[1] ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။
[2] သင်တို့၏ဝတ်ပြုစည်းဝေးကျောင်း ထဲသို့ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ထားသောလူတစ်ဦးဝင်လာပြီး စုတ်ပြတ်သောအဝတ်ကိုဝတ်ဆင်ထားသည့် ဆင်းရဲသောသူတစ်ဦးလည်း ဝင်လာသောအခါ
[3] သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ၊ သို့မဟုတ် ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
[4] သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောဆင်ခြင်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
[5] ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
[6] သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
[7] သင်တို့နှင့်စပ်လျဉ်း၍ ခေါ်ဝေါ်သမုတ်သည့် ကောင်းမြတ်သောနာမကို သူတို့စော်ကားပြောဆိုကြသည်မဟုတ်လော။
[8] သင်တို့သည် ကျမ်းစာနှင့်အညီ “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသော မွန်မြတ်သည့်ပညတ်တရားကို အမှန်တကယ်စောင့်ထိန်းလျှင် ကောင်းသောအမှုကိုပြုကြလေပြီ။
[9] သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။
[10] အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
[11] အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ” ဟု ပညတ်တော်မူသောအရှင်သည် “လူမသတ်ရ” ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်သော်လည်း လူသတ်လျှင် ပညတ်တရားကို ဖောက်ဖျက်ကျူးလွန်သူဖြစ်၏။
[12] ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။
[13] အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
[14] ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။
[15] ညီအစ်ကို၊ သို့မဟုတ် ညီအစ်မသည် အဝတ်မပါအချည်းစည်းနေလျက် နေ့စဉ်လိုအပ်သောအစားအစာလည်း မရှိသောအခါ
[16] သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။
[17] ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။
[18] သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။
[19] ဘုရားသခင်တစ်ဆူတည်းရှိကြောင်းကို သင်သည်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးတို့ပင် ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
[20] အို လူမိုက်၊ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်း သင်သိလိုသလော။
[21] ငါတို့အဖအာဗြဟံသည် မိမိသားဣဇက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
[22] ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်မှုနှင့်အတူအမှုပြု၍ ထိုလုပ်ဆောင်မှုအားဖြင့် ယုံကြည်ခြင်းသည် စုံလင်ခြင်းသို့ရောက်သည်ကို သင်သိမြင်ရ၏။
[23] ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏” ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်၏။ အာဗြဟံသည်လည်း ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်ခြင်းကိုခံရ၏။
[24] လူသည် ယုံကြည်ခြင်းအားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်းကို သင်တို့သိမြင်ရကြ၏။
[25] ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
[26] အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။