Skip to content
Opens in a new window
Listen to this chapter • 5:06

[1] ယုံကြည်အားနည်းသော သူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏။

[2] အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။

[3] အမျိုးမျိုးကို စားသောသူသည် မစားသောသူကို မထီမဲ့မြင် မပြုစေနှင့်။ မစားသောသူသည်လည်း၊ စားသော သူကိုမစစ်ကြောမစီရင်စေနှင့် အကြောင်းမူကား၊ ဘုရားသခင်သည် သူ့ကိုလက်ခံတော်မူပြီ။

[4] သူတပါးပိုင်သော လူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည်မိမိသခင်စီရင်သော အားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏။ သူသည်အပြစ်လွတ်ခြင်းသို့ရောက်လိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် သူ၏ အပြစ်ကို လွှတ်ခြင်းငှါ တတ်နိုင်တော်မူ၏။

[5] နေ့ရက်တရက်ထက်တရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်းမိမိ စိတ်သဘောကျပါစေ။

[6] နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရားကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသောသူသည်သခင်ဘုရားကို ထောက်သောစိတ်နှင့် စား၍ ကျေးဇူးတော်ရှိသည်ဟု ဝန်ခံ၏။ မစားသော သူသည်လည်း၊ သခင်ဘုရားကို ထောက်သောစိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။

[7] ငါတို့တွင် အဘယ်သူမျှကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှကိုယ်အဘို့အလို့ငှါမသေ။

[8] အသက်ရှင်လျှင်၊ သခင်ဘုရားအဘို့ အလိုငှါ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရား အဘို့အလိုငှါ သေ၏။ ထိုကြောင့်အသင်ရှင်သည်ဖြစ်စေ၊ သေသည် ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။

[9] အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသော သူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန် တော်မူ၏။

[10] သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်။

[11] ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

[12] သို့ဖြစ်၍၊ ငါတို့ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံရကြမည်။

[13] ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြောမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့်မရှိစေမည်အကြောင်း သာ၍ စီရင်ကြကုန်အံ့။

[14] အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏။

[15] သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကို မကျင့်။ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကိုသင်၏ အစာအားဖြင့် အကျိုး မနည်းစေနှင့်။

[16] သင်တို့သည် အခွင့်သည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်းမရှိစေနှင့်။

[17] ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။

[18] ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင့်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့ တွင် ချီးမွမ်းဘွယ်ဖြစ်၏။

[19] ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်၎င်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်၎င်း ယှဉ်သောအရာတို့ကို မှီအောင်လိုက်ကြကုန်အံ့။

[20] ဘုရားသခင်၏ အမှုတော်ကို သင်၏အစာအလိုငှါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာအကြောင်းနှင့် စားသော သူသည်အပြစ်ရှိ၏။

[21] အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍၊ ညီအစ်ကိုထိမိ၍ လဲစရာအကြောင်း၊ မှားယွင်း စရာအကြောင်း၊ အားနည်းစရာအကြောင်းများကို ရှောင်အပ်၏။

[22] သင်သည်ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင့်ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏။

[23] ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။

ရောမဩဝါဒစာ။ — Chapters