[1] ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ဆက်၍တည်ကြလော့။
[2] ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
[3] အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။
[4] မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
[5] အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်” ဟု ကိုယ်တော်မိန့်တော်မူ၏။
[6] ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း” ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။
[7] ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
[8] ယေရှုခရစ်တော်သည် မနေ့၊ ယနေ့နှင့် နောင်ကာလအစဉ်အဆက် ပြောင်းလဲခြင်းမရှိ။
[9] ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
[10] ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။
[11] အကြောင်းမူကား ယဇ်ပုရောဟိတ်မင်းသည် ယဇ်ကောင်တို့၏သွေးကို အပြစ်ဖြေရာယဇ်အဖြစ် သန့်ရှင်းရာဌာနထဲသို့ ယူဆောင်သွားသော်လည်း ယဇ်ကောင်တို့၏ကိုယ်မူကား စခန်းအပြင်၌မီးရှို့ရ၏။
[12] ထို့ကြောင့် ယေရှုသည်လည်း မိမိ၏သွေးတော်အားဖြင့် လူတို့ကိုသန့်ရှင်းစေရန် မြို့တံခါးအပြင်၌ ဒုက္ခဝေဒနာခံစားတော်မူ၏။
[13] သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။
[14] အကြောင်းမူကား ဤလောက၌ ငါတို့အတွက်တည်မြဲသောမြို့မရှိ။ နောက်လာမည့်မြို့တော်ကိုသာ ငါတို့ကြိုးစားရှာဖွေနေကြ၏။
[15] ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
[16] ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
[17] သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
[18] ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား ငါတို့၌ ကြည်လင်သောအသိစိတ်ရှိကြသည်ဟု ငါတို့ယုံကြည်စိတ်ချလျက် အရာရာ၌ လျောက်ပတ်စွာအသက်ရှင်နေထိုင်ရန်အလိုရှိကြ၏။
[19] ငါသည် သင်တို့ထံသို့ လျင်မြန်စွာ ပြန်ရောက်နိုင်မည့်အကြောင်း ဆုတောင်းပေးရန် အထူးမေတ္တာရပ်ခံပါ၏။
[20] ထာဝရပဋိညာဉ်နှင့်ဆိုင်သောသွေးတော်အားဖြင့် သိုးတို့၏သိုးထိန်းကြီးဖြစ်တော်မူသော ငါတို့သခင်ယေရှုကို သေသောသူတို့ထဲမှ ခေါ်ထုတ်တော်မူသည့် ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည်
[21] ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့ တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှု အမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင် ။
[22] ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံ ကြရန် သင်တို့အား ငါတောင်းပန်၏။
[23] ငါတို့ညီတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သင်တို့အားသိစေလိုပါ၏။ သူသည် အမြန်ရောက်လာလျှင် ငါသည် သူနှင့်အတူ သင်တို့ကိုလာတွေ့မည်။
[24] သင်တို့၏ခေါင်းဆောင်အားလုံးနှင့် သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပါ၏။ အီတလီပြည်မှလာသောသူတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
[25] ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။