Skip to content
Opens in a new window
Listen to this chapter • 3:42

[1] ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​ကို​ခံစား​ရ​လျက် ဤ​အမှု​တော်​ကို​ဆောင်ရွက်​ရ​သည်​ဖြစ်၍ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ချေ။

[2] ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။

[3] ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် ဖုံးအုပ်​ခြင်း​ခံရ​သည်​ဆိုလျှင် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံးအုပ်​ခြင်း​ခံရ​၏။

[4] ထို​သူ​တို့​နှင့်​ပတ်သက်၍​ပြော​ရ​လျှင် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​သော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့် ကောင်းမြတ်​သော​သတင်း​၏​အလင်းရောင်​ကို​မ​မြင်​စေရန် ဤ​လောက​၏​ဘုရား​သည် မ​ယုံကြည်​သော​သူ​တို့​၏​စိတ်နှလုံး​ကို ကွယ်​စေ​၏။

[5] အကြောင်းမူကား ငါ​တို့​သည် မိမိ​တို့​အကြောင်း​ကို ဟောပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​သည် အရှင်​သခင်​ဖြစ်​ကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​တို့​ကိုယ်တိုင်​မူကား ယေရှု​အတွက် သင်​တို့​၏​အစေအပါး​များ​ဖြစ်​ကြ​၏။

[6] “အမှောင်​ထဲမှ အလင်း​ထွန်းလင်း​စေ” ​ဟု မိန့်​တော်မူ​သော​ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏​မျက်နှာ​တော်​၌​ထွန်းလင်း​သည့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အလင်းရောင်​အား ငါ​တို့​စိတ်နှလုံး​ထဲ၌ ထွန်းလင်း​စေ​တော်မူ​၏။

[7] သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။

[8] ငါ​တို့​သည် အဘက်ဘက်​မှ​နှိပ်စက်​ခြင်း​ခံရ​သော်လည်း ချေမှုန်း​ခြင်း​မ​ခံရ။ တွေးမရ​ဖြစ်​သော်လည်း မျှော်လင့်​ချက်​ကင်းမဲ့​သည်​ဟူ၍​မ​ရှိ။

[9] ညှဉ်းဆဲ​ခြင်း​ကို​ခံရ​သော်လည်း စွန့်ပစ်​ခြင်း​ကို​မ​ခံရ။ အလဲထိုး​ခံရ​သော်လည်း ဆုံးရှုံး​ခြင်း​သို့​မ​ရောက်။

[10] ယေရှု​၏ ​အသက်ရှင်​တော်မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်ခန္ဓာ​၌ ထင်ရှား​မည့်​အကြောင်း ယေရှု​၏​အသေခံ​တော်မူ​ခြင်း​ကို ငါ​တို့​ကိုယ်ခန္ဓာ​၌ အစဉ်​ဆောင်​ထား​ကြ​၏။

[11] ယေရှု​၏​အသက်ရှင်​တော်မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်ကာယ​၌ ထင်ရှား​မည့်​အကြောင်း အသက်ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေရှု​ကြောင့် သေ​ခြင်း​လက်​သို့ အစဉ်မပြတ်​အပ်နှံ​ခြင်း​ကို​ခံရ​ကြ​၏။

[12] ဤသို့ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အလုပ်လုပ်​လျက်​နေ​၍ အသက်ရှင်​ခြင်း​သည် သင်​တို့​၌​အလုပ်လုပ်​လျက်​နေ​၏။

[13] “ငါ​ယုံကြည်​သောကြောင့် ငါ​ဟောပြော​၏” ​ဟု ရေး​ထား​သည့်​အတိုင်း ထို​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​ဝိညာဉ်​တော်​ကို ငါ​တို့​ရရှိ​ကြ​သည်​ဖြစ်၍ ငါ​တို့​သည်​လည်း ယုံကြည်​သောကြောင့် ဟောပြော​ကြ​၏။

[14] အဘယ်ကြောင့်​ဆိုသော် သခင်​ယေရှု​ကို ထမြောက်​စေ​တော်မူ​သော​အရှင်​သည် ငါ​တို့​ကို​လည်း ယေရှု​နှင့်အတူ ​ထမြောက်​စေ​၍ သင်​တို့​နှင့်အတူ ရှေ့​တော်​သို့​ခေါ်သွင်း​တော်မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

[15] ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​အတွက်​ဖြစ်​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၌ ကျေးဇူး​တော်​သည်​တိုးပွား​လာ​သဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ကြွယ်ဝ​ပြည့်စုံ​စေ​မည့်အကြောင်း​တည်း။

[16] ထို့ကြောင့် ငါ​တို့​သည် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်ပ​လူ့​ခန္ဓာ​သည် ယိုယွင်း​ပျက်စီး​နေ​သော်လည်း ငါ​တို့​၏​အတွင်း​ဝိညာဉ်​မူကား တစ်​နေ့​ထက်​တစ်​နေ့ အသစ်​ပြုပြင်​ခြင်း​ကို​ခံရ​၏။

[17] အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။

[18] ထို့ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အရာ​တို့​ကို အာရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အရာ​တို့​ကို အာရုံစိုက်​ကြ​၏။ အကြောင်းမူကား မြင်​ရ​သော​အရာ​တို့​သည် ခဏ​သာ​တည်​၍ မ​မြင်​ရ​သော​အရာ​တို့​သည် ထာဝရ​တည်​၏။

ကောရိန္သုဩဝါဒစာဒုတိယစောင် — Chapters