[1] ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။
[2] ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
[3] ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသော အရာထဲက မဖြစ်ဘဲ၊ လောကဓာတ်တို့သည် ဘုရားသခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
[4] အာဇေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အားပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင်တရားဟောသေး၏။
[5] ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန် မပေါ်မရှိ။ သူသည်ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
[6] ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
[7] နောဧသည်မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်း အားဖြင့် ကြောက်ရွံ့လာသောစိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
[8] အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူ သောအခါ၊ သူသည်အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။
[9] သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ယုံကြည်ခြင်း အားဖြင့် ဧည့်သည်ဖြစ်၍နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဘော်အဘက်တည်းဟူသော ဣဇာက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။
[10] အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကိုမြော်လင့် သတည်း။
[11] သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။
[12] သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာကမ်းနား၌မရေတွက်နိုင်သောသဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ် သတည်း။
[13] ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။
[14] ထိုသို့ဝန်ခံသောသူတို့သည် မိမိတို့အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်းပြောဆိုကြ၏။
[15] ထိုသူတို့သည် အထက်ကထွက်သွားသော ပြည်ကို အောက်မေ့သည်မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသော အခွင့်ရှိကြ၏။
[16] ထိုပြည်ကိုမအောက့်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်း ရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ ဘုရား ဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာ ဘို့မြို့ ကို တည်ထောင်တော်မူပြီ။
[17] အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။
[18] ဣဇာက်၌သာသင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို ခံရသော သူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။
[19] ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။
[20] ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ ကိုအမှတ်ပြု၍ ယာကုပ်နှင့်ဧသောကို ကောင်းကြီးပေး၏။
[21] ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ၊ ယုံကြည်ခြင်း အားဖြင့်ယောသပ်၏ သားနှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။
[22] ယောသပ်သည်သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားတို့၏ ထွက်မြောက် ခြင်းအရာကိုပြ၍၊ မိမိအရိုးတို့၏ အကြောင်းကိုမှာ ထားလေ၏။
[23] မောရှေကို ဘွားမြင်ပြီးမှ အဆင်းလှသော သူငယ်ဖြစ်သည်ကို မိဘတို့သည်မြင်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ရှင်ဘုရင်အမိန့်တော်ကို မကြောက်ဘဲ သုံးလပတ်လုံးသူ့ကို ဝှက်ထားလေ၏။
[24] မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
[25] အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖါရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။
[26] အကြောင်းမူကား၊ နောက် ရလတံ့သောအကျိုးကို ထောက်စာမြော်လင့်လျက်နေ၏။
[27] ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူ ကား၊ မျက်မြင်မရသော ဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။
[28] သားဦးများကို ဖျက်ဆီးသောသူသည် ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ အသွေးဖြန်းဆွတ်ခြင်းကို၎င်း စောင့်လေ၏။
[29] ဣသရေလလူတို့သည် ကုန်းကြောင်းသွား သကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ဧဒုံပင်လယ်အလယ်၌ ရှောက်သွားရကြ၏။ ထိုသူတို့ နည်းတူအဲကုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။
[30] ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍ လှည့်ပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။
[31] ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့် အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
[32] ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။
[33] ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း၊
[34] မီးအရှိန်ကိုငြိမ်းစေခြင်း တားလက်နက်ဘေးနှင့်ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့်ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။
[35] မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။
[36] အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်း ကို ခံရကြ၏။
[37] ကျောက်ခဲနှင့်ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖြတ်ခြင်း၊ စုံစမ်းနှောင့်ရှက်ခြင်း၊ ထားလက်နက်နှင့် ကွပ် မျက်ခြင်းခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ၊ ဆိတ်ရေကို ဝတ်၍ လှည့်လည် ရကြ၏။
[38] ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏။
[39] ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။
[40] အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဘို့ အလိုငှါ သာ၍မြတ်သော ကျေးဇူးကိုကြံစည်တော်မူ၏။