Skip to content
Opens in a new window
Listen to this chapter • 6:45

[1] သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ငါဟောပြော၏။

[2] လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။

[3] ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

[4] ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှါ ယခုပင် ငါဟောပြော၏။အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဘူးသေး။

[5] ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။

[6] ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏။

[7] ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။

[8] ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။

[9] ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်။

[10] ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရသော ကြောင့်၊ အပြစ်ကင်းခြင်းကို ဘော်ပြမည်။

[11] ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။

[12] သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

[13] သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။

[14] ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

[15] ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်ဟု ငါပြော၏။

[16] ခဏကြာပြီးမှ သင်တို့သည်ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်း မူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။

[17] တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍၎င်း၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း။

[18] ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။

[19] တပည့်တော်တို့သည်မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန်ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။

[20] ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

[21] မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။

[22] ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။

[23] ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။

[24] ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။

[25] ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။

[26] ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။

[27] အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည်ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။

[28] ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။

[29] တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟော ပြောတော်မူ၏။

[30] အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှါ အလိုတော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။

[31] ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။

[32] သင်တို့သည် ကွဲပြား၍ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ စွန်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်းနေသည် မဟုတ်။ ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏။

[33] သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်။ — Chapters