Skip to content
Opens in a new window
Listen to this chapter • 4:59

[1] ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။

[2] သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။

[3] ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့၊

[4] စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။

[5] ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။

[6] လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။

[7] ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အားပေးသနား တော်မူ ပါစေသော။

[8] ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသောဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။

[9] ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။

[10] ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ၏။

[11] သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။

[12] သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။

[13] ငါတို့သည်မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။

[14] ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။

[15] သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။

[16] တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။

[17] သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။

[18] သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။

[19] သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။

[20] ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။

[21] သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။

[22] လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။

[23] မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။

[24] သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။

[25] ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊

[26] မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။

တိမောသေဩဝါဒစာဒုတိယစောင်။ — Chapters