင်း​ရှိ​ရန်​လိုအပ်​ပေ​၏။

[20] သို့ဖြစ်၍ သင်​တို့​သည် အတူတကွ​စုဝေး​ကြ​သောအခါ သခင်​ဘုရား​၏​ပွဲတော်​ကို​စားသောက်​ရန် စုဝေး​ကြ​သည်​မ​ဟုတ်။

[21] အကြောင်းမူကား စားသောက်​ကြ​ရာ​တွင် အသီးသီး​တို့​သည် သူတစ်ပါး​ကို​မ​စောင့်​ဘဲ မိမိ​ညစာ​ကို စား​ကြ​သောကြောင့် မူး​သူ​က​မူး၊ ဆာ​သူ​က​ဆာ ဖြစ်​နေ​ကြ​၏။

[22] သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သလော။ သို့မဟုတ် သင်​တို့​သည် ဘုရားသခင်​၏​အသင်းတော်​ကို မထီမဲ့မြင်​ပြု​၍ မ​ရှိ​ဆင်းရဲ​သား​တို့​ကို အရှက်ခွဲ​ကြ​သလော။ ငါ​သည် သင်​တို့​ကို မည်သို့​ပြော​ရ​မည်နည်း။ သင်​တို့​ကို ချီးမွမ်း​ရ​မည်​လော။ ဤ​အမှု​၌ ငါ​မ​ချီးမွမ်း​နိုင်။

[23] အကြောင်းမူကား သခင်​ဘုရား​ထံမှ ငါ​ခံယူ​ရရှိ​သော​အရာ​ကို သင်​တို့​အား ငါ​ပေးအပ်​၏။ ထို​အရာ​မှာ သခင်​ယေရှု​သည် အပ်နှံ​ခြင်း​ခံရ​သော​ည​၌ မုန့်​ကို​ယူ​၍

[24] ကျေးဇူး​တော်​ချီးမွမ်း​ပြီးမှ မုန့်​ကို​ဖဲ့​၍“ ဤ မုန့် ကား သင် တို့ အတွက် ချိုးဖဲ့ သော ငါ ၏ ကိုယ်ခန္ဓာ ဖြစ် ၏ ။ ငါ့ ကို အောက်မေ့ ဖို့ ရန် ဤသို့ ပြု ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[25] ထိုနည်းတူ ညစာ​စား​ပြီးမှ ခွက်​ကို​လည်း​ယူ​၍“ ဤ ခွက် ကား ငါ ၏ သွေး ၌ တည် သော ပဋိညာဉ် သစ် ဖြစ် ၏ ။ ဤ ခွက် ကို သောက် သောအခါ တိုင်း ငါ့ ကို အောက်မေ့ ဖို့ ရန် ဤသို့ ပြု ကြ လော့ ” ​ဟု မိန့်​တော်မူ​၏။

[26] ထို့ကြောင့် သင်​တို့​သည် ဤ​မုန့်​ကို​စား​၍ ဤ​ခွက်​ကို​သောက်​သောအခါ​တိုင်း သခင်​ဘုရား​၏​အသေခံ​တော်မူ​ခြင်း​ကို ကိုယ်တော်​ကြွလာ​တော်မူ​သည်​အထိ ကြေညာ​ကြ​၏။

[27] သို့ဖြစ်၍ သခင်​ဘုရား​၏​မုန့်​နှင့်​ခွက်​ကို မ​ထိုက်တန်​ဘဲ စား​သောက်​သော​သူ​သည် သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​နှင့်​သွေး​တော်​ကို ပြစ်မှား​ရာ​ရောက်​၏။

[28] ထို့ကြောင့် လူ​တိုင်း ကိုယ့်ကိုယ်ကိုယ်​စစ်ဆေး​ပြီးမှ မုန့်​ကို​စား​စေ။ ထိုနည်းတူ ခွက်​ကို​လည်း​သောက်​စေ။

[29] အကြောင်းမူကား သခင်​ဘုရား​၏​ကိုယ်ခန္ဓာ​တော်​ကို ပိုင်းခြား​၍​မ​သိ​ဘဲ စား​သောက်​သော​သူ​သည် မိမိ​အပေါ်သို့ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​သက်ရောက်​စေရန် စား​သောက်​သော​သူ​ဖြစ်​၏။

[30] ဤ​အကြောင်း​ကြောင့် သင်​တို့​တွင် အားနည်း​သော​သူ​နှင့်​မ​ကျန်းမာ​သော​သူ များစွာ​ရှိ​၍ အိပ်ပျော်​သော​သူ​လည်း အများအပြား​ရှိ​ကြ​၏။

[31] သို့သော် ငါ​တို့​သည် မိမိတို့ကိုယ်ကို​ပိုင်းခြား​၍​သိ​လျှင် စီရင်​ခြင်း​ခံရ​မည်​မ​ဟုတ်။

[32] စီရင်​ခြင်း​ခံရ​လျှင်​လည်း လောကီသား​တို့​နှင့်အတူ ပြစ်ဒဏ်​စီရင်​ခြင်း​မ​ခံရ​မည့်​အကြောင်း သခင်​ဘုရား​၏​ဆုံးမ​တော်မူ​ခြင်း​ကို​ခံရ​ကြ​၏။

[33] ထို့ကြောင့် ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် စားသောက်​ရန်​စုဝေး​ကြ​သောအခါ တစ်ဦး​ကို​တစ်ဦး​စောင့်ဆိုင်း​ကြ​လော့။

[34] တစ်စုံတစ်ယောက်​သည် ဆာလောင်​လျှင် ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ရန်​အတွက် စုဝေး​ခြင်း​မ​ဖြစ်​မည့်​အကြောင်း မိမိ​အိမ်​၌​စား​ပါစေ။ ကျန်​သော​ကိစ္စ​များ​ကို ငါ​လာ​သောအခါ​ညွှန်ကြား​မည်။

ကောရိန္သုဩဝါဒစာပဌမစောင် — Chapters