Skip to content
Opens in a new window
Listen to this chapter • 4:41

[1] လွတ်လပ်​မှု​ကို​ရရှိ​စေရန် ခရစ်တော်​သည် ငါ​တို့​ကို လွတ်မြောက်​စေ​တော်မူ​ပြီ။ ထို့ကြောင့် ခိုင်မြဲ​စွာ​ရပ်တည်​လျက် ကျွန်​ထမ်းပိုး​တွင် နောက်တစ်ဖန် ချည်နှောင်​ခြင်း​မ​ခံ​ကြ​နှင့်။

[2] နားထောင်​ကြ​လော့။ ငါ​ပေါလု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အရေဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခရစ်တော်​သည် သင်​တို့​အတွက် မည်သည့်​အကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။

[3] အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်ဖန် ငါ​သတိပေး​သည်​ကား ထို​သူ​သည် ပညတ်​တရား​အလုံးစုံ​ကို ကျင့်သုံး​ရ​မည့်​တာဝန် ​ရှိ​၏။

[4] ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံ​လို​သော​သင်​တို့​သည် ခရစ်တော်​ထံမှ ဖယ်ရှား​ခြင်း​ခံရ​၍ ကျေးဇူး​တော်​ထံမှ ရွေ့လျော​သွား​ကြ​ပြီ။

[5] အကြောင်းမူကား ငါ​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​ခြင်း​ကို​ရရှိ​မည်​ဟူ​သည့်​မျှော်လင့်​ခြင်း​ကို ဝိညာဉ်​တော်​၌​အမှီပြု​လျက် စောင့်မျှော်​နေ​ကြ​၏။

[6] ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။

[7] သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာတရား​ကို​မ​လိုက်နာ​စေရန် မည်သူ​က သင်​တို့​ကို အနှောင့်အယှက်​ပေး​သနည်း။

[8] ဤ​သွေးဆောင်​မှု​သည် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ​လာ​သည်​မ​ဟုတ်။

[9] အနည်းငယ်​သော​တဆေး​သည် မုန့်ညက်​တစ်ပုံလုံး​ကို ဖောင်းပွ​စေ​တတ်​၏။

[10] သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။

[11] ညီအစ်ကို​တို့၊ ငါ​သည် အရေဖျား​လှီး​ခြင်း​တရား​ကို ဟောပြော​နေ​သေး​သည်​ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော​မှားယွင်း​စရာ​အကြောင်း​သည် ဖယ်ရှား​ခြင်း​ခံရ​ပြီ။

[12] သင်​တို့​ကို မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​ပင် သင်းကွပ်​လိုက်​လျှင် ကောင်း​လိမ့်မည်။

[13] ညီအစ်ကို​တို့၊ သင်​တို့​သည် လွတ်လပ်​မှု​အတွက် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​ကြ​၏။ သို့သော် ထို​လွတ်လပ်​မှု​ကို သွေးသား​ဇာတိ​အတွက် အခွင့်အရေး​တစ်​ခု​အနေဖြင့် မ​သုံး​ဘဲ မေတ္တာ​အားဖြင့် အချင်းချင်း​အစေခံ​ကြ​လော့။

[14] အကြောင်းမူကား ပညတ်​တရား​အားလုံး​သည် “ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်” ​ဟူသော​စကား​တစ်​ခွန်း​တည်း​၌​ပြည့်စုံ​၏။

[15] သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။

[16] ငါ​ဆို​သည်​ကား ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ သို့ပြုလျှင် သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​ကို လုံးဝ​မ​ဖြည့်ဆည်း​ဘဲ နေ​ကြ​လိမ့်မည်။

[17] အဘယ်ကြောင့်​ဆိုသော် သွေးသား​ဇာတိ​သည် ဝိညာဉ်​တော်​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၍ ဝိညာဉ်​တော်​သည် သွေးသား​ဇာတိ​နှင့်​ဆန့်ကျင်​သော​အရာ​ကို တောင့်တ​၏။ ဤသို့ဖြင့် ၎င်း​တို့​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​ကြ​သည်​ဖြစ်၍ သင်​တို့​သည် ပြု​လို​သော​အရာ​များ​ကို မ​ပြု​နိုင်​ကြ​ပေ။

[18] သို့ရာတွင် ဝိညာဉ်​တော်​၏​ရှေ့ဆောင်​လမ်းပြ​မှု​ကို​ခံရ​လျှင် သင်​တို့​သည် ပညတ်​တရား​အောက်၌ ရှိ​ကြ​သည်​မ​ဟုတ်။

[19] သွေးသား​ဇာတိ​နှင့်ဆိုင်သော လုပ်ဆောင်​မှု​တို့​မူကား သိသာ​ထင်ရှား​၏။ ၎င်း​တို့​မှာ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကာမဂုဏ်​လိုက်စား​ခြင်း၊

[20] ရုပ်တု​ကိုးကွယ်​ခြင်း၊ ပြုစား​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ မနာလို​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ တစ်ကိုယ်ကောင်းဆန်​ခြင်း၊ စိတ်ဝမ်းကွဲ​ခြင်း၊ ဂိုဏ်းကွဲ​ခြင်း၊

[21] မလိုမုန်းထား​ခြင်း၊ သောက်စား​မူးယစ်​ခြင်း၊ အပျော်ကြူး​ခြင်း​တို့​မှစ၍ ထို​ကဲ့သို့သော​လုပ်ဆောင်​မှု​များ​ဖြစ်​ကြ​၏။ ထိုသို့သော​အရာ​များ​ကို ပြုကျင့်​သော​သူ​တို့​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​ရ​ကြ​မည်​မ​ဟုတ်​ဟု ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း ယခု​လည်း သင်​တို့​အား ကြိုတင်​ပြော​ထား​မည်။

[22] ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊

[23] နူးညံ့​သိမ်မွေ့​ခြင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ပေတည်း။ ဤ​အရာ​များ​ကို ဆန့်ကျင်​သော​တရား​မ​ရှိ။

[24] ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​သူ​တို့​သည် သွေးသား​ဇာတိ​ကို ၎င်း​၏​စိတ်​ပြင်းပြ​မှု​များ၊ တပ်မက်​မှု​များ​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ကြ​ပြီ။

[25] ငါ​တို့​သည် ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​ကြ​လျှင် ဝိညာဉ်​တော်​နှင့်​ထက်ကြပ်မကွာ​လိုက်လျှောက်​ကြ​ကုန်စို့။

[26] စိတ်ကြီးဝင်​၍ အချင်းချင်း​ရန်လို​သော​စိတ်၊ အချင်းချင်း​မလိုမုန်းထား​သော​စိတ်​မ​ရှိ​ဘဲ​နေ​ကြ​ကုန်စို့။

ဂလာတိဩဝါဒစာ — Chapters