Skip to content
Opens in a new window
Listen to this chapter • 6:15

[1] ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။

[2] အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊

[3] အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။

[4] သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။

[5] သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊

[6] ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။

[7] သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ။

[8] ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။

[9] တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။

[10] ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။

[11] ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊

[12] သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။

[13] ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။

[14] အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊

[15] မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။

[16] ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ်၏။

[17] ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။

[18] ထိုသူတို့သည် ဥာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။

[19] ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။

[20] ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊

[21] အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊

[22] စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊

[23] သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊

[24] ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။

[25] ထိုကြောင့်မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်းတယောက်နှင့် တယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။

[26] အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။

[27] အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။

[28] ခိုးတတ်သောသူသည် နောက်တဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှါ၊ မိမိ လက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။

[29] ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။

[30] ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။

[31] ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။

[32] အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။

ဧဖက်ဩဝါဒစာ။ — Chapters