[1] ထိုနောက်မှယေရှုသည် ဂါလိလဲပြည်၌ လှည့်လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့ သောငှါ ရှာကြံသောကြောင့်၊ ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော်မရှိ။
[2] ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊
[3] ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည် သို့ကြွပါ။
[4] ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်။ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊
[5] မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။
[6] ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး။ သင်တို့ကို ခပ်သိမ်းသောအချိန်သင့်လျက်ရှိ၏။
[7] လောကီသားတို့သည် သင်တို့ကိုမုန်းနိုင်။ ငါ့ကိုမုန်းကြ၏။ အကြောင်းမူကား၊ ငါသည်သူတို့၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေခံ၏။
[8] ထိုပွဲသို့သင်တို့သွားကြလော့။
[9] ငါမသွားသေး။ ငါ့အချိန်မပြည်စုံသေးဟု မိန့်တော်မူပြီးလျှင်၊ ဂါလိလဲပြည်မှာနေတော်မူ၏။
[10] ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြွတော်မူ၏။
[11] ထိုပွဲ၌ယုဒလူတို့က၊ ယေရှုသည်အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။
[12] လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍ ၎င်း ဆိုကြ၏။
[13] သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။
[14] ထိုပွဲကို ခံစဉ်တွင်၊ ယေရှုသည် ဗိမာန်တော်သို့တက်၍ ဆုံးမဩဝါဒပေးတော်မူ၏၊
[15] ယုဒလူတို့သည် အံ့ဩ၍၊ ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟုဆိုကြ၏။
[16] ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏ ဒေသနာဖြစ်၏။
[17] ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာ တော်ဖြစ်သလော၊ ငါသည် ကိုယ်အလိုအလျောက် ဟောပြောသလောဟု ပိုင်းခြား၍သိလိမ့်မည်။
[18] ကိုယ်အလိုအလျောက်ဟောပြောသောသူသည် မိမိဘုန်းအသရေကိုရှာတတ်၏။ မိမိကို စေလွှတ်တော် မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌မုသားမရှိ။
[19] မောရှသည်ပညတ်တရားကို သင်တို့အား ပေးသည်မဟုတ်လော။ ထိုတရားကို သင်တို့တွင် တစုံ တယောက်မျှမကျင့်။ ငါ့ကိုသတ်အံ့သောငှါ အဘယ်ကြောင့် ရှာကြံကြသနည်းဟု မိန့်တော်မူ၏။
[20] လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုးစွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ၏။
[21] ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ရှိသမျှသည် အံ့ဩခြင်းရှိကြ၏။
[22] မောရှသည် အရေဖျားလှီးခြင်းတရားကို သင်တို့အား ပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာခံရ သည်ဟု မဆိုလို။ ဘိုးဘေးများမှဆက်ခံရသတည်း၊ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည်အရေဖျားလှီးခြင်းကို ပေးကြ၏။
[23] မောရှေ၏တရားမပျက်စေခြင်းငှါ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ် နေ့၌ လူတကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကိုအမျက်ထွက်ရာသလော။
[24] မျက်နှာကို သာကြည်၍မစီရင်ကြနှင့်။ တရားသဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။
[25] ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။
[26] ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။
[27] သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။
[28] ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုသိကြ၏။ ငါအဘယ်က ဖြစ်သည်ကိုလည်း သိကြ၏။ သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ ၏။ ထိုသူကို သင်တို့မသိကြ။
[29] ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ် တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍မိန့်တော်မူလျှင်၊
[30] ကိုယ်တော်ကို ဘမ်းဆီးခြင်းအခွင့်ကိုရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏အချိန်မစေ့ မရောက်သေး သောကြောင့် အဘယ်သူမျှ မဘမ်းဆီးကြ။
[31] လူအစုအဝေးထဲ၌ ပါသောလူများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာတော်မူ သောအခါ၊ ဤသူပြသော နိမိတ်လက္ခဏာထက်သာ၍ များသောနိမိတ်လက္ခဏာတို့ကို ပြတော်မူမည်လောဟု ဆိုကြ၏။
[32] ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့ နှင့်တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီးစေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ်ကြ၏။
[33] ယေရှုကလည်း၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။
[34] ရှာသော်လည်းမတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊
[35] ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူ တို့တွင်အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည် လော။
[36] သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက် နိုင်ကြဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။
[37] ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည်ရပ်၍ ကြွေးကြော်တော်မူသည်ကား၊ ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။
[38] ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။
[39] ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့် တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။
[40] စကားတော်ကို ကြားသောလူအများတို့က၊ ဤသူသည်လာလတံ့သော ပရောဖက်အမှန်ဖြစ်သည်ဟု ဆိုကြ၏။
[41] အချို့ကလည်း၊ ဤသူသည်ခရစ်တော်ဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲ ပြည်သားဖြစ်ရသလော။
[42] ခရစ်တော်သည် ဒါဝိဒ်အမျိုး၊ဒါဝိဒ်နေရာဌာန၊ ဗက်လင်ရွာသားဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ် လောဟု ဆိုကြ၏။
[43] ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကိုဘမ်းဆီးခြင်းငှါ အလို ရှိကြ၏။
[44] သို့သော်လည်း အဘယ်သူမျှမဘမ်းမဆီးကြ။
[45] ထိုအခါ မင်းလုလင်တို့သည် ယဇ်ပုရောဟိတ်အကြီး၊ ဖာရိရှဲထံသို့ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင်ခဲ့ကြသနည်းဟု မေးမြန်းလျှင်၊
[46] မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါဟု လျှောက်ကြ၏။
[47] ဖာရိရှဲတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖြားပြီလော။
[48] မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစုံတယောက်မျှရှိသလော။
[49] တရားကိုမသိသော ဤလူများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ၏။
[50] အထက်ကညဉ့်အခါ၌ အထံတော်သို့လာသော သူတည်းဟူသော ထိုမင်းများအဝင်ဖြစ်သော နိကောဒင် ကလည်း၊
[51] ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမှီကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလောဟုဆိုလျှင်၊
[52] သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ စစ်ဦးလော့၊ ဂါလိလဲပြည်၌ အဘယ် ပရောဖက်မျှမပေါ်ထွန်းသည်ကိုမှတ်လော့ဟု ဆိုကြပြီးမှ၊
[53] ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့သွားကြ၏။