Skip to content
Opens in a new window
Listen to this chapter • 8:15

[1] လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။

[2] ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။

[3] သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

[4] မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

[5] သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများ တို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှါအလိုရှိကြ၏။ ငါအမှန်ဆို သည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။

[6] သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။

[7] သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

[8] ထိုသူတို့နည်းတူမပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်းမှီ သင်တို့ အဘသိတော်မူ၏။

[9] ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။

[10] နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။

[11] အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။

[12] သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ။

[13] အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော့။

[14] သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

[15] သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော် မမူ။

[16] သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ် ခြင်းမရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှါ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။

[17] ငါအမှန်အကန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။

[18] သင်သည်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူများတို့ရှေ့မှာမထင်ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်တို့အဘရှေ့တော်၌သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကို လည်းသစ်လော့။ မထင်ရှားသောအရာကိုမြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော် မူလတံ့။

[19] သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။

[20] သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူး ကြလော့။

[21] အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏ စိတ်နှလုံးရောက် တတ်၏။

[22] မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

[23] မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။

[24] အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။

[25] ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။

[26] မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။

[27] အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။

[28] အဝတ်အဘို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။

[29] သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။

[30] ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။

[31] ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထို အရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။

[32] ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။

[33] ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။

[34] ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။

ရှင်မဿဲခရစ်ဝင်။ — Chapters