[1] ထို့ကြောင့် ချစ်တော်မူသောသားသမီးများအဖြစ် ဘုရားသခင်ကို အတုယူသူများဖြစ်ကြလော့။
[2] ခရစ်တော်သည် ငါတို့ ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ တော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။
[3] တရားနှင့်မညီမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်းနှင့် လောဘလွန်ကျူးခြင်းတို့ကို သန့်ရှင်းသူများရှောင်သင့်သည့်အတိုင်း သင်တို့ထဲတွင် စကားဖြင့်ပင် မပြောကြနှင့်။
[4] မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
[5] တရားနှင့်မညီမေထုန်ပြုသူ၊ ညစ်ညူးသောသူ၊ ရုပ်တုကိုးကွယ်သူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ဦးမျှ ခရစ်တော်နှင့်ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း ကောင်းစွာသိမှတ်ကြလော့။
[6] အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
[7] ထို့ကြောင့် သူတို့နှင့်အတူ ပေါင်းဖော်ခြင်းမပြုကြနှင့်။
[8] အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။
[9] အကြောင်းမူကား အလင်း၏ အသီးအပွင့်သည် အလုံးစုံသောကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတို့ဖြစ်ကြ၏။
[10] သခင်ဘုရားနှစ်သက်တော်မူသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိကြလော့။
[11] အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
[12] အကြောင်းမူကား ဆိတ်ကွယ်ရာ၌ သူတို့ပြုနေသောအရာများကို ပြောဆိုရန်ပင် ရှက်ဖွယ်ကောင်း၏။
[13] သို့သော် အလင်းအားဖြင့် အပြစ်ဖော်ပြခြင်းခံရသောအရာအားလုံးသည် ထင်ရှားလာ၏။
[14] အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်” ဟု ဆိုထား၏။
[15] ထို့ကြောင့် သင်တို့သည် မည်သို့အသက်ရှင်လျှောက်လှမ်းသည်ကို သေချာစွာဆင်ခြင်ကြလော့။ ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ လျှောက်လှမ်း၍
[16] နေ့ရက်ကာလတို့သည် ဆိုးညစ်သောကြောင့် အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
[17] သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။
[18] အပျော်ကြူးခြင်းကိုဖြစ်စေသည့် စပျစ်ဝိုင်ယစ်မူးခြင်းမရှိဘဲ ဝိညာဉ်တော်နှင့်ပြည့်ဝကြလော့။
[19] ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို အချင်းချင်းမြွက်ဆိုလျက် သခင်ဘုရားထံသို့ သင်တို့၏စိတ်နှလုံးထဲမှ သီဆိုကျူးဧကြလော့။
[20] အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့။
[21] ခရစ်တော်ကိုကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အချင်းချင်းနာခံကြလော့။
[22] ဇနီးသည်တို့၊ သခင်ဘုရားကိုနာခံသကဲ့သို့ မိမိ၏ခင်ပွန်းသည်ကို နာခံကြလော့။
[23] အကြောင်းမူကား ခရစ်တော်သည် အသင်းတော်တည်းဟူသောကိုယ်ခန္ဓာတော်၏ကယ်တင်ရှင်ဖြစ်တော်မူပြီး ထိုအသင်းတော်၏ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်သည်လည်း ဇနီးသည်၏ဦးခေါင်းဖြစ်၏။
[24] အသင်းတော်သည် ခရစ်တော်ကိုနာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ ခင်ပွန်းသည် ကိုနာခံကြရမည်။
[25] ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။
[26] ခရစ်တော်သည် ထိုသို့ပြုခြင်းမှာ ရေနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့် နှုတ်ကပတ်တော်၌ အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့်
[27] အစွန်းအထင်း၊ အတွန့်အရှုံ့မှစ၍ ထိုသို့သောအရာတစ်စုံတစ်ခုမျှမရှိဘဲ သန့်ရှင်း၍ အပြစ်အနာအဆာကင်းသည့် ဂုဏ်သရေရှိသောအသင်းတော်ကို မိမိအားဆက်သနိုင်ရန်အတွက်ဖြစ်၏။
[28] ထိုနည်းတူ ခင်ပွန်းသည်တို့သည်လည်း မိမိတို့၏ဇနီးသည်ကို မိမိတို့ကိုယ်ခန္ဓာကဲ့သို့ ချစ်ကြရမည်။ မိမိ၏ဇနီးသည်ကို ချစ်သောသူသည် မိမိကိုယ်ကိုချစ်သောသူဖြစ်၏။
[29] အကြောင်းမူကား မိမိကိုယ်ခန္ဓာကိုမုန်းသောသူဟူ၍ တစ်ယောက်မျှမရှိဖူးချေ။ ခရစ်တော်သည် အသင်းတော်အားပြုတော်မူသကဲ့သို့ လူတိုင်း မိမိကိုယ်ခန္ဓာကိုပြုစုပျိုးထောင်၍ ယုယမြတ်နိုးတတ်၏။
[30] အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
[31] ထိုအကြောင်းကြောင့် ယောက်ျားသည် မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။
[32] ဤအရာသည် အလွန်လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ ထိုသို့ဆိုသော် ခရစ်တော်နှင့်အသင်းတော်ကိုရည်ညွှန်း၍ ငါဆို၏။
[33] မည်သို့ပင်ဖြစ်စေ သင်တို့တစ်ဦးစီသည်လည်း မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့သည်လည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။