[1] ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ရာသင်တို့ သည်လည်းကိုယ်တော်၏ခံယူချက်မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယဝေဒနာခံပြီးသူသည် အပြစ်ဒုစရိုက်နှင့်ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။-
[2] သို့ဖြစ်၍ဤလောကတွင်သင်တို့အသက်ရှင် ရန်ကြွင်းကျန်သေးသည့်အချိန်ကာလ၌ လူတို့တပ်မက်ခြင်းစိတ်ဆွဲဆောင်ရာသို့ မလိုက်ဘဲဘုရားသခင်၏အလိုတော်ကို လိုက်၍အသက်ရှင် ရကြမည်။-
[3] လွန်ခဲ့သည့်ကာလကသင်တို့သည်မယုံကြည် သူများပြုကျင့်သကဲ့သို့အတန်ကြာစွာ ပြုမူကျင့်ကြံခဲ့ကြ၏။ မပြုသင့်မပြုထိုက်သည် ကိုပြုမူခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သေသောက်ကြူးခြင်း၊ ပျော်ရွှင်မြူးတူးခြင်း၊ သေသောက်ပွဲများကျင်းပခြင်းနှင့်လွန်စွာ မနှစ်မြို့အပ်သည့်ရုပ်တုကိုးကွယ်ခြင်းတို့ တွင်ပါဝင်ခဲ့ကြ၏။-
[4] ယခုမှာမူသင်တို့သည်မယုံကြည်သူတို့နှင့် အတူယင်းသို့အပျော်ကြူး၍ စည်းမဲ့ကမ်းမဲ့ သက်ရှင်လှုပ်ရှားမှုများတွင်မပါဝင်ကြတော့ပေ။ သို့ဖြစ်၍သူတို့သည်အံ့သြလျက် သင်တို့ကို စော်ကားပြောဆိုကြ၏။-
[5] ဤသို့ပြုကြသည့်အတွက်သူတို့သည် အသက်ရှင်သူနှင့်သေသူများအား တရားစီရင်ရန် အသင့်ရှိနေတော်မူသောဘုရားသခင်၏ ထံတော်၌စစ်ဆေးစီရင်ခြင်းကိုခံရလတ္တံ့။-
[6] ဤအကြောင်းကြောင့်သေလွန်သူတို့သည် ဘုရားသခင်ဝိညာဥ်အားဖြင့်အသက်ရှင်နိုင်ကြစေရန် သူတို့အားသတင်းကောင်းကိုကြေညာရခြင်း ဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့်အသက်ရှင်စဥ်အခါက လူတိုင်းနည်းတူအပြစ်စီရင်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။
[7] အမှုအရာခပ်သိမ်းတို့အတွက်နောက်ဆုံးသော အချိန်နီးကပ်လာပြီဖြစ်၍ သင်တို့သည် ဆုတောင်းနိုင်ကြရန် မိမိတို့၏စိတ်ကိုထိန်းချုပ် လျက်နိုးနိုးကြားကြားရှိရကြမည်။-
[8] အထူးသဖြင့်အချင်းချင်းအားအမှန်တကယ်ချစ်ရ ကြမည်။ အဘယ်ကြောင့်ဆိုသော်မေတ္တာ သည် များစွာသော အပြစ်တို့ကိုဖုံးအုပ်စေနိုင်သောကြောင့်ဖြစ်၏။-
[9] သင်တို့သည်မညည်းမညူဘဲအချင်းချင်းအား ကျေပွန်စွာဧည့်ဝတ်ပြုကြလော့။-
[10] သင်တို့အားလုံးပင်လျှင်ဝိညာဥ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက် အသုံးပြုကြလော့။-
[11] တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ဘုန်းအသရေထွန်းလင်းလိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာ အဆက်ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
[12] ချစ်ဆွေတို့၊ သင်တို့၏ယုံကြည်ခြင်းကိုစစ်ဆေး ရန်အတွက် ယခုသင်တို့ပြင်းပြစွာ စုံစမ်းနှောင့်ယှက်ခြင်းကိုခံနေရကြသည်ကို မအံ့သြကြနှင့်။ ထိုအမှုအရာများသည် သင်တို့ အတွက်မထူးဆန်းပေ။-
[13] အံ့သြနေမည့်အစားသင်တို့သည်ခရစ်တော် ၏ဝေဒနာတော်များကိုကိုယ်တော်နှင့်အတူ ပါဝင်ခံစားရကြသဖြင့်ဝမ်းမြောက်ကြလော့။ သို့မှသာကိုယ်တော်၏ဘုန်းအသရေတော် ပေါ်လွင်ထင်ရှားသောအခါသင်တို့သည်အလွန် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။-
[14] သင်တို့သည်ခရစ်တော်၏တပည့်များဖြစ်သောကြောင့်စော်ကားခြင်းခံရသောအခါ မင်္ဂလာရှိ ကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ခံရသော အချိန်၌ ဘုရားသခင်၏ဝိညာဥ်တော် တည်းဟူသော ဘုန်းအသရေတော်နှင့်ပြည့်ဝသည့်ဝိညာဥ်တော်သည် သင်တို့အပေါ်သို့ သက်ရောက်လျက်နေတော်မူ သောကြောင့်ဖြစ်၏။-
[15] သင်တို့တွင်မည်သူတစ်စုံတစ်ယောက်မျှလူသတ်မှု၊ ခိုးမှု၊ ရာဇဝတ်မှုသို့မဟုတ်သူတစ်ပါး ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်မှုဖြင့်ပြစ်ဒဏ်မခံရစေနှင့်။-
[16] သို့ရာတွင်ခရစ်ယာန်ဖြစ်သောကြောင့်ပြစ်ဒဏ်ခံရ ပါမူကားရှက်စရာအကြောင်းမရှိ။ ခရစ်တော်၏နာမကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်း၏။
[17] တရားစီရင်တော်မူရာအချိန်သည်ကျရောက် လာလေပြီ။ ဘုရားသခင်၏လူစုတော်ဝင်တို့သည် တရားစီရင်တော်မူခြင်းကိုပထမ ဦးစွာခံရကြမည်။ ငါတို့သည်ဦးစွာတရား စီရင်တော်မူခြင်းခံရကြလျှင် ဘုရားသခင်၏သတင်းကောင်းကိုမယုံကြည်သူတို့မည်သို့ ဖြစ်လိမ့်မည်နည်း။-
[18] ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ * “အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူ ဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း”
[19] သို့ဖြစ်၍ဘုရားသခင်၏အလိုတော်နှင့်အညီ ဆင်းရဲခံရကြသူတို့သည်အကျင့်ကောင်းကိုပြုလျက် မိမိတို့အားဖန်ဆင်းတော်မူ၍သစ္စာ တည်တော်မူသောအရှင်၏လက်တော်သို့မိမိ တို့ကိုယ်ကိုအပ်နှံကြစေ။