[1] ထိုကာလအခါ ဗတ္တိဇံဆရာယောဟန်သည် ပေါ်ထွန်းလျှင်၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီး ပြီ။
[2] ထို့ကြောင့် နောင်တရကြလော့ဟု ယုဒတော၌ဟောလေ၏။
[3] ပရောဖက်ဟေရှာယဟောဘူးသည်ကား၊ တော၌ဟစ်ကျော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွ တော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟူသောအချက်၌ ထိုယောဟန်ကို ဆိုလို သတည်း။
[4] ယောဟန်သည် ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်း လျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။
[5] ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်းတို့သည် ယောဟန်ထံသို့ ထွက်သွား၍၊
[6] မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။
[7] ဖာရိရှဲနှင့် ဗဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာလာကြသည်ကို ယောဟန်သည်မြင်လျှင်၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကိုသတိပေး ဘိသနည်း။
[8] နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။
[9] အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
[10] သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။
[11] ငါသည်နောင်တအဘို့အလိုငှါ သင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော် နှင့်၎င်း၊ မီးနှင့်၎င်း၊ သင်တို့ကို ဗတ္တိဇံပေးမည်။
[12] လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့ဟု ယောဟန်ဟောပြော၏။
[13] ထိုအခါ ယေရှုသည် ဗတ္တိဇံကို ခံအံ့သောငှါ ဂါလိလဲပြည်မှ ယော်ဒန်မြစ်နား ယောဟန်ထံသို့ ကြွတော် မူ၏။
[14] ယောဟန်ကလည်း၊ အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလောဟု ယေရှုကိုဆီးတားလေ၏။
[15] ယေရှုကလည်း အလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါ ယောဟန်သည် ဝန်ခံလေ၏။
[16] ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊
[17] ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။