Skip to content
Opens in a new window
Listen to this chapter • 3:09

[1] သို့သော် နောင်​လာ​မည့်​အချိန်​ကာလ​များ​၌ လူ​အချို့​တို့​သည် လှည့်ဖြား​သော​ဝိညာဉ်​များ​နှင့် နတ်ဆိုး​တို့​၏​သွန်သင်​ချက်​များ​ကို အာရုံစိုက်​လျက် ယုံကြည်​ခြင်း​ကို​စွန့်ခွာ​ကြ​လိမ့်မည်​ဟု ဝိညာဉ်​တော်​သည် အတိအလင်း​မိန့်​တော်မူ​၏။

[2] ထို​သွန်သင်ချက်​များ​သည် မိမိ​တို့​အသိစိတ်​ကို သံပူ​တံဆိပ်​ခတ်​ထား​ခြင်း​ခံရ​သည့် လိမ်လည်​သော​သူ​တို့​၏​သူတော်ကောင်း​ယောင်ဆောင်​မှု​အားဖြင့်​ဖြစ်​၏။

[3] သူ​တို့​သည် အိမ်ထောင်ပြု​ခြင်း​ကို​တားမြစ်​ကြ​၍ ယုံကြည်​သူ​နှင့်​သမ္မာတရား​ကို​သိ​သော​သူ​တို့​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​သုံးဆောင်​ရန်​အတွက် ဘုရားသခင်​ဖန်ဆင်း​ထား​သော​အစားအစာ​များ​ကို ရှောင်ကြဉ်​စေ​ကြ​လိမ့်မည်။

[4] အမှန်စင်စစ် ဘုရားသခင်​ဖန်ဆင်း​တော်မူ​သော​အရာ​ရှိသမျှ​သည် ကောင်း​သည်​ဖြစ်၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ဖြင့်​ခံယူ​လျှင် ပစ်ပယ်​ရ​မည့်​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။

[5] အကြောင်းမူကား ထို​အရာ​တို့​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ ဆုတောင်း​ခြင်း​အားဖြင့်​လည်းကောင်း သန့်ရှင်း​စေ​ခြင်း​ကို​ခံရ​ကြ​၏။

[6] ဤ​အကြောင်းအရာ​များ​ကို ညီအစ်ကို​တို့​အား​ညွှန်ပြ​လျှင် သင်​သည် ယုံကြည်​ခြင်း​နှင့်ဆိုင်သော​တရား​စကား​နှင့် သင်​လိုက်လျှောက်​သည့် ကောင်း​သော​သွန်သင်​ချက်​၏​တရား​စကား​တို့​ဖြင့် ပြုစု​ပျိုးထောင်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ယေရှု​၏​ကောင်း​သော​အစေခံ​ဖြစ်​လိမ့်မည်။

[7] သို့သော် ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အနှစ်သာရ​ကင်းမဲ့​သော ဒဏ္ဍာရီ​များ​ကို​ရှောင်ရှား​၍ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အတွက် သင့်ကိုယ်သင်​လေ့ကျင့်​ပေး​လော့။

[8] အကြောင်းမူကား ကိုယ်ခန္ဓာ​နှင့်ဆိုင်သော​လေ့ကျင့်​မှု​သည် အနည်း​အကျဉ်း​အကျိုး​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​မူကား ယခု​ဘဝ၊ နောင်​ဘဝ​နှင့်ဆိုင်သော ကတိ​တော်​ပါ​ရှိ​သည်​ဖြစ်၍ အလုံးစုံ​တို့​အတွက် အကျိုး​ရှိ​၏။

[9] ဤ​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။

[10] ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား ​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင် အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။

[11] ဤ​အရာ​တို့​ကို ညွှန်ကြား​လျက် သွန်သင်​လော့။

[12] သင်​၏​အသက်အရွယ်​နုပျို​ခြင်း​ကို မည်သူမျှ​မထီမဲ့မြင်​မ​ပြု​စေ​နှင့်။ အပြောအဆို​၌​လည်းကောင်း၊ အသက်ရှင်​နေထိုင်​မှု​၌​လည်းကောင်း၊ ချစ်​ခြင်း​မေတ္တာ​၌​လည်းကောင်း၊ ယုံကြည်​ခြင်း​၌​လည်းကောင်း၊ ဖြူစင်​သန့်ရှင်း​ခြင်း​၌​လည်းကောင်း ယုံကြည်​သော​သူ​တို့​အတွက် စံနမူနာ​ဖြစ်​လော့။

[13] ငါ​လာ​သည့်​တိုင်အောင် ကျမ်းစာ​ဖတ်ကြား​ခြင်း၊ တိုက်တွန်း​အားပေး​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို ဂရုစိုက်​လုပ်ဆောင်​လော့။

[14] အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။

[15] သင်​၏​တိုးတက်​မှု​သည် လူ​အပေါင်း​တို့​ရှေ့၌​ထင်ရှား​ရန် ထို​အမှုအရာ​များ​ကို ကြိုးစား​အားထုတ်​၍ ၎င်း​တို့​၌ မိမိ​ကိုယ်​ကို​နှစ်မြှုပ်​ထား​လော့။

[16] သင့်ကိုယ်သင်​သော်လည်းကောင်း၊ သင်​၏​သွန်သင်​ချက်​ကို​သော်လည်းကောင်း ဂရုစိုက်​၍ ထို​သွန်သင်ချက်​တို့​၌ အမြဲ​တည်​နေ​လော့။ အကြောင်းမူကား သင်​သည် ထိုသို့​ပြု​ခြင်း​ဖြင့် သင့်ကိုယ်သင်​နှင့် သင့်​ကို​နားထောင်​သော​သူ​တို့​ကို ကယ်တင်​လိမ့်မည်။

တိမောသေဩဝါဒစာပဌမစောင် — Chapters