[1] သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော် ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။
[2] မြေကြီးပေါ်၌ရှိသောအရာတို့ကို မစွဲလမ်းဘဲ အထက်အရပ်၌ရှိသောအရာတို့ကို စွဲလမ်းကြလော့။
[3] အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
[4] သင်တို့ ၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
[5] ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
[6] ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
[7] သင်တို့သည်လည်း ယခင်က ထိုအရာတို့၌ အသက်ရှင်ကြစဉ် ထိုအရာတို့ထဲတွင် ကျင်လည်ခဲ့ကြ၏။
[8] ယခုမူကား သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသကြီးခြင်း၊ မလိုတမာဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်းနှင့် သင်တို့၏နှုတ်မှထွက်သည့် ညစ်ညမ်းရိုင်းစိုင်းသောစကား စသည့်အမှုအလုံးစုံတို့ကို ဖယ်ရှားကြလော့။
[9] အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍
[10] ဖန်ဆင်းတော်မူသောအရှင်၏ပုံသဏ္ဌာန်နှင့်အညီ စစ်မှန်သောအသိပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရသောလူသစ်ကို ဝတ်ဆင်ကြပြီဖြစ်၏။
[11] ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိ လူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။
[12] ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
[13] အချင်းချင်းသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးအပြစ်တင်စရာရှိလျှင် သခင်ဘုရား သည် သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ်ကြလော့။
[14] ဤအရာအားလုံးတို့အပေါ်၌ စုံလင်ခြင်း၏နှောင်ကြိုးဖြစ်သော ချစ်ခြင်းမေတ္တာကို ဝတ်ဆင်ကြလော့။
[15] သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။
[16] ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
[17] သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
[18] ဇနီးသည်တို့၊ သခင်ဘုရား၌ရှိသောသူနှင့်သင့်လျော်သည်နှင့်အညီ ခင်ပွန်းသည်ကို နာခံကြလော့။
[19] ခင်ပွန်းသည်တို့၊ ဇနီးသည်ကို ချစ်ကြလော့။ သူတို့အား ခါးခါးသီးသီးမဆက်ဆံကြနှင့်။
[20] သားသမီးတို့၊ အရာရာ၌ မိဘစကားကိုနားထောင်ကြလော့။ အကြောင်းမူကား ဤအရာသည် သခင်ဘုရားနှစ်သက်တော်မူသောအရာဖြစ်၏။
[21] ဖခင်တို့၊ သင်တို့၏သားသမီးများစိတ်ဓာတ်မကျစေရန် သူတို့ကိုစိတ်နာကြည်းအောင်မလုပ်ကြနှင့်။
[22] ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။
[23] သင်တို့လုပ်ဆောင်သမျှသောအရာကို လူတို့အတွက်လုပ်ဆောင်သကဲ့သို့မဟုတ်ဘဲ သခင်ဘုရားအတွက်လုပ်ဆောင်သကဲ့သို့ စိတ်နှလုံးပါလျက် လုပ်ဆောင်ကြလော့။
[24] သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသည်ဖြစ်၍ ဆုလာဘ်အဖြစ်အမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
[25] မတရားမှုပြုသောသူမူကား မိမိပြုသောမတရားမှု၏အကျိုးကို ခံစားရလိမ့်မည်။ ဤတွင် မျက်နှာလိုက်ခြင်းမရှိ။