[1] ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
[2] အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။
[3] သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
[4] မျိုးနွယ်စုဖခင်ဖြစ်သောအာဗြဟံပင် လက်ရပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သောဤသူသည် မည်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
[5] လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာ သည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။
[6] သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
[7] ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။
[8] ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။
[9] ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။
[10] အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ် ထဲ၌ရှိနေသေး၏။
[11] လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
[12] ယဇ်ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။
[13] အကြောင်းမူကား အထက်ပါအကြောင်းအရာများက ရည်ညွှန်းထားသောအရှင်သည် ယဇ်ပလ္လင်အမှုကိုမဆောင်ရွက်ဖူးသောအခြားမျိုးနွယ်စုနှင့်စပ်ဆိုင်၏။
[14] ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
[15] ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။
[16] ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။
[17] အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏” ဟု သက်သေခံထား၏။
[18] ယခင်ပညတ်ချက်သည် အားနည်း၍ အကျိုးမပေးနိုင်သောကြောင့် ပယ်ဖျက်ခြင်းခံရ၏။
[19] အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
[20] ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
[21] ကိုယ်တော်မူကား “‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်” ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
[22] ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။
[23] အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
[24] ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။
[25] ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
[26] ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
[27] အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော် သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
[28] ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။