[1] ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
[2] ဘုရားသခင်နှင့်ငါတို့၏သခင်ယေရှုကို သိခြင်းအားဖြင့် ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။
[3] ငါတို့ကို မိမိ၏ဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းထဲသို့ ခေါ်ယူတော်မူသောအရှင်ကို ငါတို့သိခြင်းအားဖြင့် ကိုယ်တော်၌ရှိသောဘုရားတန်ခိုးတော်သည် အသက်ရှင်ခြင်းနှင့်တကွ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့နှင့်ဆိုင်သော အရာခပ်သိမ်းတို့ကို ငါတို့အားပေးသနားတော်မူပြီ။
[4] ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။
[5] ဤအကြောင်းကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ ကောင်းမြတ်ခြင်း၌ အသိပညာကိုလည်းကောင်း၊
[6] အသိပညာ၌ မိမိကိုယ်ကိုချုပ်တည်းခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်၌မွေ့လျော်ခြင်းကိုလည်းကောင်း၊
[7] ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
[8] အကြောင်းမူကား ဤပါရမီများသည် သင်တို့၌ရှိ၍ တိုးပွားနေသည်ဆိုလျှင် သင်တို့သည် ငါတို့၏သခင်ယေရှုခရစ်တော်ကိုသိခြင်းအရာ၌ အကျိုးမရှိသောသူ၊ အသီးမသီးသောသူ ဖြစ်ကြလိမ့်မည်မဟုတ်။
[9] ထိုပါရမီများမရှိသောသူမူကား မျက်စိမမြင်သောသူ၊ အဝေးမှုန်သောသူဖြစ်ပြီး ယခင်ပြုခဲ့သောမိမိအပြစ်များ စင်ကြယ်စေခြင်းခံရသည်ကို မေ့လျော့နေ၏။
[10] ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်ယူတော်မူခြင်းနှင့်ရွေးကောက်တော်မူခြင်းကို တည်မြဲစေရန် သာ၍ကြိုးစားကြလော့။ အကြောင်းမူကား ထိုသို့ပြုနေသရွေ့ သင်တို့သည် မည်သည့်အခါမျှ မှားယွင်းကြမည်မဟုတ်။
[11] ထို့ပြင် ငါတို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားရသောအခွင့်ကို သင်တို့သည် ကြွယ်ဝစွာရရှိကြလိမ့်မည်။
[12] ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုဆော်ရန် ငါကြံရွယ်ထား၏။
[13] ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။
[14] အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။
[15] ဤလောကမှ ငါထွက်ခွာသွားပြီးနောက်တွင်လည်း ဤအကြောင်းအရာများကို သင်တို့အစဉ်အမြဲသတိရစေရန် ငါကြိုးစားမည်။
[16] အကြောင်းမူကား ငါတို့သည် ငါတို့သခင်ယေရှုခရစ်တော်၏တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ကို သင်တို့အားပြောပြသောအခါ ပါးနပ်စွာဖန်တီးထားသောဒဏ္ဍာရီများကို အသုံးပြုသည်မဟုတ်။ ငါတို့သည် ထိုအရှင်၏ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်မြင်တွေ့ရသူများဖြစ်ကြ၏။
[17] အကြောင်းမူကား ခမည်းတော်ဘုရားသခင်ထံမှ ဂုဏ်တော်နှင့်ဘုန်းတော်ကို ကိုယ်တော်ခံယူတော်မူစဉ် ကြီးမြတ်သောဘုန်းအသရေထဲမှ “ဤသူကား ငါချစ်သော ငါ့သားပေတည်း။ သူ့ကို ငါနှစ်သက်၏” ဟူသောအသံတော်သည် ကိုယ်တော်ထံသို့ရောက်ရှိလာ၏။
[18] ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိကြစဉ် ကောင်းကင်မှရောက်လာသော ထိုအသံတော်ကိုကြားရကြ၏။
[19] ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
[20] ကျမ်းစာ၌ပါသော ပရောဖက်ပြုဟောပြောချက်အားလုံးသည် လူတစ်ဦးတစ်ယောက်၏ကိုယ်ပိုင်အနက်ဖွင့်ဆိုချက်မဟုတ်ကြောင်း ဦးစွာသိမှတ်ရမည်။
[21] အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။