Skip to content
Opens in a new window
Listen to this chapter • 2:30

[1] ပေါလု၊ သိလွာနု​နှင့် တိမောသေ​တို့​သည် ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​၌​တည်​သော သက်သာလောနိတ်​မြို့သား​တို့​၏​အသင်းတော်​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော် ​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။

[2] ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ

[3] သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။

[4] ဘုရားသခင်​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ သင်​တို့​သည် ရွေးကောက်​တော်မူ​ခြင်း​ခံရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

[5] အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

[6] သင်​တို့​သည်​လည်း များစွာ​သော​ဆင်းရဲ​ဒုက္ခ​ထဲ၌ သန့်ရှင်း​သော​ဝိညာဉ်​တော်​ထံမှ​ရရှိ​သော​ဝမ်းမြောက်​ခြင်း​ဖြင့် နှုတ်ကပတ်တော်​ကို​လက်ခံ​၍ ငါ​တို့​နှင့်​သခင်​ဘုရား​ကို အတုယူ​သူ​များ​ဖြစ်​ကြ​၏။

[7] ဤသို့ဖြင့် သင်​တို့​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​၌​ရှိ​သော ယုံကြည်​သူ​အားလုံး​အတွက် စံနမူနာ​ဖြစ်​ကြ​၏။

[8] အဘယ်ကြောင့်​ဆိုသော် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် သင်​တို့​ထံမှ မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​သို့ ပဲ့တင်ထပ်​သွား​ခဲ့​သည်​သာမက ဘုရားသခင်​အပေါ်​၌​ရှိ​သော သင်​တို့​၏​ယုံကြည်​ခြင်း​အကြောင်း​သည်​လည်း နေရာ​အနှံ့​သို့ ပျံ့နှံ့​လေ​ပြီ​ဖြစ်​သောကြောင့် ငါ​တို့​၌​ပြော​စရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။

[9] အကြောင်းမူကား သင်​တို့​သည် ငါ​တို့​ကို မည်ကဲ့သို့​လက်ခံ​ကြ​သည်​ကို​လည်းကောင်း၊ အသက်ရှင်​တော်မူ​၍​စစ်မှန်​သော​ဘုရားသခင်​ကို အစေခံ​ရန်​နှင့်

[10] ကျရောက်​လာ​မည့်​အမျက်​တော်​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​သည့် ယေရှု​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​သား​တော်​သည် ကောင်းကင်​ဘုံ​မှ​ကြွလာ​တော်မူ​မည်​ကို စောင့်မျှော်​ရန် သင်​တို့​သည် ရုပ်တု​များ​ကို​စွန့်​၍ ဘုရားသခင်​ထံ မည်ကဲ့သို့​ပြောင်းလဲ​လာ​ကြ​သည်​ကို​လည်းကောင်း သူ​တို့​ကိုယ်တိုင်​ပြောကြား​ကြ​၏။

သက်သာလောနိတ်ဩဝါဒစာပဌမစောင် — Chapters