Skip to content
Opens in a new window
Listen to this chapter • 9:17

[1] အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

[2] ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။

[3] နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။

[4] ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။

[5] ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။

[6] ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင်စေလွှတ်တော်မူ၏။

[7] ထိုသူကိုလူအပေါင်းတို့သည် အမှီပြု၍ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေ ခံဖြစ်၍၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါလာ၏။

[8] ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှါသာလာ၏။

[9] ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။

[10] ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလော ကသည် ထိုသူကိုမသိ။

[11] သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

[12] ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

[13] ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသော သားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသားဖြစ်သတည်း။

[14] နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

[15] ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာ သောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။

[16] ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။

[17] အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာ တရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။

[18] ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်း သောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။

[19] ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊

[20] ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏။

[21] ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးမြန်းပြန်၏။ ယောဟန်က၊ ငါသည် ဧလိယမဟုတ်ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။

[22] ထိုသူတို့ကလည်း၊ သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာ ရှိစေ ခြင်းငှါ၊ သင်သည်ကိုယ်ကို အဘယ်သို့ဆိုသနည်းဟု မေးပြန်ကြ၏။

[23] ယောဟန်ကလည်း၊ ငါသည်ပရောဖက် ဟေရှာယဟောပြောသည်နှင့်အညီ၊ ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့ဟု တော၌ဟစ်ကြော်သောသူ၏အသံဖြစ်သည်ဟု ဆို၏။

[24] အစေခံသောသူတို့ကား၊ ဖာရိရှဲဖြစ်ကြသတည်း။

[25] ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက်မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံကိုပေးသနည်းဟု မေးပြန်ကြ၏။

[26] ယောဟန်ကလည်း၊ ငါသည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌သင်တို့မသိသော သူတယောက် ရှိ၏။

[27] ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်ဟုပြန်ပြော၏။

[28] ယောဟန်သည်ဗတ္တဇံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနိရွာ၌ ဤအမှုအရာဖြစ်သတည်း။

[29] နက်ဖြန်နေ့၌ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင် သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။

[30] ငါမရှိမှီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။

[31] အစကထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။

[32] ထိုမှတပါး ဝိညာဉ်တော်သည်ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏အပေါ်၌ နားတော်မူ သည်ကို ငါမြင်ရပြီ။

[33] အစကထိုသူကိုငါမသိ။ ရေ၌ဗတ္တိဇံကိုပေးစေခြင်းငှါ ငါ့ကိုစေလွှတ်တော်မူသောသူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကားသန့်ရှင်းသော ဝိညာဉ် တော်၌ ဗတ္တိဇံကိုပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။

[34] ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။

[35] တဖန်ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့နှင့် အတူရပ်နေ၍၊

[36] ယေရှုကြွတော်မူသည်ကိုမြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။

[37] တပည့်နှစ်ယောက်တို့သည် ထိုစကားကိုကြားလျှင်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။

[38] ယေရှုသည်လှည့်၍ ထိုသူတို့ လိုက်ကြသည်ကိုမြင်တော်မူလျှင်၊ အဘယ်အလိုရှိသနည်းဟု မေးတော် မူ၏။ ထိုသူတို့က၊ ရဗ္ဗိ၊ ကိုယ်တော်သည် အဘယ်မှာနေတော်မူသနည်းဟု မေးလျှောက်ကြ၏။ ရဗ္ဗိ၊ အနက် ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။

[39] ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုဃ်းချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။

[40] ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုညီအန္ဒြပေတည်း။

[41] ထိုသူသည် မိမိအစ်ကို ရှိမုန်ကို ရှေးဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိကိုတွေ့ကြပြီဟု ပြောဆိုလျက်၊

[42] သူ့ကိုယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူ ကိုကြည့်ရှု၍၊ သင်သည်ယောန၏သားရှိမုန်ဖြစ်၏ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော်မူ၏၊ ကေဖအနက် ကား ပေတရုဟုဆိုလိုသတည်း။

[43] နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပုကိုတွေ့၍၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။

[44] ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သတည်း။

[45] ဖိလိပ္ပုသည်နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့သည် သူတို့ကျမ်း ၌၎င်း အကြောင်းပြု၍ ရေးထားသောသူ၊ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။

[46] နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလောဟုမေးလျှင်၊ ဖိလိပ္ပုက၊ လာ၍ကြည့်ပါဟုဆို၏။

[47] နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကိုကြည့်လော့ဟု ထိုသူကိုအမှတ်ပြု၍ မိန့်တော်မူ၏။

[48] နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မှီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို ငါ မြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊

[49] အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏ဟု နာသနေလလျှောက်လေ၏။

[50] တဖန်ယေရှုက၊ သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော။ ထိုမျှ မက သင်သည်သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတံ့။

[51] သင်တို့အား ငါအမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်လျက်ရှိနေသည်ကို၎င်း၊ သင်တို့သည် မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်။ — Chapters