Skip to content
Opens in a new window
Listen to this chapter • 5:04

[1] အသက်ကြီးသောသူကို ကျပ်တည်းစွာ မဆုံးမနှင့်။ အဘကဲ့သို့ မှတ်၍ တောင်းပန်လော့။ လူပျိုတို့ကို ညီအစ်ကိုကဲ့သို့၎င်း၊

[2] အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့၎င်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သော အခြင်းအရာနှင့် တကွ၊ နှမကဲ့သို့၎င်း မှတ်၍ကျင့်လော့။

[3] မုတ်ဆိုးမအမှန်ဖြစ်သော မိန်းမတို့ကို မစလုပ်ကျွေးလော့။

[4] သားမြေးရှိသော မုတ်ဆိုးမဖြစ်လျှင်၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ်လျက်၊ မိမိအိမ်ကို ပြုစု၍ မိဘဘိုးဘွား၌ ကျေးဇူးဆပ်ခြင်းငှါ သင်ကြစေ။ ထိုအမှုသည် ဘုရားသခင်နှစ်သက်တော်မူ သောအမှုဖြစ်၏။

[5] မုတ်ဆိုးမအမှန်ဖြစ်၍ တယောက်တည်းကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ညဉ့်မပြတ် တည်နေတတ်၏။

[6] ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။

[7] ထိုသူတို့ကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ ဤသို့ ပညတ်ထားလော့။

[8] မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်း တရားကို ငြင်းပယ်၏။ မယုံကြည်ဘူးသော သူထက်သာ၍ ယုတ်မာ၏။

[9] မုတ်ဆိုးမသည် အသက်ခြောက်ဆယ်မပြည့်လျှင်၊ စာရင်းအင်း မဝင်စေနှင့်။ လင်တယောက်တည်း ရှိဘူးသောသူ၊

[10] ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။

[11] အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့ကို ပယ်လော့။ အကြောင်းမူကား၊ ထိုသူတို့သည် ခရစ်တော်၏ ဆုံးမခြင်းကို သည်းမခံ။ အိမ်သင့်ခြင်း ငါအလိုရှိလျှင်၊

[12] အရင်သစ္စာကို ဖျက်သောကြောင့် အပြစ်သင့်ခြင်းသို့ ရောက်ကြလိမ့်မည်။

[13] ထိုမှတပါး၊ တအိမ်မှတအိမ်သို့လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။

[14] ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဘွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှါ ငါအလိုရှိ၏။

[15] အကြောင်းမူကား၊ ယခုပင်အချို့တို့သည် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်သွားကြပြီ။

[16] ယုံကြည်သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမရှိလျှင်၊ ကိုယ်တိုင်လုပ်ကျွေးစေ။ သို့ပြုလျှင်၊ အမှန်ဖြစ် သော မုတ်ဆိုးမတို့ကို အသင်းတော်သည် အနှောင့်အရှက်မရှိစေဘဲ လုပ်ကျွေးနိုင်လိမ့်မည်။

[17] ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။

[18] အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။

[19] သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။

[20] ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ၍ ဆုံးမလော့။

[21] ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။

[22] အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။

[23] သင်၏ရင်ထဲ၌ အကျိုးဖြစ်စေခြင်းငှါ၎င်း၊ မကြာမကြာခံရသော ရောဂါကြောင့်၎င်း၊ ယခုမှစ၍ ရေကိုသာ မသောက်ဘဲ၊ စပျစ်ရည်အနည်း ငယ်ကိုသုံးလော့။

[24] အချို့သော သူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍၊ အပြစ်စီရင်ခြင်းသို့ အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။

[25] ထိုနည်းတူ၊ အချို့သောသူတို့၏ သုစရိုက်သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက်၍မထားနိုင်။

တိမောသေဩဝါဒစာပဋ္ဌမစောင်။ — Chapters